#World_News
Published 13 March 2024


ယူကရိန်းစစ်ပွဲကို အခြေအနေ ပိုမိုဆိုးရွားစေနိုင်ပြီး နေတိုး(NATO)အဖွဲ့အစည်းဆီကိုပါ စစ်ပွဲပျံ့နှံ့လာစေနိုင်တဲ့ မည်သည့်လုပ်ရပ်မဆို ရှောင်ရှားရမယ်လို့ တူရကီသမ္မတ တေယစ်ပ်အာဒိုဂန်က အင်္ဂါနေ့မှာ သတိပေးလိုက်ကာ ယခုလရွေးကောက်ပွဲအပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဧည့်ခံတွေ့ဆုံသွားမယ်လို့ ဆိုလိုက်ပါတယ်။

 

နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ တူရကီနိုင်ငံဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထောက်ခံသလို ရုရှားနဲ့လည်း ဆက်ဆံရေးကောင်း ထိန်းသိမ်းထားပြီး ပဋိပက္ခအတွင်း နှစ်ဖက်စလုံးနဲ့ ပုံမှန်ဆက်ဆံနေပါတယ်။

 

ယူကရိန်းကို စစ်ရေးနဲ့ နိုင်ငံရေးကူညီမှုများ ထောက်ပံ့နေသလို ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ကန့်ကွက်ခဲ့ပါတယ်။

 

တူရကီသမ္မတက မြို့တော်အန်ကာရာမှာ နိုင်ငံခြားသံအမတ်များနဲ့ ညစာစားစဥ် ပြောကြားရာမှာ ယင်းကြားဝင်ညှိနှိုင်းပေးခဲ့ပြီး အရာမထင်ခဲ့တဲ့ ပင်လယ်နက်ဂျုံစပါး သဘောတူညီမှုကို ပြန်လည်အသက်သွင်းရန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ထောက်ခံသလို ရုရှားမပါဝင်ဘဲ ငြိမ်းချမ်းရေး စီစဥ်နေတာတွေက အရာရောက်မှာ မဟုတ်ဘူးလို့ ပြောပြသွားပါတယ်။

 

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ပြီးခဲ့တဲ့ရက်သတ္တပတ်က အစ္စတန်ဘူလ်သို့ သွားရောက်ခဲ့ပြီး အာဒိုဂန်က ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးပွဲ လက်ခံကျင်းပရန် ကမ်းလှမ်းလိုက်ပါတယ်။

 

ပူတင်ကလည်း မတ်လရွေးကောက်ပွဲများအပြီး တူရကီသို့ လာရောက်ဖွယ်ရှိပါတယ်။

 

တူရကီက ၂၀၂၂ ခုနှစ်မှာ ရုရှားနဲ့ ယူကရိန်းတို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လက်ခံကျင်းပခဲ့ပေမယ့် အခြေအနေကို တိုးတက်စေမယ့် သံတမန်ရေးရာ ခြေလှမ်းများ မတွေ့ခဲ့ရဘူးလို့ ဆိုခဲ့ပါတယ်။

 

တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖိုင်ဒန်က နှစ်ဖက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးအကြောင်း ဆွေးနွေးဖို့ စဥ်းစားသင့်ပြီဖြစ်ပေမယ့် ရုရှားသိမ်းပိုက်ထားတာတွေကို အသိအမှတ်ပြုတဲ့ သဘောမဟုတ်ကြောင်း ပြောပြသွားပါတယ်။

 

#World_News #ပိုမိုဆိုးရွားလာ #တူရကီသမ္မတသတိပေး #Source: Reuters