#DailyNews
Published_ 13 February 2023
၁။ မြူတွေပိတ်နေတဲ့အတွက် ဒလပန်းဆိုးတန်း လူကူးကူးတို့ဆိပ် အချိန်ပိုင်းခေတ္တပိတ်ထား
၂။ မနက်ခင်းပိုင်းအေးလာ၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့် တုပ်ကွေးများအဖြစ်များနေ
၃။ ရန်ကုန်ရွှေဈေးကွက်မှာ အရောင်းသာရှိပြီးအဝယ်မရှိ
၄။ ပြင်သစ်နိုင်ငံထုတ် TGV နှစ်ထပ်ရထားသစ်ကြီး စမ်းသပ်မောင်းနှင်ရန် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Science
Published 13 February 2023
တူရကီနဲ့ဆီးရီးယားတို့မှာ ၇.၈ ပြင်းအားအဆင့်ရှိ မြေငလျင်လှုပ်ခတ်ကာ လူပေါင်းသောင်းချီသေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ နောက်ထပ်ငလျင်ကြီးတွေ လှုပ်ခတ်မယ့်နေရာအချိန်တို့ကို ခန့်မှန်းပေးနိုင်မယ့် ပုံစံအသစ်တစ်ခုကို ထုတ်လုပ်လိုက်ကြပါတယ်။
နော့သ်ဝက်စ်တန်းတက္ကသိုလ်မှ မြေငလျင်ပညာရှင်အဖွဲ့နဲ့ စာရင်းအင်းပညာရှင်အဖွဲ့တို့မှ တီထွင်ထားတဲ့ အဆိုပါပုံစံအသစ်ဟာ ယခင်ငလျင်တွေတုန်းကလို ပျမ်းမျှအချိန်ပေါ် တွက်ချက်ခြင်းထက် ပြီးခဲ့တဲ့ငလျင်တွေရဲ့ သီးခြားလှုပ်ခတ်မှုအချိန်ကိုက်တို့ကို ထည့်သွင်းစဉ်းစားပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။
မြေကြီးထဲရှိ ကျောက်တုံးအစိုင်အခဲများကွဲအက်ခြင်းကြောင့် ငလျင်လှုပ်ခတ်ရာမှာ လုံးဝပြီးစီးတာမျိုးမဟုတ်ဘဲ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာလည်း နောက်ထပ်ငလျင်များ လှုပ်ခတ်နိုင်ပါသေးတယ်။
မျှော်မှန်းထားတာထက် သိပ်မကြာခင် ဒါမှမဟုတ် အနည်းငယ်ကြာပြီးနောက် ငလျင်များလှုပ်ခတ်နိုင်ပါတယ်။
ပျမ်းမျှအချိန်ကို ခန့်မှန်းထာထက်စာရင် ငလျင်သမိုင်းကြောင်းတစ်ခုလုံးကို ထည့်သွင်းစဉ်းစားမှ လာမယ့်ငလျင်တွေကို ကြိုတင်ခန့်မှန်းနိုင်မှာဖြစ်ကြောင်း Earth and Planetary Sciences မှ ပရော်ဖက်ဆာ'ဆက်သ်စတိုင်း'က ဆိုပါတယ်။
ပြင်းအား ၇.၈ ရှိတဲ့ငလျင်ဟာ တနင်္လာနေ့က တူရကီ ဂါဇန်တက်ပ်မြို့ကနေ ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ပြင်းအား ၆.၇ ရှိ နောက်ဆက်တွဲလှုပ်ခတ်မှု ပါလာခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့အထိ အသေအပျောက်စာရင်းက တူရကီမှာ ၁၆,၀၀၀ ကျော်နဲ့ ဆီးရီးယားမှာ ၃,၀၀၀ ကျော်ရှိနေပါတယ်။
ကမ္ဘာ့မြေမျက်နှာပြင်ကို ဖွဲ့စည်းထားတဲ့ ကျောက်တုံးအပိုင်းအစတွေ ရွေ့လျားတဲ့အချိန် မြေငလျင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
တူရကီနိုင်ငံက ကျောက်တုံးကွဲအက်ကြောင်းတွေပေါ်မှာ အဓိကတည်ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ငလျင်ဒဏ်အခံရဆုံးတစ်နေရာထဲမှာ ပါဝင်နေပါတယ်။
အခုထုတ်လုပ်လိုက်တဲ့ပုံစံအသစ်က မိုးလေဝသနဲ့ ဇလဗေဒပညာရှင်တွေအတွက် ငလျင်ကြီးတွေကို ခန့်မှန်းရာမှာ အသုံးဝင်လာဖွယ်ရှိမယ်လို့ မျှော်လင့်ထားကြပါတယ်။
အမေရိကန်က ဘူမိဗေဒစစ်တမ်းအရ အဓိကငလျင်ကြီးတွေကို ဘယ်တော့မှ မခန့်မှန်းနိုင်သလို အနာဂတ်မှာလည်း မှန်းဆနိုင်မှာမဟုတ်ကြောင်း ဆိုထားပါတယ်။
သူတို့ရဲ့အဆိုအရ ငလျင်တစ်ခုဟာ နှစ်ကာလအပိုင်းအခြားတစ်ခုခုမှာ လှုပ်ခတ်မယ်ဆိုတာကိုပဲ ခန့်မှန်းနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 13 February 2023
အလုပ်သို့သွားနေချိန်နဲ့ ကလေးကို ကျောင်းပို့တဲ့အချိန်တွေဟာ တစ်နေ့တာအတွင်း စိတ်ဖိစီးမှုအများဆုံးအချိန်တွေဖြစ်တယ်လို့ စစ်တမ်းကောက်ယူရရှိထားပါတယ်။
ယူကေရှိ လူ ၂ ထောင်ရဲ့အဖြေတွေကို ပျမ်းမျှတွက်ကြည့်တဲ့အခါ မနက် ၇ နာရီ ၂၃ မိနစ်က တစ်နေ့တာရဲ့ စိတ်ဖိစီးမှုအများဆုံးအချိန် ဖြစ်နေပါတယ်။
နေ့တစ်နေ့အတွင်း စိတ်ဖိစီးမှုဖြစ်စရာအကောင်းဆုံး အဖြစ်အပျက် ၅၀ ကိုလည်း အစဉ်လိုက်မေးမြန်းခဲ့ကြရာ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ကော်ဇောပေါ်တစ်ခုခုဖိတ်ကျခြင်း၊ အိပ်ရာထနောက်ကျခြင်းတို့က ထိပ်ဆုံး ၅ နေရာမှာ ပါဝင်နေပါတယ်။
စစ်တမ်းများအရ လူတွေဟာ နေ့စဉ် စိတ်ဖိစီးစရာအဖြစ်အပျက် ၃ မျိုးကြုံတွေ့ရပါတယ်။
ညဘက်အိပ်ချိန်နည်းတဲ့အခါ နောက်တစ်နေ့လုံးအဆင်မပြေတာမျိုး၊ တစ်နေ့တာအတွင်း အခက်အခဲတွေကြုံတွေ့ရတဲ့အခါ ညဘက်အိပ်မပျော်တာမျိုး ကြုံတွေ့ကြရကြောင်း ယူကေအခြေစိုက် Rescue Remedy ကုမ္ပဏီမှ အကြီးအကဲ'ဇူဇာနာဘက်စ်တီကိုဗာ'က ပြောကြားခဲ့ပါတယ်။
စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ပင်ပန်းနွမ်းနယ်ခြင်းက ၄၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှာရှိနေပြီး ညဘက်ကောင်းစွာအိပ်မပျော်ခြင်းက ၃၆ ရာခိုင်နှုန်း၊ လုပ်ငန်းခွင်မှာ အလုပ်ရှုပ်ခြင်းက ၃၃ ရာခိုင်နှုန်းရှိကြပါတယ်။
စိတ်ဖိစီးမှုဖြစ်ပြီးနောက် လူတွေဟာ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ ခံစားကြရပါတယ်။
ဒါ့အပြင် သူတို့ဟာ တစ်ချိန်တည်းမှာပဲ အကြောင်းအရာ ၅ မျိုးလောက် စိတ်ထဲပူပန်တတ်ကြပြီး ၁၆ ရာခိုင်နှုန်းသောလူတွေက သူများတွေထက် စိတ်ဖိစီးစရာတွေ ပိုမိုကြုံတွေ့ရတယ်လို့ ဆိုကြပါတယ်။
စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကနေ ရင်ဆိုင်မလား ရှောင်ဖယ်မလားဆိုတဲ့တုန့်ပြန်မှုကို လှုံ့ဆော်ပေးပါတယ်။
ဒီနောက် အက်ဒရီနယ်လင်ဟော်မုန်းများလာကာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တို့ မြင့်တက်လာပါတယ်။
ကော်တီဆောလ်များပိုထွက်လာကာ သွေးတွင်းသကြားဓာတ် များလာပါတယ်။
စိတ်ဖိစီးမှုကို ရေရှည်ခံစားရတဲ့အခါ သွေးတိုး၊ နှလုံးရောဂါ၊ ကိုယ်ခံအားနည်းခြင်းတို့ ဖြစ်လာတတ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 12 Feb 2023
အအေးဓာတ်တွေထူးကဲစွာကျရောက်လို့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အထူးအုပ်ချုပ်ခွင့်ရဒေသ ဆင်းကျန်းဝီဂါမှာရှိတဲ့ ဘော့စ်တန် ရေကန်ကြီးဟာ အေးခဲသွားပါတယ်။
အဲဒီအခါ ရေခဲကန်ကြီးရဲ့ အပေါ်ယံမျက်နှာပြင်မှာ အက်ကြောင်းတွေနှင့် အဖြူရောင်ရေခဲတုံးကလေးတွေတင်နေတဲ့ မြင်ကွင်းဟာ အင်မတန်လှပပြီး ရှုမငြီးစရာဖြစ်နေပါတယ်။
ဒရုန်းနှင့်ရိုက်ကူးထားတဲ့ ရုပ်သံတွေမှာ ကျောက်စိမ်းလိုဖြစ်နေတဲ့ ကန်ကြီးရဲ့မျက်နှာပြင်တစ်လျောက် အက်ကြောင်းတွေ အများကြီးထင်းနေတာတွေ့ကြရပြီး အဲဒါဟာ ခရီးသွားတွေအတွက် ဆွဲဆောင်မှုပေးတဲ့ သဘာဝအလှတစ်ပါးဖြစ်နေပါတယ်။
Source CCTV+
#frozen_Bosten_Lake
Published 12 Feb 2023
တရုတ်ရင်းနှီးမြှပ်နှံသူတွေဟာ အမေရိကန်နိုင်ငံမှာ မြေတွေဝယ်ယူထားတာဟာ အခုဆို နယူးယောက်မြို့ကြီးရရဲ့ နှစ်ဆနီးပါးအထိ ပမာဏာရှိလာနေပြီဖြစ်တယ်လို့ မကြာသေးမီက ထုတ်ပြန်တဲ့အမေရိကန် အစိုးရရဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။
တရုတ်ရင်းနှီးမြှပ်နှံသူတွေဟာ အမေရိကန်မြေကြီးကို အခုဆို ၃၈၄, ၂၃၅ ဧက အထိပိုင်ဆိုင်နေပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ လကထုတ်ပြန်တဲ့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင် မြေများ ဆိုင်ရာ အစီရင်ခံစာမှာ ပါရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘီလျံနာ ဘီလ်ဂိတ်တစ်ဦးတည်း က လယ်ယာမြေ ၂၇၀,၀၀၀ ဧက ပိုင်ဆိုတာကိုတော့ ဖော်ပြ မထားပါဘူး။
မြေအများဆုံးပိုင်တဲ့ တရုတ်ကုမ္ပဏီက အစားအသောက်ထုတ်လုပ်တဲ့ ဖူဖန်းအုပ်စုဖြစ်ပြီး သူတို့ဟာ မြောက်ဒါကိုတာမှာ ပြောင်းကြိတ်စက်နှင့် ဇီဝအချဉ်ဖောက်စက်ရုံတည်ဆောက်ဖို့ ၂၀၂၂ခုနှစ်က ဧက ၃၀၀ ဝယ်ယူထားပါတယ်။
ဖူဖန်းအုပ်စုမတိုင်ခင် တရုတ်ရင်းနှီးမြှပ်နှံသူတွေဟာ နိုင်ငံခြားပိုင်မြေစုစုပေါင်းရဲ့ ၀.၉ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ပါတယ်လို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနကပြောပါတယ်။ မြေယာတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံရှိတယ်လို့ နယူးစ်ဝိခ် မဂ္ဂဇင်းက ရေးသားပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က လေတပ်ဌာန လက်ထောက်ဝန်ကြီး အင်ဒရူးဟန်တာက မြောက်ဒါကိုတာ ဆီးနိတ်အမတ်တွေဖြစ်တဲ့ ဂျွန် ဟိုအီဗင်နှင့် ကေဗင်ကရင်မာတို့ထံ ဖူဖန်းစီမံကိန်းကို အားမပေးကြဖို့ စာတစ်စောင်ပေးပို့ပြီးနောက် ယခုလို အစီရင်ခံစာထုတ်ပြန်လိုက်တာြဖစ်ပါတယ်။
“ အဆိုပြုထားတဲ့စီမံကိန်းဟာ ကျွန်တော်တို့စစ်ဆေင်ရေးနေရာကို အမျိုးသားလုံခြုံရေးအတွက် ရေတိုနှင့်ရေရှည်မှာ သိသာတဲ့ အကျိုးသက်ရောက်မှုတွေရှိလိမ့်မယ်” လို့ သူက ဇန်နဝါရီ ၂၇ ရက်စာထဲမှာရေးထားတာပါ။
အဲဒီနောက်ဆီးနိတ်အမတ်တွေက ဖူဖန်းစီမိံကန်းကို ဆက်မသွားဖို့နှင့် အမေရိကန်ကုမ္ပဏီတစ်ခုခုက ဒီစိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပူးတွဲသတင်းထုတ်ပြန်ခဲ့ကြပါတယ်။
Source: NYPost
#Chinese investors’_US_land_holdings
#China
#China_US
Published 12 Feb 2023
ထိုင်ဝမ်ကျွန်း မြောက်ပိုင်းမှာ ချစ်သူများနေ့ အကြိုအဖြစ် အသည်းနှလုံးပုံ မီးပုံးအကြီးစားကြီးနှစ်လုံးနှင့် အခြား မီးပုံးအငယ်များစွာတို့ကို ဖေဖော်ဝါရီ (၁၁)ရက်က ကောင်းကင်ပေါ်လွှတ်တင်ခဲ့ကြပါတယ်။
အဲဒီအသည်းနှလုံးမီးပုံးကြီးနှစ်လုံးဟာ အရွယ်အစားအားဖြင့် ခြောက်မီတာ(၁၈ပေခန့်)မြင့်ပြီး တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ပင်ရှီကောင်းကင်မီးပုံပျံပွဲတော်အတွင်း လွှတ်တင်ခဲ့တာပါ။
အဲဒီပွဲတော်မှာ ဧည့်သည်တွေဟာ မီးပုံးပေါ်မှာ သူတို့ရဲ့မျှော်လင့်ချက်တွေနှင့်ဆုတောင်းတွေကို ရေးကြပြီးကောင်းကင်ပေါ်လွှတ်တင်တာဖြစ်ပါတယ်။
Source AFP
#Taiwan
# Valentine's_Day
#Heart-shaped_lanterns
#World_Health
Published 12 February 2023
အိပ်မပျော်တတ်တဲ့သူတွေအတွက် အိပ်ဆေးတွေက အသုံးဝင်တယ်ဆိုပေမယ့် လေ့လာတွေ့ရှိချက်အသစ်တွေအရ နောက်ပိုင်းမှာ သိမြင်မှုစွမ်းရည်အပေါ် ဆိုးရွားစွာသက်ရောက်လာပြီး အိပ်ဆေးဖြတ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
လတ်တလောမှာလည်း အသောက်များတဲ့အိပ်ဆေးတွေဟာ ဒီမန်ရှားရောဂါဖြစ်နိုင်ချေကို သိသိသာသာများစေကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားပါတယ်။
အိပ်ဆေးကို ပုံမှန်မှီဝဲနေသူတွေမှာ ဒီမန်ရှာဝေဒနာဖြစ်နိုင်ချေ ၇၉ ရာခိုင်နှုန်းများလာကြောင်း Alzheimer's Disease ဂျာနယ်မှာ ဖော်ပြထားပါတယ်။
လူတွေရဲ့ သိမြင်နိုင်မှုစွမ်းရည်အပေါ်မှာ အိပ်ဆေးတွေရဲ့သက်ရောက်မှုကို သိရှိရန်ရည်ရွယ်ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက လေ့လာမှုပြုလုပ်ခဲ့ပါတယ်။
သူတို့က ၁၅ နှစ်တာကာလအတွင်း အိပ်ဆေးသုံးစွဲခြင်းနဲ့ ဒီမန်ရှာရောဂါဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုကို သိရှိချင်ခဲ့ကြပါတယ်။
ဒီအတွက် ဒီမန်ရှာရောဂါမရှိတဲ့ လူ ၃,၀၆၈ ဦးကို ၉ နှစ်ကြာအောင် လေ့လာစောင့်ကြည့်ခဲ့ပါတယ်။
သူတို့အသုံးပြုတဲ့ အိပ်ဆေးတွေထဲမှာ Ambien ၊ benzodiazepine အမျိုးအစားဖြစ်တဲ့ Dalmane ၊ Halcion နဲ့ Restoril တို့ ပါဝင်ပါတယ်။
အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ လတ်တလောအချက်အလက်များအရ အမေရိကန်မှာ ၂၀၂၀ အတွင်း နေ့စဉ်အိပ်ဆေးသုံးစွဲနေရသူအရေအတွက် ၈.၄ ရာခိုင်နှုန်းရှိပါတယ်။
ထိုထဲမှာမှ အိပ်ဆေးသုံးစွဲနေရတဲ့ အမျိုးသမီးတွေက ၁၀.၂ ရာခိုင်နှုန်းရှိပြီး အမျိုးသားတွေက ၆.၆ ရာခိုင်နှုန်းရှိပါတယ်။
အမေရိကန်မှာ အယ်လ်ဇိုင်းမားရောဂါနဲ့ ဒီမန်ရှာရောဂါခံစားနေရသူ ၅.၈ သန်းခန့်ရှိမယ်လို့ ခန့်မှန်းရကာ ၅.၆ သန်းက အသက် ၆၅ နှစ်နဲ့အထက်ဖြစ်ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 505 of 865