#DailyNews
Published_ 10 February 2023
၁။ Covid ကာလ ရောင်းချမှုရပ်ထားတဲ့ မြန်မာ့ရွှေပန်းတိမ်ထည်တွေကို ဂျပန်နိုင်ငံက ပြန်လည်ဝယ်ယူဖို့ကမ်းလှမ်း
၂။ ပြည်ပပြန်များတွင် ကိုဗစ်ပိုးသစ်များတွေ့ရ၍ ကိုဗစ်ကာကွယ်ရေးပြန်လည်လုပ်ဆောင်ရန်လိုဟုဆို
၃။ အလုပ်သမားအငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရေးနည်းဥပဒေတချို့ကိုပြန်လည်ပြင်ဆင်မည်
၄။ အားကိုးရသည့် သယ်ယူပို့ဆောင်ရေးစက်ရုပ်များ ဂျပန်တွင်မကြာမီအသုံးပြုမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Disaster
Published 10 February 2023
တူရကီနဲ့ ဆီးရီးယားတို့မှာ မြေငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး ၃ ရက်အကြာမှာ ကယ်ဆယ်ရှာဖွေရေးအဖွဲ့များက အသက်ရှင်ကျန်သူများကို အပျက်အစီးများကြား ပိုက်စိပ်တိုက်ရှာဖွေနေကြပါတယ်။
အဆိုပါငလျင်ကြောင့် သေဆုံးသူ ၂၁,၀၀၀ ကျော်ရှိကာ လူပေါင်းရာထောင်ချီ ဒဏ်ရာရ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး ချမ်းအေးလှတဲ့အပူချိန်ကြောင့် ရုန်းကန်နေကြရပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြပေမယ့် အသက်ရှင်သူတွေကို ထပ်မံရှာတွေ့နိုင်ချေ နည်းပါးနေပါပြီ။
ငလျင်လှုပ်ပြီး ၇၂ နာရီအတွင်း အသက်ရှင်ကျန်ရစ်သူ ၉၀ ရာခိုင်နှုန်းလောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ယူဆရကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။
ငလျင်က လူတွေကိုသေစေတာမဟုတ်ဘဲ အဆောက်အအုံတွေပြိုကျလို့ သေရတာဖြစ်ကြောင်း လန်ဒန်တက္ကသိုလ်ကောလိပ် သဘာဝဘေးအန္တရာယ်ပရော်ဖက်ဆာ'အိုင်လန်ကယ်လ်မန်း'က ပြောကြားခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
အရေးကြီးက အပျက်အစီးတွေကြားရှိနေတဲ့ လူတွေထံ အကူအညီရောက်ဖို့ဖြစ်ကြောင်း၊ သူတို့သွေးထွက်မလွန်ခင် ကယ်နိုင်ဖို့လိုကြောင်း ပြောပြသွားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး 'အန်တိုနီယိုဂူတာရက်စ်'က ငလျင်ဖြစ်ခဲ့တဲ့နေရာတွေသို့ အကူအညီများပိုမိုဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ပါတယ်။
ကုလအနေနဲ့ နယ်စပ်တစ်ခုမကဖြတ်သန်းတဲ့နေရာမှာ သွားလာခွင့်ပြုပေးဖို့ ကုလလုံခြုံရေးကောင်စီထံမှ ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။
ကုလမဟုတ်တဲ့ အဖွဲ့တွေက အခြားနေရာတွေကဖြတ်ပြီး အကူအညီပေးနေပြီဖြစ်ကြောင်း၊ ရသမျှနေရာတွေကနေဖြတ်ပြီး အကူအညီတွေပေးနိုင်ရင် အလွန်ကျေနပ်ရမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 10 February 2023
ဆရာဝန်တွေအနေနဲ့ လူနာတွေရဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ အောက်ဆီဂျင်ပမာဏတို့ကိုသာမက လက်ဆုပ်ကိုင်နိုင်စွမ်းကိုပါ တိုင်းတာစစ်ဆေးသင့်ကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိခဲ့ပါတယ်။
လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်းကို လက်ဖျံရှိကြွက်သားများက ထောက်ပံ့ပေးတာဖြစ်ပြီး လေးလံတဲ့အရာတွေကို ဘယ်လောက်အထိ တည်ငြိမ်ခိုင်မြဲစွာ ဆုပ်ကိုင်နိုင်သလဲဆိုတာကို တိုင်းတာပေးပါတယ်။
ပစ္စည်းအထုပ်အပိုးများ ကိုင်စွဲခြင်း၊ ပုလင်းအဖုံးဖွင့်ခြင်း၊ ဒယ်ပြားအလေးကြီးတွေ သယ်ယူတာတွေကလည်း လက်ဆုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်နေပါတယ်။
သက်ကြီးအရွယ်များ ခက်ခဲပင်ပန်းတဲ့အလုပ်များလုပ်ဖို့အတွက် လိုအပ်တဲ့လက်ဆုပ်ကိုင်နိုင်စွမ်းတွေက အမျိုးသမီးများအတွက် ၁၈.၅ ကီလိုဂရမ်၊ အမျိုးသားများအတွက် ၂၈.၅ ကီလိုဂရမ်ဖြစ်ပါတယ်။
အသက် ၃၅ နှစ်မှ ၇၀ အတွင်း လူပေါင်း ၁၄၀,၀၀၀ ကို လေ့လာခဲ့ရာ လက်ဆုပ်ကိုင်နိုင်စွမ်း ၅ ကီလိုဂရမ်ကျလာတာနဲ့အမျှ ၄ နှစ်တာကာလအတွင်း နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ဖြစ်နိုင်ချေ ၁၇ ရာခိုင်နှုန်းမြင့်လာပါတယ်။
ဆက်စပ်ပုံကတော့ ကြွက်သားထုထည်များပါမှ လက်ဆုပ်ကိုင်နိုင်စွမ်း ပိုအားကောင်းပြီး ကြွက်သားထုထည်များအောင် လေ့ကျင့်ခန်းပိုမိုပြုလုပ်ရတာကြောင့် ကျန်းမာရေးပိုကောင်းစေနိုင်ပါတယ်။
ဒါ့အပြင် လက်ဆုပ်ကိုင်နိုင်စွမ်းနည်းတဲ့သူတွေမှာ စိတ်ဓာတ်ကျခြင်းဝေဒနာမြင့်မားတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။
လက်ဆုပ်ကိုင်နိုင်စွမ်းအားနည်းသူတွေက သူတို့ရဲ့ DNA လျင်မြန်စွာအိုမင်းရင့်ရော်လာကြပါတယ်။
လက်ဆုပ်ကိုင်နိုင်စွမ်း တက်ချင်ရင် ပြုလုပ်နိုင်တဲ့နည်းလမ်းတွေကတော့..
(၁) လယ်သမားပုံစံ မ'ခြင်း
ဝိတ်တုံးတစ်စုံ ဒါမှမဟုတ် လက်ကိုင်ပါတဲ့ရေပုံးတွေကိုင်ပြီး ပခုံးချလျက် ရင်ဘတ်ဖွင့် တည့်တည့်လျှောက်ရပါမယ်။
(၂) ဘားဆွဲခြင်း
ဘားဆွဲအနေအထားအတိုင်း ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက်အထိ ထိန်းထားပြီး တဖြည်းဖြည်းနဲ့ ၉၀ ဒီဂရီထောင့်ချိုးအတိုင်း ကြိုးစားသင့်ပါတယ်။
(၃) လက်ထဲလှိမ့်ခြင်း
ဝိတ်တုံးပေါ့ပေါ့ ဒါမှမဟုတ် ပစ္စည်းတစ်ခုကို လက်ဖျားထိပ်ကနေ လက်ထဲအထိ လှိမ့်သွားကာ ညှစ်ရမှာဖြစ်ပါတယ်။
(၄) လက်ညှစ်ဘောလုံး
လက်တစ်ခုလုံးနဲ့ ဘောလုံးလေးကို ၅ ခါ ၁၀ ခါခန့်ညှစ်ပြီး လက်မနဲ့ လက်ညိုးဖြင့်ညစ်ပြီးနောက် လက်မနဲ့ အခြားလက်ချောင်းများတစ်ခုစီ ညှစ်သွားရမှာဖြစ်ပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#World_Health
Published 10 February 2023
အူလမ်းကြောင်းအထူးပြုဆရာဝန်တစ်ယောက်က အိမ်တွေမှာရှိတဲ့ ဘက်တီးရီးယားတွေအကြောင်း သူ့ရဲ့ TikTok အကောင့်မှာ အသေးစိတ်ဖော်ပြခဲ့ပါတယ်။
လူ ၇၀ ရာခိုင်နှုန်းလောက်က ဒီအရာတွေကို သေချာမသန့်ရှင်းကြဘူးလို့ ဆိုပါတယ်။
တစ်ကြိမ်သာ ကူးစက်ရုံမျှဖြင့် တစ်သက်လုံး အူလမ်းကြောင်းဆိုင်ရာပြဿနာများ ခံစားရနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
ဒေါက်တာ'ဂျော်ဒန်ဟာဝေါ့သ်'က ပြောကြားရာမှာ ၂၀၁၅ ခုနှစ်က သုတေသီများလေ့လာချက်အရ အိမ်ပေါင်း ၁,၂၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာ ဘက်တီးရီးယားနဲ့ မှိုမျိုးစိတ်ပေါင်း ၉,၀၀၀ ကျော်တွေ့ရှိခဲ့ပါတယ်။
အဲဒီထဲမှာ ပိုးမွှားအများဆုံးရှိနေတဲ့ အရာတွေကတော့..
(၁) ဖိနပ်
ဖိနပ်အသစ်ပဲဖြစ်ဖြစ် ခဏတာပဲစီးရသေးတာပဲဖြစ်ဖြစ် ၄၅ ရာခိုင်နှုန်းလောက်က Clostridioides difficile ဘက်တီးရီးယားများရှိနိုင်ကာ အစာခြေစနစ်မှာပြဿနာတွေဖြစ်နိုင်ပါတယ်။
ဒါကြောင့် အိမ်အဝင်ဝမှာ ဖိနပ်ချွတ်ထားခဲ့ဖို့ အကြံပြုလိုက်ပါတယ်။
(၂) မိုက်ခရိုဝေ့ဗ်
မိုက်ခရိုဝေ့ဗ်မှာ E. coli ၊ salmonella ဘက်တီးရီးယားတို့ရှိနေနိုင်ကာ အူလမ်းကြောင်းရောဂါဆိုးများ ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် မိုက်ခရိုဝေ့ဗ်အသုံးပြုပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
(၃) လက်နှီးဝတ်များ
လူအများစုက လက်နှီးဝတ်တစ်ခုတည်းနဲ့ပဲ မျက်နှာပြင်အမျိုးမျိုးကို သုတ်နေကြကာ လက်ဆေးကန်ထဲပစ်ထည့်ထားတတ်ပါတယ်။
ဒီအတွက် တစ်ပတ်ကိုတစ်ခါလောက် ရေနွေးထဲ ၁၅ မိနစ်ထည့်ထားကာ အခြောက်ခံသင့်ပါတယ်။
(၄) ကော်ဖီစက်
ကော်ဖီစက်တွေရဲ့ အောက်ခြေမှာ ဘက်တီးရီးယားတွေ မှိုတွေပေါက်ရောက်နိုင်ပါတယ်။
စက်ပစ္စည်းတွေကို ဖြုတ်ပစ်ပြီး ရှာလကာရည်နဲ့ဆေးကြောကာ အသုံးပြုပြီးတိုင်းလည်း ရေကိုလဲလှယ်သင့်ပါတယ်။
(၅) စဉ်းနှီတုံး
မီးဖိုချောင်တိုင်းမှာ စဉ်းနှီတုံး ၂ ခုအနည်းဆုံးထားရှိသင့်ပါတယ်။
အသားငါးတွေအတွက် ၁ တုံးနဲ့ အသီးအရွက်တွေအတွက် ၁ တုံးသီးခြားထားသင့်ပါတယ်။
(၆) ရေခဲသေတ္တာ
ရေခဲသေတ္တာကို တစ်လတစ်ခါအနည်းဆုံး သန့်ရှင်းသင့်ပြီး အဝတ်စုတ်နဲ့သာမဟုတ်ဘဲ ပိုးသတ်ဆေးဖြင့်ပါ ဆေးကြောသင့်ပါတယ်။
ဒီထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားရာနေရာဖြစ်ပါတယ်။
(၇) ရေချိုးပုဝါ
ရေချိုးရေလဲရာမှာသုံးတဲ့ ပုဝါနဲ့ လက်သုတ်ပြီးသုံးတဲ့ ပုဝါတို့ကို ခွဲခြားအသုံးပြုသင့်ပါတယ်။
၃ ကြိမ်အသုံးပြုပြီးတာနဲ့ အဝတ်လျှော်ပေးသင့်ပါတယ်။
(၈) မီးခလုတ်၊ ရီမုနှင့် တံခါးလက်ကိုင်များ
တံခါးလက်ကိုင်တွေ၊ မီးခလုတ်တွေကိုင်ပြီးတိုင်း လက်သန့်စင်သင့်ပါတယ်။
တီဗီရီမု၊ အဲကွန်းရီမုတို့မှာ အိမ်သာထိုင်ခုံထက် ဘက်တီးရီးယားတွေ အဆ ၂၀ လောက်ပိုများနေတတ်ပါတယ်။
(၉) အိမ်မွေးတိရိစ္ဆာန်များ
ခွေးတွေ၊ ကြောင်တွေက အချင်းချင်း အောက်ပိုင်းကိုနမ်းရှုံ့တတ်ကြတာကြောင့် သူတို့နဲ့ထိတွေ့တဲ့အရာတွေမှာ ပိုးမွှားတွေရှိနေပါတယ်။
Source: The Jerusalem Post
#Yangon_Media_group
#Asia_Business
Published 9 February 2023
၂၀၂၂ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ တက္ကစီဝန်ဆောင်မှုလုပ်ငန်း ၂၉ ခု ဒေဝါလီခံခဲ့ရကာ ၂၀၂၁ ခုနှစ်ကထက် နှစ်ဆပိုများခဲ့ပြီး ၁၀ နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း တိုကျိုရှိကိုသုတေသနက စနေနေ့မှာ စစ်တမ်းကောက်ခံချက်ကို ထုတ်ပြန်လိုက်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 9 February 2023
၁။ ရန်ကုန်တွင် စံချိန်တင်မီးလောင်ကျွမ်းမှုများ၊ အလုံမီးလောင်မှုတွင်(၅)ဦး ဆေးရုံရောက်(၁)ဦး သေဆုံး
၂။ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်
၃။ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားမည့်သူများ တစ်ပတ်ကို ၅၀၀ မှ ၁၀၀၀ ကြား အထိရှိနေ
၄။ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် ယာဉ်မောင်းအင်အားနည်းပါးခြင်းတို့ကြောင့် (၂၀၂၂) အတွင်း ဂျပန်တက္ကစီဝန်ဆောင်မှု လုပ်ငန်း(၂၉)ခု ဒေဝါလီခံခဲ့ရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Entertainment
Published 9 February 2023
Netflix က သူတို့ဆီမှာ ပုံမှန်စာရင်းပေးကြည့်ရှုနေသူများ ဆုံးရှုံးနေရခြင်းကို ဖြေရှင်းဖို့အတွက် နောက်ထပ်နိုင်ငံ ၄ နိုင်ငံမှာ ပါ့စ်ဝေါ့ဒ်စကားဝှက်မျှဝေမှုနဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။
အခုဆိုရင် ကနေဒါ၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်တို့မှာရှိတဲ့ စာရင်းပေးကြည့်ရှုသူများဟာ သူတို့နဲ့အတူမနေတဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေအတွက်ပါ Netflix အကောင့်ကို မျှဝေစာရင်းပေးကြည့်ရှုစေချင်တယ်ဆိုရင် အပိုကျသင့်ငွေပေးဆောင်သွားရမှာဖြစ်ပါတယ်။
ဒီလိုမျိုး စကားဝှက်မျှဝေခြင်းကို ကန့်သတ်တာတွေက နိုင်ငံအချို့မှာချမှတ်ထားပြီးဖြစ်ကာ တစ်အိမ်တည်းကနေ မဟုတ်ဘဲနဲ့ ပြင်ပကနေပါ စကားဝှက်မျှဝေအသုံးပြုမယ်ဆိုပါက ကျသင့်ငွေပိုမိုကောက်ခံသွားဖို့ကို ယခုနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်သွားမယ်လို့ ကုမ္ပဏီက အစောပိုင်းမှာပြောကြားခဲ့ပါတယ်။
မီဒီယာကြီးတစ်ခုရဲ့ဖော်ပြချက်အရ ကမ္ဘာတဝှမ်းမှာ မျှဝေသုံးစွဲနေတဲ့ Netflix အကောင့်ပေါင်း သန်း ၁၀၀ ခန့်ရှိပါတယ်။
Netflix က ရုပ်မြင်သံကြားအစီအစဉ်တစ်ခု ရင်းနှီးမြှုပ်နှံရန်ကြိုးပမ်းနေစဉ်မှာ မျှဝေသုံးစွဲတဲ့အကောင့်တွေကြောင့် ဝင်ငွေတွေဆုံးရှုံးနေရတယ်လို့ ကုမ္ပဏီကဆိုပါတယ်။
"ပြီးခဲ့တဲ့နှစ်တုန်းက ဒီပြဿနာဖြေရှင်းဖို့ လက်တင်အမေရိကမှာ နည်းလမ်းအမျိုးမျိုး ရှာဖွေခဲ့ကြပြီး အခုဆိုရင် ကနေဒါ၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်တို့မှာလည်း ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်သွားဖို့ ရှိပါတယ်၊ စာရင်းပေးကြည့်ရှုသူတွေ သူတို့ရဲ့အကောင့်တွေကို ဝင်ရောက်အသုံးပြုခွင့်အပေါ် ပိုမိုထိန်းချုပ်နိုင်ရန် ဖြစ်ပါတယ်" လို့ Netflix က blogspot မှာ ဖော်ပြထားပါတယ်။
သုံးစွဲသူအပိုထည့်သွင်းနိုင်မယ့်အကောင့် လုပ်တဲ့နေရာမှာ သုံးစွဲသူနဲ့အတူမနေတဲ့ လူ ၂ ဦးအထိ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
သုံးစွဲသူအပိုတစ်ယောက်ကို ကနေဒါမှာ ကနေဒါဒေါ်လာ ၇.၉၉ ၊ နယူးဇီလန်မှာ နယူးဇီလန်ဒေါ်လာ ၇.၉၉၊ ပေါ်တူဂီမှာ ယူရိုငွေ ၃.၉၉ ၊ စပိန်မှာ ယူရိုငွေ ၅.၉၉ အပိုလစဉ်ကြေးပေးဆောင်ရမှာဖြစ်ကာ ပရိုဖိုင်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်၊ စကားဝှက်နဲ့ အကောင့်ဝင်ခွင့်တို့ ရရှိမှာဖြစ်ပါတယ်။
ပရိသတ်များအတွက် အခွင့်အရေးပေးတဲ့အနေနဲ့ တုန့်ပြန်မှုတွေပေါ်မူတည်ပြီး ကုမ္ပဏီက ပြန်လည်ပြင်ဆင်ဦးမှာဖြစ်ကာ လာမယ့်နှစ်တွေမှာ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ထုတ်ပြန်ပြီး မကြာမီမှာဘဲ အင်တာနက်သုံးစွဲသူတွေက Netflix အပေါ် မကျေနပ်ချက်တွေ ထွက်လာပါတယ်။
ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးစရာများ ဖြစ်ပေါ်လာကြကာ ခရီးသွားနေစဉ် အသုံးပြုလို့ရပါ့မလားဆိုတာကိုလည်း စိုးရိမ်လာကြပါတယ်။
ထိုအခါ စာရင်းပေးကြည့်ရှုသူတွေက ခရီးသွားနေစဉ်မှာလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
Page 507 of 865