#World_Health
Published 20 February 2023
အမျိုးသားတွေ ပါးစပ်ကနေသောက်သုံးနိုင်မယ့် ကိုယ်ဝန်တားဆေးတွေကို ပထမဆုံးစမ်းသပ်ရာမှာ အောင်မြင်မှုရနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဝေးလ်ကော်နယ်ဆေးသိပ္ပံမှ သိပ္ပံပညာရှင်များ ကြေညာရာမှာ သူတို့ရဲ့ TDI-11861 ဆေးဟာ စမ်းသပ်ချက်အတွင်း သုတ်ပိုးတွေကို လမ်းကြောင်းအတွင်းတားဆီးပေးကာ သန္ဓေမဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
ဒီဆေးကို ၂၀၁၈ ခုနှစ်က ဒေါက်တာ'မယ်လာနီဘယ်လ်ဘက်ခ်'က မျက်လုံးအခြေအနေအတွက် soluble adenylyl cyclase ပရိုတိန်းကို သုတေသနပြုလုပ်ရင်း မရည်ရွယ်ဘဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ထိုဆေးကို ကြွက်တွေမှာစမ်းသပ်လိုက်တဲ့အခါ သုတ်ပိုးကိုဟန့်တားနိုင်တဲ့ စွမ်းရည်ရှိကြောင်း ဘယ်လ်ဘက်ခ်က တွေ့ရှိခဲ့ပါတယ်။
TDI-11861 ကို ကြွက်ထီးတွေမှာ အသုံးပြုစေပြီး ကြွက်မတွေနဲ့ ၅၂ ကြိမ်မိတ်လိုက်စေခဲ့ရာ တစ်ကြိမ်မျှ ကိုယ်ဝန်မရခဲ့ပါဘူး။
အမမျိုးလမ်းကြောင်း အပြင်ဘက်ရော အတွင်းဘက်မှာပါ သုတ်ပိုးတွေဟာ ၂ နာရီခွဲကြာတဲ့အထိ မလှုပ်ရှားနိုင်တော့ဘဲ ၃ နာရီအကြာမှာ ပုံမှန်ကဲ့သို့စတင်လှုပ်ရှားကာ ၂၄ နာရီအတွင်း လုံးဝပြန်ကောင်းလာပါတယ်။
ဒီတားဆေးက နာရီဝက်ကနေ တစ်နာရီအတွင်း အာနိသင်စပြကြောင်း၊ အခြားဆေးတွေဆိုရင် သုတ်ပိုးပုံမှန်ပြန်ဖြစ်ဖို့ ရက်သတ္တပတ်အထိကြာမြင့်ကြောင်း ပြောပြပါတယ်။
ဒီဆေးက အမျိုးသားတွေမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အသုံးဝင်နိုင်ကြောင်း၊ ချစ်တင်းမနှောခင်မှာ ကြိုတင်သုံးစွဲရမှာဖြစ်ကြောင်း မင်နီဆိုတာတက္ကသိုလ်မှ ဆေးဓာတုပရော်ဖက်ဆာ'ဂန်ဒါဂျော့ဂျ်'က ဆိုပါတယ်။
နောက်ထပ်သတ္တဝါတွေနဲ့ စမ်းသပ်ပြီးလို့ အဆင်ပြေရင် လူသားတွေနဲ့ ဆက်လက်စမ်းသပ်သွားဦးမှာဖြစ်ပါတယ်။
နိုဝင်ဘာလမှာ စမ်းသပ်မယ့် ဩစတြေးလျမှာ ပါဝင်ချင်တဲ့သူတွေ အများကြီးဖြစ်နေကြောင်း သိရပါတယ်။
Source: New York Post
#Yangon_Media_Group
Published 19 Feb 2023
ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်းက ကျေးရွာတွေမှာ ရွာသားတွေဟာ ရွှံ့နွံတွေထူထပ်နေတဲ့ ရေကန်ကြီးတစ်ခုအတွင်း စုပေါင်းငါးဖမ်းပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ သူတို့ဟာ ရိုးရာ ကိရိယာတွေကိုပဲ အသုံးပြုရတဲ့ အဲဒီပွဲတော်မှာ ဝါးတောင်းတွေ ပိုက်ကွန်တွေအသုံးပြုငါးဖမ်းခဲ့ကြပါတယ်။
သူတို့ဟာ ကောက်ရိုးဦးထုတ်တွေဆောင်း၊ အစင်းကျား ပိတ်ခေါင်းစည်းတွေနှင့် တောက်ပတဲ့နေရောင်အောက်မှာ ဆင်နွှဲခဲ့ကြတာပါ။ ရာပေါင်းများစွာသော ကလေးလူကြီးတွေဟာ ဖေဖော်ဝါရီ၁၈ ရက်စနေနေ့က ရေချိုငါးခူတွေနှင့်မြွေငါးတွေကို ဘိုအောင်ခရုမန်ကန်ကြီးထဲ ဖမ်းဆီးနေကြတာပါ။ အဲဒီနေရာဟာ မြို့တော် ဖနွမ်းပင်ကနေ ၁၅၅မိုင်ဝေးတဲ့ နေရာမှာတည်ရှိပါတယ်။
Source: AFP
#fishing_ceremony
#Cambodia
#Cambodia_Fishery_sector
Published 19 February 2023
လူတွေဟာ သူတို့ရဲ့အချစ်ကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖော်ကျူးကြရာမှာ ကန့်သတ်မှုတွေကို ကျော်လွန်လုပ်ဆောင်တတ်ကြတာသဘာဝပါ။ ပန်းတွေ၊ ချောကလက်တွေနှင့် လက်ဆောင်တွေဟာ ချစ်သူများနေ့ အတွက် အထူးသီးသန့်လေးတွေဖြစ်နေတတ်ကြပါတယ်။
ဒါပေမယ့် ထိုင်းအမျိုးသားတစ်ဦးကတော့ အခြားသူတွေနှင့်မတူဘဲ ကွဲပြားခြားနားမှုတစ်ခုနှင့် အချစ်ကိုဖော်ကျူးဖို့ စီစဉ်ခဲ့ပါတယ်။ “ ထိမ်းမြားလက်ထပ်ခြင်းဟာ ယောကျ်ားသားတွေကိုပြောင်းလဲပစ်နိုင်တယ်” ဆိုတဲ့ ဒဏ္ဍာရီဆိုရိုး တစ်ခုကို သူကသက်သေပြခဲ့ပါတယ်။ သူ့နာမည်က ဗဲလ်လို့ခေါ်ပါတယ်။
ဗဲလ်ဟာ ဆေးမင်ကြောင်ထိုးတဲ့ ဆိုင်တစ်ဆိုင်မှာ (၈)နာရီတိတိထိုင်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့လက် မောင်းပေါ်မှာ သူတို့ရဲ့ လက်ထပ်စာချုပ်ကို မင်ကြောင်ရေးထိုးပြသပြီး သူ့ ဇနီးသည်ကို ထူးခြားပြီးသီးသန့်ဖြစ်တဲ့ ခံစားမှုကို သူပေးချင်လို့ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ Khaosod မှာပါတဲ့သတင်းအရ ဗဲလ်ဟာ သူ့ဇနီးအတွက် သူ့ရဲ့အချစ်ကို သက်သေပြဖို့ ဒီနှစ်မှာ မတူတာတစ်ခုခုလုပ်ပြချင်ခဲ့ပါတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် သူဟာ Kaeng Khoi Saraburi ပြည်နယ်က ဆေးမင်ကြောင်ထိုးဖို့ မင်ကြောင် စတူဒီယိုတစ်ခုကို သွားရောက်ခဲ့ပါတော့တယ်လို့သတင်းစာကရေးပါတယ်။
သူဟာ လက်ထပ်စာချုပ်မှာပါတဲ့ ဘယ်လိုအသေးစိတ်အချက်ကိုမျှ မင်ကြောင်ထိုးရာမှာ ချန်မထားခဲ့ပါဘူး။ လှပတဲ့ပန်းပွင့်ဘောင်ကိုတောင်ထည့်သွင်းထိုးခဲ့တာပါ။အသေးစိတ်ပုံတွေအကုန်ပါပြီး ယုတ်စွအဆုံး မူရင်းစာချုပ်ထဲက တံဆိပ်တောင်ထည့်ပြီးမင်ကြောင်ရေးထိုးခဲ့ပါတယ်။
သူဟာ အဲဒီလက်ထပ်စာချုပ်ဆေးမင်ကြောင်ကို ဇနီးဖြစ်သူကိုပြသလိုက်တဲ့အခါ သူမဟာ တုန်လှုပ်အံ့ဩသွားပါတယ်။ အဲဒီနောက်တော့ ခင်ပွန်းဖြစ်သူရဲ့ အဆုံးမဲ့ချစ်ခြင်းအပေါ် သတိမူမိလိုက်ပါတော့တယ်။
ဒီလို လက်ထပ်စာချုပ် မင်ကြောင် ကို သူတစ်ခါမှ ထိုးမပေးဖူးဘူးလို့ ဆေးမင်ကြောင်ဆရာက သတင်းစာ ကိုပြောပါတယ်။ ဗဲလ်ရောက်လာပြီး အဲဒါကိုမင်ကြောင်ထိုးမယ်ပြောတော့ အချိန်အကြာကြီးထိုးပေးရမှာမို့ သူအံအားသင့် သွားရတယ်လို့လည်းပြောပါတယ်။
မင်ကြောင်ထိုးတဲ့လုပ်ငန်းစဉ်ကတော့ အခြားပုံတွေနှင့်အတူတူပဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ပထမဆုံး စာချုပ်တစ်ခုလုံးကို ဗဲလ်ရဲ့လက်မောင်းပေါ် သာမာန်မင်နှင့် မိတ္တူကူးလိုက်ပါတယ်။အဲဒီနောက်မှ မင်ကြောင်တံနှင့် အသေးစိတ်ပုံဖော်ပေးရတာဖြစ်ပါတယ်။
အဲဒီအကြောင်းကို ဗဲလ်က ဖေ့စ်ဘုတ်ပေါ်တင်လိုက်ပါတယ်။ သူ့ကြိုးစားမှုကိုလူတွေက ချီးကျူးအားပေးကြပါတယ်။
“ အပြောထက်လက်တွေ့ကျဖို့အရေးကြိးတယ် ဆိုတဲ့ စကားကို ဒါကပြသလိုက်တာပဲ။ အချစ်ကို သက်သေပြတာဟာ အားလုံးရဲ့ ချီးမွမ်းမှုခံထိုက်ပါပေတယ်” လို့ ပို့စ်မှာ လူတစ်ဦးက ဝင်ရေးခဲ့ပါတယ်။
Source: WION
#Marriage certificate’_tattoo_on_arm
#Thailand
#Vall_Tatoo
Published 19 Feb 2023
တရုတ်လျှပ်စစ်ကားထုတ်လုပ်တဲ့ ဘီဝိုင်ဒီ BYD ဟာ ပင်လယ်ရပ်ခြားလုပ်ငန်းတွေကိုတိုးချဲ့နေရာ ၂၀၂၃ခုနှစ်မှာ ဘီဝိုင်ဒီကားအရောင်းဟာ ပြိုင်ဘက် အမေရိကန် Tesla တဲဆ်လာလို ကျော်ဖြတ်ဖို့ ရည်မှန်းထားပါတယ်။
ဂျပန်၊အရှေ့တောင်အာရှနှင့် ဥရောပအပါအဝင် နိုင်ငံပေါင်း ၄၀ကျော်ကို လုပ်ငန်းတွေတိုးချဲ့ထားတဲ့ BYD ဟာ ဒီနှစ် အတွင်းမှာ လျှပ်စစ်ကားစီးရေ (၂)သန်းနီးပါး အထိရောင်းချဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။
“ နှစ်ပေါင်း ၂၀ ကျော် သုတေသနနှင့်ဖွံ့ဖြိုးရေးရလာဒ်တွေအရ ကျွန်တော်တို့အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာပါ။ဇိမ်ခံကားတွေအတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံတွေကို ကျွန်တော်တို့ ပြောင်းလဲပစ်ပါမယ်” လို့ BYD တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဝမ်ချွမ်ဖူးက ပြောခဲ့ပါတယ်။
BYD ဟာ ၂၀၀၃ခုနှစ်မှာ ကားဈေးကွက်ထဲဝင်ရောက်လာပြီးနောက် ဇိမ်ခံလျှပ်စစ်ကားတွေကို ရည်မှန်းပစ်မှတ်ထားနေပါတယ်။
BYD ဟာ ၂၀၂၃ခုနှစ်အတွင်း လမ်းကြမ်းမောင်း အက်စ်ယူဗွီ ကား Yangwang U8 နှင့် U9 supercarတို့ကို ယွမ်ငွေ ရှစ်သောင်းနှင့် တစ်သန်းခွဲအကြား ဈေးနှုန်းတွေနှင့် ရောင်းချဖို့ရှိနေပါတယ်။
Yangwang မိုဒယ်လ်ဟာ ကားဘီးလေးဘီးမှာ တစ်ဘီးစီးကို သီးခြားခွဲထိန်းချုပ်မောင်းနှင်တာဖြစ်လို့ ကားဘီးတစ်လုံးပေါက်သွားရင်တောင် ကားကိုဆက်မောင်းနိုင်မှာဖြစ်ပါတယ်။ U8 ကတော့ ရေပေါ်မှာ ပေါလောပေါ်ပြီး မောင်းနှင်နိုင်ပါတယ်။
BYD ဟာ ဇိမ်ခံလျှပ်စစ်ကားလုပ်ငန်းထဲကို ဝင်လာဖို့လုပ်နေပါတယ်။ ကုမ္ပဏီဟာ Song၊Qin၊Dolphin နှင့် Han တို့လို ယွမ်တစ်သိန်းမှ သုံးသိန်းအကြား ဈေးနှုန်းနိမ့်နှင့်အလတ် ကားတွေမှာ ရောင်းအားအလွန်ကောင်းနေပါတယ်။ တရုတ်နိုင်ငံမှာ ဗောက်စ်ဝက်ဂွန်နှင့်ဟွန်ဒါ လျှပ်စစ်ကားတွေဟာ BYD ရဲ့ ဈေးကွက်မင်းမူနေမှုကို စိန်ခေါ်လာနေပါတယ်။
Source: Nikkei Asia
#BYD
#Tesla
#Luxury_EV
#World_Health
Published 19 February 2023
စိတ်ခံစားချက် မကောင်းတဲ့အခါမျိုးမှာ ဝမ်းနည်းစရာသီချင်းတွေ နားထောင်ခြင်းဖြင့် ရင်ဖွင့်လို့ရနိုင်ကြောင်း စိတ်ကျန်းမာရေးပညာရှင်များ ဆိုပါတယ်။
ခက်ခဲနေတဲ့အချိန်မျိုးမှာ အဆွေးသီချင်းနားထောင်ခြင်းဖြင့် စိတ်ခံစားချက်သန်မာစေပြီး ခံစားရသက်သာစေပါတယ်။
ဒီအကြောင်းတွေကို အိုဟိုင်ယိုတက္ကသိုလ် ဝက်စ်နာဆေးဘက်ဆိုင်ရာစင်တာမှ 'အာရီယာနာဂယ်လစ်ဂါ'က ပြောကြားခဲ့ပါတယ်။
အဆွေးသီချင်းတွေက လူတွေခံစားချက်မြိုသိပ်ထားတာတွေကို လက်သင့်ခံနိုင်လောက်တဲ့ အတိုင်းအတာဖြင့် ဖော်ထုတ်ပေးနိုင်ဖွယ်ရှိပါတယ်။
အမှန်တကယ်က ခံစားချက်တွေကို ရှောင်ဖယ်နေလို့ ပျောက်ကွယ်သွားမှာမဟုတ်ကြောင်း၊ အဆွေးသီချင်းက ခံစားရသက်သာစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လေ့လာချက်အရ လူတွေဟာ စိတ်ပျက်စရာကိစ္စကြုံတွေ့တဲ့အခါ ဒေါသထွက်စရာသီချင်းကို ရွေးချယ်နားထောင်ချင်ကြပြီး လမ်းခွဲရတဲ့အခါမျိုးမှာ အဆွေးသီချင်းကို ရွေးချယ်နားဆင်ချင်ကြပါတယ်။
အဆွေးသီချင်းတွေက သံစဉ်နှေးတာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားလျော့ကျစေကာ ကြွက်သားတောင့်တင်းခြင်းကို ပြေလျော့စေပါတယ်။
စိတ်ဓာတ်ကျနေသူတွေဟာ ခေတ်ပေါ်မြူးကြွတေးသီချင်းများအစား အေးဆေးတည်ငြိမ်တဲ့သီချင်းတွေကို ပိုမိုနားထောင်ချင်ကြပါတယ်။
အသက်အရွယ်ကြီးသူတွေမှာလည်း ငြိမ်သက်တဲ့သီချင်းများ နားထောင်ခြင်းဖြင့် စိုးရိမ်ပူပန်ခြင်း၊ မခံမရပ်ဖြစ်ခြင်းတို့ လျော့ကျစေပြီး စိတ်အခြေအနေ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ အားအင်တို့ကို မြှင့်တင်ပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။
Source: everydayhealth
#Yangon_Media_Group
#World_Health
Published 19 February 2023
မက္ကဆီကိုမှ ကလေးတစ်ယောက်မွေးဖွားရာမှာ အမြီးပါဝင်လာကြောင်း ဆရာဝန်များဖော်ပြခဲ့ကြပါတယ်။
နျူဗိုလီယွန်ရှိဆေးရုံမှာ ထိုမိန်းကလေးငယ်ကို ဗိုက်ခွဲမွေးဖွားခဲ့ပြီး မိဘတွေ ကျန်းမာလျက်ရှိပါတယ်။
ထိုအမြီးက ၂.၂ လက်မရှိပြီး အရေပြား၊ အမွေးအမျှင်များရှိကာ ထိပ်ဖျားချွန်ပါတယ်။
ထိုကလေးကို နေ့စေ့လစေ့မွေးဖွားခဲ့ပြီး ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။
သူ့ကိုမွေးဖွားပြီးခဏအကြာမှာပဲ ဆရာဝန်တွေက အမြီးကိုတွေ့ရှိခဲ့ပါတယ်။
မြီးညှောင်ရိုးအောက်နားကနေ ထွက်နေကာ လက်ဝဲဘက်ကို အနည်းငယ်စောင်းနေပါတယ်။
အမြီးကို အပ်နဲ့ထိုးကြည့်ရာမှာတော့ ကလေးက ငိုနေခဲ့ပါတယ်။
အခြားဘက်မှာတော့ ကလေးဟာ ကျန်းမာလျက်ရှိပြီး ဦးနှောက်၊ နှလုံး၊ အကြားအာရုံ၊ ဆီး အားလုံးပုံမှန်ပဲဖြစ်ပါတယ်။
ကလေးကို ဆေးရုံမှဆင်းခွင့်ပေးခဲ့ပြီးနောက် ၂ လသားအရွယ်မှာ ပြန်လည်ဆန်းစစ်ခဲ့ကြရာ ကိုယ်အလေးချိန်၊ အရပ်အမြင့်ပုံမှန်ရှိခဲ့ပြီး အမြီးက ၀.၃ လက်မပိုရှည်လာပါတယ်။
ထို့နောက် ခွဲစိတ်ဆရာဝန်တွေက အမြီးကိုဖြတ်တောက်ပေးခဲ့ပါတယ်။
ထိုနေ့မှာပဲ လူနာကို ဆေးရုံမှဆင်းခွင့်ပေးခဲ့ကာ နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားခဲ့ရပါဘူး။
အမြီးကိုနောက်ထပ်ခွဲခြမ်းစိတ်ဖြာခဲ့ရာမှာ တစ်ရှူးပျော့၊ သွေးကြောများ၊ အာရုံကြောတွေနဲ့ ဖွဲ့စည်းထားကြောင်း တွေ့ရှိခဲ့ရပါတယ်။
ကလေးမမွေးခင်အထိ အမြီးပါလာတာကို သိကြလေ့မရှိဘဲ ဘာကြောင့် ဒီလိုအမြီးပါရလဲဆိုတာကိုလည်း မသိကြပါဘူး။
လူသားမျိုးရိုးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀ ခန့်က မျောက်တွေဆီကနေ မျိုးရိုးကွဲထွက်လာစဉ် အမြီးမပါတော့တာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 19 Feb 2023
ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ရေပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ မြောက်ကိုးရီးယားဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု မည်သည့်နေရာကိုမဆို ရောက်ရှိအောင်ပစ်လွှတ်နိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုလိုက်ကြပါတယ်။
ဒုံးကျည်ဟာ အလွန်မြင့်မားတဲ့ ဝေဟင်လမ်းကြောင်းကပစ်လွှတ်ခဲ့တာဖြစ်ပြီး ပုံမှန်ပစ်လွှတ်နေကျ အမြင့်ထက်များစွာ မြင့်မားပြီး သွားနိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဇာကာဇူ ဟာမာဒါက သတင်းထောက်တွေကိုပြောကြား လိုက်ပါတယ်။ ဒုံးကျည်ဟာ ကီလိုမီတာ ၁၄၀၀၀ အတိုင်းအတာအထိပစ်လွှတ်နိုင်လို့ ဒါဟာ အမေရိကန်တစ်နိုင်ငံလုံး ကို ရောက်နိုင်တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒုံးကျည်ဟာ ပြုံယမ်းမြို့တော် ဆင်ခြေဖုံးတစ်နေရာရာက ပစ်လွှတ်လိုက်တာလို့ ယူဆရပြီး ဂျပန်ပင်လယ်ထဲကျရောက်ခဲ့ တာဖြစ်ပါတယ်။ ၆၆ မိနစ်ကြာ ပျံသန်းမှုအတွင်း အမြင့် ၅၇၀၀ကီလိုမီတာအထိ ရောက်ရှိခဲ့ပါတယ်။ဒီဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက မြောက်ကိုးရီးယား က ပစ်လွှတ်ခဲ့တဲ့ ကမ္ဘာ့ တိုက်ကြီးများအကြားပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစားထဲမှာ ၁၁စီးမြောက်ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မနက်(ဖေဖော်ဝါရီ၁၉)မှာ ဒုံးကျည်ပစ်တဲ့အကြောင်း နှင့် ၄၀၁၅ စက္ကန့်အတွင်း ခရီးအရှည် ၉၈၉ ကီလိုမီတာကို အမြင့် ၅၇၆၈ ကနေ ပျံသန်းခဲ့တယ်လို့ မြောက်ကိုးရီးယားက အတည်ပြုလိုက်ပါတယ်။
“ဒါဟာ ကျွန်ုပ်တို့ရဲ နျူးကလီးယားဟန့်တားလက်နက်ရဲ့ အင်အားကြီးမားမှုကို အာမခံပြီး ရှင်းရှင်းလင်းလင်းသက်သေပြလိုက်တာ ဖြစ်တယ်” လို့ ကိုရီးယား သတင်းအေဂျင်စီ KCNA ကပြောပါတယ်။
မြူးနစ်မှာ လုံခြုံရေးဆိုင်ရာညီလာခံတစ်ခုတက်ရောက်ဖို့ရောက်ရှိနေကြတဲ အမေရိကန်၊ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒုံးကျည်ပစ်လွှတ်တဲ့သတင်းရရှိပြီးနောက် ချက်ခြင်းအစည်းအဝေးတစ်ခုခေါ်လိုက်ကြပါတယ်။
ဒါဟာ ရန်လိုတဲ့အပြုအမူဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကပြောလိုက်ပြီး မြောက်ကိုးရီးယားရဲ့ ဒီလုပ်ရပ်ဟာ ဒီနိုင်ငံသုံးနိုင်ငံကို ပိုပြီး ပေါင်းစည်းညီညွတ်သွားစေတယ်လို့လည်း ထပ်လောင်းပြောကြားလိုက်ပါတယ်။
Source: NikkeiAsia
#North_Korea_Missile
#North_Korea
#Indo_Pacific
Page 500 of 865