#WorldHealth
Published 23 June 2022
လေ့ကျင့်ခန်းတွေမလုပ်ဘဲ အိပ်စက်ခြင်းဖြင့်ကိုယ်အလေးချိန်လျော့နိုင်မယ်ဆိုရင် ဝိတ်ကျချင်သူတွေအတွက်တော့ သတင်းကောင်းဖြစ်ပါတယ်။
စမ်းသပ်ခံတဲ့လူတွေကို အောက်ဆီဂျင်ပမာဏနည်းပါးတဲ့တဲထဲမှာ သုတေသီများက အိပ်စက်ခိုင်းစေခဲ့ရာ ဒီဖြစ်စဉ်က တကယ်အကျိုးဖြစ်ထွန်းလာဖွယ်ရှိနေပါတယ်။
အရင်လေ့လာမှုတွေမှာ ခန္ဓာကိုယ်ထဲအောက်ဆီဂျင်ဓာတ်နည်းနေတဲ့အချိန်မှာ အစာစားချင်စိတ်လျော့ပါးသွားပြီး ဆီးချိုရောဂါရှိသူတွေမှာ ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေပါတယ်။
ပို့စ်မောက်တက္ကသိုလ်ကဦးဆောင်ပြီး အောက်ဆီဂျင်အကန့်အသတ်နဲ့သာ ပါဝင်တဲ့ စတာလင်ပေါင် ၂ ထောင်တန်တဲထဲမှာ စမ်းသပ်အိပ်စက်စေမယ့် အစီအစဉ်တွေ ပါဝင်နေပါတယ်။
ဒီလိုနည်းနဲ့ ဆီးချိုကြောင့် ဝိတ်ကျဖိုရုန်းကန်နေရသူတွေအတွက် အကူအညီဖြစ်စေပြီး ရောဂါသက်သာအောင် ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ သုတေသီများက ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာ ဆီးချိုရောဂါ ဒုတိယအမျိုးအစားရှိသူ ၄.၄ သန်းခန့်ရှိနေပြီး အမေရိကန်မှာ ၃၃ သန်းခန့်ရှိနေနိုင်ပါတယ်။
အစားအသောက်မညီညွတ်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့က ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေဖြစ်ပါတယ်။
လက်ရှိကုသနည်းတွေကတော့ အစာစားပြီး ဂလူးကိုစ်ပမာဏထိန်းသိမ်းဖို့ သောက်ဆေးသောက်ရတာမျိုးရှိသလို ဆေးနဲ့မထိန်းချုပ်နိုင်ဘူးဆိုရင် အင်ဆူလင်ထိုးပေးရပါတယ်။
လေယာဉ်ပျံစီးတဲ့အခါမျိုးနဲ့ အမြင့်နေရာတွေကိုရောက်တဲ့အခါမှာ ခန္ဓာကိုယ်ကအသက်ရှူဖို့ ပိုမိုရုန်းကန်လှုပ်ရှားရပြီး ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေတာဖြစ်ပါတယ်။
အောက်ဆီဂျင်နည်းပါးတဲ့ တဲထဲမှာအိပ်စက်ခြင်းက အသက်ရှူရခက်ခဲသူတွေနဲ့ အိပ်နေစဉ်အသက်ရှူကျပ်တတ်တဲ့သူတွေအတွက်တော့ မသင့်တော်ပါဘူး။
ပြုလုပ်မယ့်စမ်းသပ်မှုမှာ သုတေသီတွေဖန်တီးထားတဲ့ တဲများဖြင့် စမ်းသပ်ခံမယ့်သူတွေက အိမ်မှာပဲ ၁၀ ရက်တာကာလအပိုင်းအခြား ၂ ခါစမ်းသပ်ပါဝင်ရမှာဖြစ်ပါတယ်။
သူတို့ရဲ့အစားအသောက်မှတ်တမ်း၊ သွေး၊ ဆီး၊ ဝမ်းနမူနာများ သိရဖို့ စမတ်မော်နီတာများတပ်ဆင်ထားရမှာ ဖြစ်ပါတယ်။
သာမန်လေထုထဲမှာ အောက်ဆီဂျင်ပါဝင်မှု ၂၁ ရာခိုင်နှုန်းရှိပြီး စမ်းသပ်ခံမယ့်သူတွေကို အောက်ဆီဂျင် ၁၅ ရာခိုင်နှုန်းပေးထားမှာဖြစ်ပါတယ်။
ဇီဝကမ္မဗေဒပညာရှင်ဒေါက်တာ'အန့်ရှက်ဖာ့ဒ်'က ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါဖြစ်ပြီး နှလုံးရောဂါ၊ မျက်လုံးပြဿနာစတဲ့ ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်လို့ ပြောပြခဲ့ပါတယ်။
၂၀၄၅ ခုနှစ်အရောက်မှာ ဆီးချိုရောဂါဒုတိယအမျိုးအစားခံစားရသူ ကမ္ဘာတဝှမ်းမှာ လူသန်း ၇၀၀ ခန့်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
"သေသေချာချာ မသိရသေးပေမယ့် ကယ်လိုရီတွေလောင်ကျွမ်းရင် အစာစားချင်စိတ်မပေါ်ဘဲ ဗိုက်မဆာတော့တာဖြစ်ကြောင်း ဒေါက်တာ'ရှက်ဖာ့ဒ်'ကဆိုပါတယ်။
အောက်ဆီဂျင်ပမာဏနည်းပါးလာရင် အသက်ရှူကျပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မောပန်းလွယ်ခြင်းတို့ဖြစ်တတ်ပြီး အလွန်ဆိုးရွားလာရင်တော့ ကိုမာဝင်နိုင်သလို သေဆုံးခြင်းအထိပါ ဖြစ်ပွားတတ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 23 June 2022
အလွန်နည်းပါးတဲ့ ပမာဏလောက်ဖြင့် အရည်နဲ့အငွေ့များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ကင်ဆာကိုရှာဖွေစစ်ဆေးနိုင်မယ့် အာရုံခံကိရိယာတစ်မျိုးကို ရုရှားသုတေသီများ တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။
အရည်နဲ့အငွေ့များကို အလွန်အာရုံခံသိရှိနိုင်တဲ့ မိုက်ခရိုဖလူးဝစ်ဒစ်ချန်နယ်များနဲ့ နာနိုဖိုတိုနစ်အလင်းအာရုံခံ ကိရိယာများကို ဆားကစ်ပြားလေးမှာ တပ်ဆင်အသုံးပြုရကြောင်း HSE တက္ကသိုလ်နဲ့ စကောလ်ကိုဗို သိပ္ပံနဲ့နည်းပညာတက္ကသိုလ်တို့မှ သုတေသီများက Optics Letters မှာ ဖော်ပြခဲ့ကြပါတယ်။
အရည် ဒါမှမဟုတ် အငွေ့များကို ချန်နယ်တွေကနေညှစ်ထုတ်ကာ ထွက်လာတဲ့ဓာတ်ရောင်ခြည်ကို နာနိုဖိုတိုနစ် ကိရိယာများဖြင့် ရှာဖွေစစ်ဆေးတဲ့အခါ သုတေသီများက ထွက်ပေါ်လာတဲ့ရောင်စဉ်တန်းလက္ခဏာများနဲ့ အရည်အငွေ့ဖွဲ့စည်းပါဝင်ပုံများကို ဆုံးဖြတ်သုံးသပ်နိုင်မှာဖြစ်ပါတယ်။
သေးငယ်တဲ့ကိရိယာအရွယ်အစားကြောင့် အလွန်နည်းပါးတဲ့နမူနာများဖြင့်ပါ တိကျစွာရှာဖွေစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
နမူနာရယူတဲ့ နေရာကနေ အခြားနေရာကိုရွှေ့ပြောင်းရတဲ့အခါ သုတေသီများက ခွဲခြမ်းစိတ်ဖြာမှုမလုပ်နိုင်တဲ့အခါမျိုးမှာ ဒီစမ်းသပ်နည်းက အရေးကြီးပါတယ်။
HSE တက္ကသိုလ်ရဲ့ဖော်ပြချက်အရ လူတွေရဲ့သွေးထဲမှာ ကင်ဆာကိုရှာဖွေတွေ့ရှိနိုင်တဲ့ ပစ္စည်းများပါဝင်ပြီး အိတ်ဇိုဆုန်းကဲ့သို့ ပစ္စည်းတွေဟာ တစ်ရှူးနဲ့အင်္ဂါဆဲလ်တွေကနေ ထုတ်လွှတ်လိုက်တဲ့ အဏုဇီဝအိတ်လေးတွေ ဖြစ်ပါတယ်။
ကင်ဆာအစောပိုင်းအဆင့်တွေမှာ သွေးထဲက အိတ်ဇိုဆုန်းပမာဏက သိသိသာသာများလေ့ရှိပြီး ကင်ဆာရှိကြောင်း ကင်ဆာအထူးကုဆရာဝန်များက သိရှိနိုင်ပါတယ်။
"ဆဲလ်တွေက အိတ်ဇိုဆုန်းကဲ့သို့ပစ္စည်းများ အသုံးပြုပြီး ဆဲလ်အချင်းချင်းဆက်သွယ်ကြပါတယ်၊ ဒါပေမဲ့ အတွင်းပိုင်းနဲ့အပြင်ပိုင်းဆိုင်ရာ အချက်အလက်များကနေ မှားယွင်းပေးပို့ပြီး ဆဲလ်ကွဲခြင်းနဲ့ အကျိတ်ကြီးထွားခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်" လို့ စကောလ်ကိုဗို သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ ပရော်ဖက်ဆာ'ဒီမစ်ထရီဂိုရင်'က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#WorldEnvironment
Published 21 June 2022
ပေကျင်းရှိ နှစ်ပေါင်း ၃,၅၀၀ သက်တမ်းရှိတဲ့ သစ်ပင်အိုကြီးဟာ ဒေသပိုင်အာဏာပိုင်များရဲ့ ပြုပြင်စောင့်ရှောက်မှုနဲ့ လွတ်လပ်ကျယ်ပြန့်တဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် အသက်ဝင်ရှင်သန်နေဆဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 22 June 2022
ဖိနပ်မပါခြေဗလာနှင့် တီးဝိုင်းတစ်ခုဟာ ဘာရွန်ဒီ အမျိုးသားဝတ်စုံတွေ ဝတ်ဆင်ပြီး ကြီးမားလှတဲ့ သစ်သားဗုံကြီးတွေကို အားအင်အပြည့်နှင့် ရိုက်ခတ် လိုက်ပါတယ်။ တိကျသေချာမှုနှင့်... မကွယ်မဝှက်တဲ့ ပျော်ရွှင်မြးတူးမှုတွေနှင့် ဖြစ်ပါတယ်။
လက်တစ်ဖက်စီမှာ တုတ်ချောင်းတစ်ခုကိုကိုင်ပြီး သူတို့ဟာ ဝှေ့ရမ်းကခုန်နေကြပါတယ်။ ဗုံးတီးသူတွေနှင့် သူတို့ရဲ့တော်ဝင် ဗုံတွေဟာ ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ ဘာရွန်ဒီတို့ရဲ့ ရိုးရာဓလေ့ဖြစ်ပြီး ယူနက်စကိုအဖွဲ့ကြီးက စာရင်းသွင်း အသိအမှတ်ပြုထားတာပါ။ အစိုးရက သတိနှင့်စောင့်ရှောက်ကာကွယ်ပေးနေရတဲ့ ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်။
Source AFP
အာဖဂန်နစ္စတန်နိုင်ငံ အစွန်အဖျားဒေသ တောင်ထူထပ်တဲ့ ရွာတွေရှိတဲ့နေရာ တွင် ဗုဒ္ဓဟူးနေ့ စောစောပိုင်းက ပြင်းအား ၆.၁အဆင့်ရှိ ငလျင်ကြီးလှုပ်ရှားသွားရာ လူပေါင်း ၁၀၀၀ကျော် သေဆုံးခဲ့ရပါတယ်။ လူ ၁၅၀၀ကျော်ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူ ဒီထက်ပိုများနိုင်ပါတယ်လို့ နိုင်ငံပိုင်မီဒီယာကပြောပါတယ်။
၂၀၀၂ခုနှစ်ငလျင်နောက်ပိုင်း ယခုငလျင်ဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းပါကစ္စတန်နယ်စပ်အနီးက ခို့စ်မြို့က ၂၇မိုင်အကွာ တောင်ထူထပ်တဲ့နေရာမှာလှုပ်ရှားသွားတာပါ။
အသေအပျောက်အများဆုံးက အရှေ့ပိုင်း ပက်တီကာပြည်နယ်ဖြစ်ပြီး အဲဒီနေရာမှာ လူပေါင်း ၂၅၅ ဦးသေဆုံးခဲ့ရပြီး
၂၀၀ကျော်ဒဏ်ရာရခဲ့တာပါ။
ငလျင်လှုပ်ရှားမှုဒဏ်ကို ပါကစ္စတန်၊အာဖဂန်နစ္စတန်နှင့်အိန္ဒိယနိုင်ငံတွေက လူပေါင်း ၁၁၉သန်းခန့် ခံစားခဲ့ကြရပါတယ်။ဒါပေမယ့် ပါကစ္စတန်ဘက်က ထိခိုက်သေဆုံးမှုသတင်းတွေ ပေးပို့ခြင်းမရှိသေးပါဘူး။
Source Reuters/AP
#DailyNews
Published - 22 June 2022
၁။ မြန်မာ့ထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ်သို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့နိုင်ရန်စီစဉ်
၂။ သွေးလန့်လက္ခဏာများ ပေါ်လာပါကဆေးရုံကို အချိန်မီသွားရန်လိုဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပေကျင်းရှိ နှစ်ပေါင်း(၃,၅၀၀)သက်တမ်းရှိ ထင်းရှူးပင်အိုကြီးကို ထိန်းသိမ်းစောင့်ရှောက်နေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldHealth
Published 21 June 2022
နေ့စဉ်အချိန်ကြာမြင့်စွာ အထိုင်များခြင်းက စောစီးစွာအသက်ဆုံးပါးနိုင်ကြောင်း လေ့လာချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကနေဒါနိုင်ငံ ဗန်ကူဗာ ဆိုင်မွန်ဖရေဆာတက္ကသိုလ်မှ သုတေသီများက ဖော်ပြခဲ့ရာမှာ အချိန်ကြာကြာထိုင်နေခြင်းဖြင့် နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေရှိပြီး အသက်အန္တရာယ်ပါရှိကြောင်း သိရှိရပါတယ်။
လတ်တလောနှစ်များမှာ ကမ္ဘာတဝှမ်းကလူတွေအနေနဲ့ ထိုင်ရတဲ့အချိန်ပိုများလာကြောင်း သုတေသီများ သတိပေးထားပါတယ်။
ဒါဟာ ကွန်ပျူတာနဲ့စမတ်ဖုန်းတွေလို နည်းပညာတွေထွန်းကားလာတာကြောင့်လည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဥရောပတခွင်မှာ အဝလွန်ခြင်း၊ ဆီးချိုရောဂါအဖြစ်များလာခြင်းနဲ့ ကမ္ဘာတဝှမ်းကျန်းမာရေးပြဿနာများဟာ အထိုင်များခြင်းကြောင့်ဖြစ်ပါတယ်။
နိုင်ငံ ၂၁ နိုင်ငံမှ အသက် ၁၁ နှစ်ဝန်းကျင်ရှိ လူငယ်ပေါင်း ၁၀၅,၀၀၀ ဦးထံမှ အချက်အလက်များကောက်ယူကာ တွေ့ရှိချက်တွေကို သုတေသီများက JAMA Cardiology မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။
"သက်တမ်းမစေ့ခင် အသက်ဆုံးပါးခြင်းများနဲ့ နှလုံးသွေးကြောရောဂါများ လျော့ကျဖို့အတွက် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းနဲ့ ထိုင်ချိန်နည်းပါးအောင်ပြုလုပ်ခြင်းတို့က အရေးကြီးပါတယ်" လို့ ဖော်ပြထားပါတယ်။
တစ်နေ့ကို အချိန် ၄ နာရီမှ ၆ နာရီကြားထိုင်တဲ့သူတွေက နှလုံးရောဂါလိုမျိုးဖြစ်နိုင်ချေနည်းပါးကြောင်းတွေ့ရှိရပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တစ်နေ့ကို ၆ နာရီမှ ၈ နာရီကြား ထိုင်တဲ့သူတွေကတော့ အသက်ဆုံးရှုံးမှုနှုန်းအနည်းငယ်ပိုများလာပြီး တစ်နေ့ ၈ နာရီထက် အထိုင်များသူတွေက အသက်အန္တရာယ် ၁၀ ရာခိုင်နှုန်း ပိုများလာပါတယ်။
ဖွံ့ဖြိုးမှုအားနည်းတဲ့ နိုင်ငံကလူတွေက ပိုမိုဖွံ့ဖြိုးတဲ့နိုင်ငံကလူတွေထက် ပိုပြီးဖြစ်နိုင်ချေများနေပါတယ်။
အထိုင်များခြင်းတစ်ခုတည်းဖြင့် ဆုံးဖြတ်တာမျိုးမဟုတ်ဘဲ ထိုင်မနေတဲ့အချိန်တွေမှာ ဘာတွေလုပ်လဲဆိုတဲ့အပေါ်လည်း မူတည်နေပါသေးတယ်။
လူသားကျန်းမာရေးနဲ့ ဆိုင်တဲ့မေးခွန်းတစ်ခုက အထိုင်များခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့ဆက်စပ်နေတာနဲ့ ပတ်သက်နေပါတယ်။
ကိုယ်လက်လှုပ်ရှားမှု မပါဘဲနဲ့ ထိုင်ချိန်လျှော့ခြင်းကတော့ ကျန်းမာရေးအတွက် သိသိသာသာတိုးတက်လာမှာ မဟုတ်ဘဲ အထိုင်နည်းနည်းနဲ့ များများလှုပ်ရှားမှ ကျန်းမာမှာဖြစ်ကြောင်း လမ်းညွှန်ချက်တွေကို ထောက်ခံသွားမှာဖြစ်ပါတယ်။
အမေရိကန်က အလုပ်အကိုင် ၅ မျိုးမှာ ၁ မျိုးက ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ အလုပ်မျိုးဖြစ်နေပြီး ၁၉၅၀ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ၈၀ ရာခိုင်နှုန်းများပြားလာကြောင်း Forbes က အစီရင်ခံထားပါတယ်။
အလုပ်မှာ ထိုင်နေရတဲ့အပြင် အိမ်ရောက်တဲ့အခါမှာလည်း အားလပ်ချိန်တွေမှာ တီဗီကြည့်ခြင်းဖြင့် အထိုင်များနေကြပါတယ်။
ဒီလိုအထိုင်များတဲ့ လူနေမှုဘဝကြောင့် အမေရိကားမှာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတို့အဖြစ်များလာပြီး နှလုံးရောဂါကြောင့် လူအများစုအသက်ဆုံးရှုးနေရပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 805 of 945