#DailyNews
Published - 18 Feb 2022
၁။ ပြည်ထောင်စုနေ့တက်ရောက်ခြင်းအပေါ် ထုတ်ပြန်ချက်များထွက်ပေါ်လာခြင်းက နိုင်ငံရေးလုပ်ကြံမှုဟု
ဒေါ်စောမြရာဇာလင်းပြောကြား
၂။ ၅၀၅(က) အမှုအတွက်ငြင်းဆိုထားသော သက်တော်စောင့် ချယ်ရီထက်၏ သက်သေများအား လာမည့်တစ်ပတ်တွင်စစ်ဆေးမည်
၃။ မိုးလေဝသ သတင်း
၄။ ဘိုင်အိုတက်ခ်ကုမ္ပဏီမှ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေး ရွှေ့ပြောင်းဓာတ်ခွဲခန်းများအား အာဖရိကသို့ ပို့ဆောင်သွားမည်.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 18 February 2022
ရုရှားတို့က ရက်ပိုင်းအတွင်း ယူကရိန်းကိုကျူးကျော်တိုက်ခိုက်လာနိုင်ပြီး ဥရောပမှာ နောက်ထပ်စစ်ပွဲတစ်ခုဖြစ်လာမယ့်အန္တရာယ်ရှိနေကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ကြာသပတေးနေ့က သတိပေးလိုက်ပါတယ်။
ယူကရိန်းအရှေ့ဘက်ပိုင်းမှာ အချိန်အတော်ကြာမြင့်လာတဲ့အထိ နှစ်နိုင်ငံထိပ်တိုက်တွေ့ဆုံနေကြရာ အချို့နိုင်ငံကြီးတွေရဲ့ စိုးရိမ်ပူပန်မှုတွေက ပဋိပက္ခတွေပိုကြီးလာအောင် အစပျိုးသလိုဖြစ်နေပါတယ်။
ကမ္ဘာ့အကြီးအကဲပုဂ္ဂိုလ်တွေ အပြိုင်အဆိုင်ပြဿနာဖြေရှင်းနေကြပေမယ့် အရှေ့နိုင်ငံနဲ့အနောက်နိုင်ငံကြား သံသယတွေကတော့ ပိုပြီးကြီးထွားလာပုံရပါတယ်။
ရုရှားစစ်ရေးလေ့ကျင့်မှုများပြုလုပ်ပြီးနောက် တပ်ပြန်ဆုတ်သွားခဲ့ပြီလို့ ရုရှားတို့က အဆိုပြုထားပေမယ့် နေတိုး(NATO)မဟာမိတ်အဖွဲ့တွေကတော့ ဒီအဆိုကို ယုံကြည်ခြင်းမရှိပါဘူး။
ဒါ့အပြင် ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်အင်အား ၁ သိန်းခွဲခန့် ဖြန့်ကျက်နေရာချထားတယ်လို့ ယုံကြည်ယူဆနေကြပါတယ်။
ဒါဟာ ရုရှားမြေပြင်စစ်တပ်ကြီးရဲ့ ၆၀ ရာခိုင်နှုန်းအင်အားခန့် ရှိနေတာကြောင့် ဒီတပ်ဖွဲ့တွေနဲ့ ရုရှားတို့ဘာတွေပြုလုပ်ဖို့ ရည်ရွယ်နေသလဲဆိုတာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်လျက်ရှိပါတယ်။
ရုရှားတို့က ယူကရိန်းကို ကျူးကျော်ဖိုအစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပေမယ့် ယူကရိန်းကို ရုရှားလွှမ်းမိုးမှုအောက်မှာရှိနေဖို့ အရင်ကတည်းကအလိုရှိနေပြီး နေတိုးတပ်ဖွဲ့တွေ ဥရောပအရှေ့ဘက်သို့ တိုးချဲ့လာမှုကိုလည်း ခြိမ်းခြောက်မှုအဖြစ် ယူဆထားပါတယ်။
ရုရှားတို့ ကျူးကျော်ဖိုအစီအစဉ်မှန်သမျှကို ထုတ်ဖော်ကာကွယ်သွားနိုင်ဖို့ အမေရိကန်နဲ့ဗြိတိန်တို့ မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်ဘလင်ကန်'က ကုလလုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းကိုကျူးကျော်ရန် အကြောင်းပြချက်ကိုလည်း ရုရှားတို့က လုပ်ကြံဖန်တီးသွားတော့မှာဖြစ်ကြောင်း 'ဘလင်ကန်'က သံတမန်တွေကို မှာကြားထားပါတယ်။
ရုရှားနိုင်ငံထဲမှာ အကြမ်းဖက်ဗုံးခွဲခြင်း၊ မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်ခြင်း၊ ဓာတုလက်နက်များဖြင့်တိုက်ခိုက်ခြင်းများ တွေ့ရှိထားပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ စတင်တိုက်ခိုက်လာနိုင်ပြီး ယူကရိန်းနိုင်ငံအပေါ် ဒုံးကျည်တွေ ဗုံးတွေအသုံးပြုလာနိုင်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ လူဦးရေ ၃ သန်းနီးပါးရှိတဲ့ မြို့တော်ကိဗ်ကို ဝင်ရောက်လာနိုင်ပြီး အခြားအရေးကြီးနေရာတွေကို ပစ်မှတ်ထားလာနိုင်ကြောင်း အမေရိကန်တို့က ခန့်မှန်းပုံဖော်နေကြပါတယ်။
'ဘိုင်ဒန်'က အိမ်ဖြူတော်တွင်ပြောကြားရာမှာ ရုရှားတို့က တပ်ပြန်ဆုတ်မယ်လို့ ကတိပေးပြောဆိုခဲ့ပေမယ့် လက်တွေ့မှာ တပ်ဆုတ်တဲ့အရိပ်အယောင်မတွေ့ရကြောင်း၊ ယူကရိန်းနယ်စပ်ဘက်ကို နောက်ထပ်စစ်အင်အားတိုးချဲ့မှုတွေပါ ပြုလုပ်လာတာကြောင့် ကျူးကျော်နိုင်တဲ့အန္တရာယ်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့သိရှိသလောက်ကတော့ ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အကြောင်းပြချက်တစ်ခု လုပ်ကြံဖန်တီးပြီး ဝင်ရောက်ဖွယ်ရှိနေတယ်လို့လည်း ယူဆထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပမှအရာရှိတွေက ကျူးကျော်မှုပြုလုပ်ရန် ရုရှားတို့ပြုလုပ်လာနိုင်တဲ့ အကြောင်းပြချက်တွေအတွက် အလွန်သတိထားစောင့်ကြည့်နေရပါတယ်။
Source: AP News
#Yangon_Media_Group
#WorldHealth
Published 18 February 2022
ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲရဲ့ BA.2 မျိုးနွယ်ခွဲဟာ မူလအိုမီခရွန်ထက် ထူးထူးခြားခြားရောဂါလက္ခဏာပြင်းထန်ခြင်းမျိုး မဖြစ်နိုင်ကြောင်း တောင်အာဖရိကမှလေ့လာချက်တစ်ရပ်မှာဖော်ပြထားကာ အဆိုပါမျိုးနွယ်ခွဲအသစ်အပေါ် စိုးရိမ်ပူပန်နေမှုကို သက်သာရာရစေပါတယ်။
အိုမီခရွန်မျိုးနွယ်ခွဲအသစ် ကူးစက်ခြင်းခံရတဲ့လူနာတွေအနေနဲ့ ဆေးရုံတက်ကုသခံယူရမှုနဲ့ ရောဂါပြင်းထန်မှုတိုမှာ မူလအိုမီခရွန်မျိုးဗီဇကွဲနဲ့ အတူတူနီးပါးဖြစ်နေကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
တောင်အာဖရိကနိုင်ငံ ကူးစက်ရောဂါအမျိုးသားတက္ကသိုလ်အဖွဲ့က ဆေးရုံတွေနဲ့ အစိုးရဓာတ်ခွဲခန်းဌာနတွေမှ ကူးစက်မှုပေါင်း ၁ သိန်းနီးပါးကို လေ့လာဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ မူလအိုမီခရွန်မျိုးဗီဇကွဲဟာ အမေရိကန်၊ ဥရောပနိုင်ငံများသို့ ကူးစက်ခဲ့တဲ့အပြင် ကမ္ဘာ့အနှံ့အပြားကိုပါ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် BA.2 မျိုးနွယ်ခွဲ ထပ်မံပေါ်ထွက်လာကာ မူလအိုမီခရွန်ထက် ပိုမိုကူးစက်မြန်နိုင်တယ်လို့ ယူဆခဲ့ကြတာကြောင့် စိုးရိမ်စွာဖြင့် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
လေ့လာချက်အရ BA.2 မျိုးနွယ်ခွဲဟာ နဂိုမူလအိုမီခရွန်လိုပဲ ကိုရိုနာဗိုင်းရပ်စ်အခြားမျိုးဗီဇကွဲတွေနဲ့ နှိင်းယှဉ်ပါက ရောဂါအပျော့စားသာဖြစ်လေ့ရှိတာကို တွေ့ရှိခဲ့ပါတယ်။
သတိပြုစရာကတော့ တောင်အာဖရိကမှလူအများစုဟာ ကိုဗစ်ကာကွယ်ဆေးထက်စာရင် ကိုဗစ်ရောဂါကူးစက်မှုမှရတဲ့ ရောဂါခုခံအားရရှိထားတာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးရှိလူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ရောဂါကူးစက်ပြီးပြီလို့ ယူဆရပြီး လူဦးရေ ၂၉ ရာခိုင်နှုန်းကသာ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးကာ booster အားမြှင့်ကာကွယ်ဆေးထိုးပြီးသူ ၁.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။
ဒီဇင်ဘာအစောပိုင်းက ရောဂါကူးစက်သူဦးရေ ၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ တောင်အာဖရိကမှာ BA.2 မျိုးနွယ်ခွဲလျင်မြန်စွာကူးစက်ပျံ့နှံခဲ့ပြီး ဇန်နဝါရီလကုန်လောက်မှာ ၈၀ ရာခိုင်နှုန်းအထိ ကူးစက်သူတွေများပြားလာခဲ့ပါတယ်။
ဓာတ်ခွဲခန်းဆန်းစစ်လေ့လာချက်တွေအရ ကူးစက်သူ ၉၅,၄၇၀ ဦးတွင် BA.2 မျိုးနွယ်ခွဲကူးစက်မှုကြောင့် ဆေးရုံတက်ကုသခံယူရသူ ၃.၆ ရာခိုင်နှုန်းရှိကာ မူလအိုမီခရွန်ကြောင့် ဆေးရုံတက်ကုသခံယူရသူ ၃.၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဆေးရုံတက်ကုသခံယူရသူ ၃,၀၅၈ ဦးမှာမှ BA.2 မျိုးနွယ်ခွဲကူးစက်မှုကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားသူ ၃၀.၅ ရာခိုင်နှုန်းရှိကာ မူလအိုမီခရွန်ကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားသူ ၃၃.၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။.
Source: Bloomberg.
#Yangon_Media_Group
#WorldHealth
Published 18 February 2022
mRNA ကာကွယ်ဆေးတွေဖြစ်တဲ့ မိုဒါနာနဲ့ ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကိုဗစ်အားမြှင့်ကာကွယ်ဆေးတွေရဲ့ ရောဂါကာကွယ်နိုင်စွမ်းဟာ အလျင်အမြန်ကျဆင်းလာကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC က အချက်အလက်တွေနဲ့ တင်ပြလိုက်ပါတယ်။
ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုအမြင့်ဆုံးကာလအတွင်း mRNA ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီး နှစ်လအတွင်းမှာ ကာကွယ်ဆေးအာနိသင်က ဆေးရုံတက်ကုသခံယူရမှုနှုန်းကို ၉၄ ရာခိုင်နှုန်းလျှော့ချနိုင်ပြီး အရေးပေါ်ကုသခံယူမှုနှုန်းကို ၉၂ ရာခိုင်နှုန်းလျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ရကြောင်း သုတေသီတွေက တင်ပြထားပါတယ်။
နှစ်လကျော်ပြီးနောက်မှာ ကာကွယ်ဆေးအာနိသင်လျော့သွားပေမယ့် အားမြှင့်ကာကွယ်ဆေး booster ထိုးပြီး နှစ်လအတွင်းမှာတော့ ရောဂါကာကွယ်နိုင်စွမ်းက ၉၆ ရာခိုင်နှုန်းနဲ့ ၉၇ ရာခိုင်နှုန်းအသီးသီး ပြန်လည်မြင့်တက်လာပါတယ်။
၄ လနောက်ပိုင်းမှာတော့ ဆေးရုံတက်ကုသခံယူရမှုနှုန်းကို ၇၆ ရာခိုင်နှုန်းသာကာကွယ်နိုင်ပြီး အရေးပေါ်ကုသခံယူရမှုနှုန်းကို ၈၉ ရာခိုင်နှုန်းသာ ကာကွယ်နိုင်ပါတော့တယ်။
အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုအမြင့်ဆုံးကာလမှာ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး ၂ လအတွင်း ဆေးရုံတက်ကုသခံယူမှုကို ၇၁ ရာခိုင်နှုန်းနဲ့ အရေးပေါ်ကုသခံယူမှုကို ၆၉ ရာခိုင်နှုန်းကာကွယ်နိုင်ကာ booster အားမြှင့်ကာကွယ်ဆေး ၂ လအတွင်း ၉၁ ရာခိုင်နှုန်းနဲ့ ၈၇ ရာခိုင်နှုန်းအသီးသီး၊ ၄ လကြာပြီးနောက်ပိုင်း ၇၈ ရာခိုင်နှုန်းနဲ့ ၆၆ ရာခိုင်နှုန်းအသီးသီးတို့သာ ကာကွယ်နိုင်တာကို တွေ့ရှိရပါတယ်။
ဒီခန့်မှန်းတွက်ချက်မှုတွေကို ဩဂုတ်လမှ ဇန်နဝါရီလအတွင်း ကိုဗစ်ရောဂါကြောင့် အရေးပေါ်ကုသခံယူရသူ ၂၄၁,၂၀၄ ဦးနဲ့ ဆေးရုံတက်ကုသခံယူရသူ ၉၃,၄၀၈ ဦးတို့ထံမှ လေ့လာဆန်းစစ်ထားတာဖြစ်ပါတယ်။
"နောက်ထပ်ကာကွယ်ဆေးအကြိမ်ရေ ထပ်မံထိုးနှံဖို့လိုအပ်ကြောင်း လေ့လာသိရှိထားပါတယ်။ တတိယအကြိမ်ကာကွယ်ဆေးထိုးနှံချင်တဲ့ လူမည်းမျိုးနွယ်လူဦးရေက လူဖြူတွေထက် တဝက်ခန့်သာရှိတာကြောင့် သူတို့မှာ ပြင်းထန်တဲ့ကိုဗစ်ရောဂါလက္ခဏာတွေ ဖြစ်နိုင်ချေပိုရှိနေပါတယ်" လို့ အင်ဒီယာနာတက္ကသိုလ်မှ 'ဘရိုင်ယန်ဒစ်ဇွန်'က ပြောပြသွားပါတယ်။
Source: Reuters.
#Yangon_Media_Group
#WorldCulture
Published 17 February 2022
လင်းပိုင်အမဲလိုက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်နေရတဲ့အကြောင်းကို စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်နယ်မြေတစ်ခုဖြစ်တဲ့ ဖာရိုးကျွန်းစုက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
Published 17 February 2022
ပြင်သစ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကိုဗစ်-၁၉နှင့်ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒါကြောင့် ညကလပ်တွေဟာ ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကဖေးဆိုင်တွေဟာလည်း ထိုင်စားသောက်နိုင်ကြပြီဖြစ်ပါတယ်။
အဲဒီလျော့ပေါ့ပေးမှုကြောင့် ဒီဇင်ဘာတုန်းက ရုတ်တရက်ကန့်သတ်ထားမှုတွေရှိခဲ့တဲ့ ညအချိန် အပျော်အပါးနှင့်ဖျော်ဖြေရေး လုပ်ငန်းတွေ သက်သာရာရသွားကြပါတယ်။
Source AFP
Published 17 February 2022
ဗြိတိန်က အရေပြားထိန်းသိမ်းမှုဆိုင်ရာ အလှကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Upcircle က နေ့စဉ်နေ့တိုင်း လန်ဒန်က ကော်ဖီဆိုင်တွေကနေ ကော်ဖီအနည်တွေကို လိုက်လံသိမ်းဆည်းပါတယ်။ တစ်ရက်တစ်ရက်ကို ကော်ဖီအနည်တွေ ၁၀၀ကီလိုဂရမ်လောက်ရရှိပြီး အဲဒါတွေကို သူတို့က အလှကုန်ထုတ်လုပ်ရာမှာ ပြန်လည်အသုံးပြုပါတယ်။ သူတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေကနေ အလှကုန်ပြန်ထုတ်တဲ့ ဦးစီးဦးရွက်အစီအစဉ်ကို လန်ဒန်ဒီဇိုင်းပြတိုက်မှာ ပြသခဲ့ကြပါတယ်။
Source AFP
Page 804 of 820