#World_Health
Published 26 April 2023


ခံတွင်းအထဲကနေရာဟာ မှောင်မည်း၊ ပူနွေးတာကြောင့် ဘက်တီးရီးယားများ ပေါက်ဖွားရန်အကောင်းဆုံးနေရာဖြစ်ပြီး စားလိုက်တဲ့ စားစရာသောက်စရာတွေက သူတို့အတွက် အာဟာရဖြည့်တင်းပေးသလို ဖြစ်နေပါတယ်။

 

သွားနဲ့သွားဖုံးတွေမှာ အန္တရာယ်ပြုဘက်တီးရီးယားများ စုပြုံလာတဲ့အခါ သွားအနားတဝိုက်ရှိ သွားဖုံးနဲ့အရိုးတွေမှာ ရောဂါပိုးကူးစက်လာနိုင်ပြီး ရောဂါဖြစ်ပွားနိုင်ပါတယ်။

 

ပါးစပ်ထဲမှာ ဒီလိုမျိုးရောဂါပိုးဝင်ရောက်ခြင်းကနေ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းတွေကိုပါ သက်ရောက်လာနိုင်ကြောင်း မစ်ဆူရီကန်းဆက်စ်မြို့တက္ကသိုလ်မှ ခံတွင်းကျန်းမာရေးပရော်ဖက်ဆာ'ကင်ဘာလီဘရေး'က ပြောပြပါတယ်။

 

သွားဖုံးရောင်ရောဂါကနေ ဆီးချို၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ဒီမန်ရှာတို့နဲ့ပါ ဆက်စပ်နေကြောင်း တွေ့ရှိထားပါတယ်။

 

အမေရိကန်မှာ အသက် ၃၀ နှင့်အထက် လူဦးရေ ၄၇ ရာခိုင်နှုန်းဟာ သွားဖုံးရောင်ရောဂါခံစားနေရကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ပြောကြားလိုက်ပါတယ်။

 

အစောပိုင်းမှာ သွားဖုံးတွေ ရောင်ရမ်းနီရဲတတ်ကာ အလွယ်တကူသွေးထွက်တတ်တဲ့ သွားဖုံးရောင်ရောဂါဖြစ်နိုင်ပါတယ်။

 

မကုသဘဲထားလိုက်ရင် သွားဖုံးတွေ လျော့ရဲလာပြီး အရိုးဆုံးရှုံးကာ သွားတွေကျွတ်ထွက်လာတဲ့ ရေစီးကမ်းပြိုရောဂါအထိ ဖြစ်လာနိုင်ပါတယ်။

 

ထိုအခါမှာ သွားဖုံးနဲ့သွားများရှိ ဘက်တီးရီးယားများနဲ့ အဆိပ်အတောက်ပစ္စည်းတွေက သွေးထဲသို့ရောက်ကာ အင်္ဂါအနှံ့အပြားသို့ ပျံ့နှံ့သွားကြောင်း နယူးယော့ခ်ခံတွင်းကောလိပ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'အာနန်ဒါဒါဆန်ယာကီ'က ပြောပြခဲ့ပါတယ်။

 

- ဆီးချို

 

ခံတွင်းကျန်းမာရေးနဲ့ ရောဂါဘယကြား အထင်ရှားဆုံးတစ်ခုကတော့ ဆီးချိုရောဂါပါပဲ။


သွားဖုံးရောင်ခြင်းအခြေအနေကနေ အင်ဆူလင်တုန့်ပြန်နိုင်စွမ်းကိုဆိုးရွားစေပြီး ဆီးချိုတက်စေတာဖြစ်ပါတယ်။

 

- အဆုတ်ရောင်ရောဂါ

 

ပါးစပ်မှ ဘက်တီးရီးယားအမြောက်အများက အဆုတ်ထဲရှူသွင်းမိပြီး ဝင်ရောက်လာတဲ့အခါ အဆုတ်ရောင်ရောဂါဖြစ်တတ်ပါတယ်။

 

သွားသန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖြင့်ကုသခြင်းတို့ဖြင့် ထိုကဲ့သို့အဆုတ်ရောင်ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

 

- နှလုံးသွေးကြောရောဂါများ

 

ရေစီးကမ်းပြိုရောဂါနဲ့ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကြား ဆက်စပ်နေပုံကို ၂၀၂၀ က ဖော်ပြထားပါတယ်။

 

ပါးစပ်မှာရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေက နှလုံးရောဂါသည်တွေမှာ သွေးကြောတွေထံရောက်ရှိစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားစေတာဖြစ်ပါတယ်။

 

- ကိုယ်ဝန်ဆောင်ပြဿနာများ

 

ကိုယ်ဝန်ဆောင်စဉ် သွားဖုံးရောင်ရောဂါပြင်းထန်ပါက လမစေ့ဘဲမွေးခြင်း၊ ကလေးကိုယ်အလေးချိန်နည်းပါးခြင်း၊ ကလေးအသေမွေးခြင်းတို့ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ခံတွင်းမှ ဘက်တီးရီးယားတွေက ခုခံအားဆဲလ်တွေကို လှုံ့ဆော်စေကာ သားအိမ်အတွင်း ရောင်ရမ်းခြင်းကို ဖြစ်စေပြီး အချင်းနဲ့ သန္ဓေသားတစ်ရှူးတို့ကို ဖိနှိပ်စေပါတယ်။

 

- ဒီမန်ရှာ

 

ရေစီးကမ်းပြိုရောဂါကနေ ဗဟိုအာရုံကြောစနစ်ဖြင့် ဦးနှောက်သို့တိုက်ရိုက်ကူးစက်ခြင်း ဒါမှမဟုတ် နာတာရှည်ရောင်ရမ်းခြင်းကနေ သွယ်ဝိုက်ပြီးကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။

 

ခံတွင်းဘက်တီးရီးယားသက်သက်ကြောင့်တော့ အယ်လ်ဇိုင်းမားဖြစ်စေတာမဟုတ်ဘဲ ထိုကဲ့သို့အခြေအနေရှိသူတွေမှာ အဖြစ်များနိုင်တဲ့သဘောသာဖြစ်ပါတယ်။

 

ခံတွင်းကျန်းမာရေးထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းကတော့ ခံတွင်းထိန်းသိမ်းစောင့်ရှောက်ရေးနည်းလမ်းအတိုင်း လိုက်နာခြင်း၊ တစ်နေ့ ၂ ခါသွားတိုက်ခြင်းတို့ပဲဖြစ်ပါတယ်။

 

Source: CNA #World_Health #ကျန်းမာရေး # ခံတွင်းနှင့်သွားဖုံးသန့်ရှင်းရေး
#YMG#Yangon_Media_Group