#World_News
Published 23 December 2022
အမေရိကန်နိုင်ငံတဝှမ်းမှာ ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၂,၂၀၀ ထက်မနည်း ဖျက်သိမ်းလိုက်ရကာ ဒါဟာ မျိုးရိုးစဉ်ဆက်တစ်ခုအတွင်း တစ်ကြိမ်သာတွေ့ရတတ်တဲ့ မုန်တိုင်းမျိုးဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာန(NWS)က ကြေညာလိုက်ပါတယ်။
ချမ်းအေးမှုက ခရစ္စမတ်သီတင်းပတ်အထိ ဆက်ရှိနိုင်ပြီး နှစ်ပေါင်း ၄၀ အတွင်း အချမ်းဆုံးခရစ္စမတ်ဖြစ်လာမယ်လို့ ခန့်မှန်းသူများက ဆိုပါတယ်။
ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီအထိ အမေရိကန်လေကြောင်းခရီးစဉ်ပေါင်း ၂,၂၀၀ ကျော်ဖျက်သိမ်းခဲ့ကာ သောကြာနေ့မှာပျံသန်းမယ့် ခရီးစဉ် ၉၀၀ ကျော်ကိုလည်း ကြိုတင်ဖျက်သိမ်းလိုက်ရတာကြောင့် ခရစ္စမတ်အားလပ်ရက်မှာ ချစ်ခင်သူတွေနဲ့ အတူနေထိုင်ဖို့စီစဉ်ထားတဲ့ သူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ကြာသပတေးနေ့အတွင်း ခရီးစဉ် ၃,၇၀၀ ကျော်ဟာလည်း နှောင့်နှေးကြန့်ကြာဦးမယ်လို့ ကြေညာထားရပါတယ်။
ကြာသပတေးနေ့က လေယာဉ်ခရီးစဉ်ဖျက်သိမ်းတဲ့အထဲမှာ ချီကာဂိုနဲ့ ဒင်ဗာတို့မှ ခရီးစဉ်အများဆုံးပါဝင်ပါတယ်။
ချီကာဂိုရှိ O'Hare အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ခရီးစဉ်နှောင့်နှေးမှု ပျမ်းမျှအားဖြင့် ၁၅၉ မိနစ်ရှိခဲ့ပြီး နှင်းနဲ့ရေခဲများကြောင့် စောစီးစွာ မဆင်းသက်နိုင်ခဲ့ကြောင်း ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးက ထုတ်ပြန်ခဲ့ကာ CNN က တင်ပြထားပါတယ်။
နောက်ထပ်ကြန့်ကြာမှုများ ရှိလာနိုင်တဲ့အတွက် အဓိကလေကြောင်းလိုင်းတွေဖြစ်တဲ့ United, Delta နဲ့ American တို့ကတော့ ခရီးထွက်ခွာချိန်ရွှေ့ပြောင်းလိုတဲ့ ခရီးသည်များအတွက် လက်မှတ်ခလျှော့ပေါ့ပေးနေပြီ ဖြစ်ပါတယ်။
ပြည်နယ်အများအပြားမှာ မုန်တိုင်းကြီးနဲ့ မကြုံမိစေရန်အတွက် ခရစ္စမတ်သီတင်းပတ်အတွင်း ခရီးသွားလာမယ့် အမေရိကန်ပြည်သူတွေကို သတိထားပြီး စောစီးစွာထွက်ခွာကြဖို့ သမ္မတ'ဂျိုးဘိုင်ဒင်'က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
"ငယ်ငယ်တုန်းကလို သာမန်နှင်းကျတဲ့ဖြစ်စဉ်မဟုတ်ပါဘူး၊ တကယ်ကိုဆိုးရွားတဲ့ ဖြစ်စဉ်ပါ" လို့ သတိပေးခဲ့ပါတယ်။
ယခုရက်သတ္တပတ်အကုန်အတွင်း အချို့ဒေသတွေမှာ -၅၀ ကနေ -၇၀ ဒီဂရီဖာရင်ဟိုက်အထိ အရိုးခိုက်အောင် ချမ်းစိမ့်နိုင်ကြောင်း NWS က ကြေညာထားပါတယ်။
ဒီဆောင်းမုန်တိုင်းက သောကြာနေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းအဖြစ် လျင်မြန်စွာပြောင်းလဲသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
အနောက်အလယ်ပိုင်းနဲ့ ကနေဒါတို့မှာ လေပြင်းတိုက်ခတ်ပြီး ဆီးနှင်းများကျရောက်နိုင်ကာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 23 December 2022
လက်ဗွေရာပုံတွေကိုကြည့်ပြီး စိတ်ကစဉ့်ကလျားရောဂါ ဖြစ်နိုင်ချေကို ခန့်မှန်းဖော်ပြနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
စပိန်သုတေသီများက ဦးဆောင်ပြီး ရှုပ်ထွေးလှတဲ့အာရုံကြောကွန်ရက်စနစ်စက်ကို အသုံးပြုကာ စိတ်ကစဉ့်ကလျားဝေဒနာသည်တွေရဲ့ လက်ဗွေများကနေ ရောဂါအချက်အလက်များကို ရှာဖွေမှတ်သားခဲ့ကြပါတယ်။
စိတ်ရောဂါတွေကို ရှာဖွေတဲ့နေရာမှာ လက်ဗွေရာက အရေးပါပြီး အဆိုပါစက်ပစ္စည်းကလည်း မရှိမဖြစ်ကိရိယာဖြစ်ကြောင်း ဘာစီလိုနာရှိ FIDMAG သုတေသနမှ ဆိုလိုက်ပါတယ်။
ထိုကိရိယာရဲ့ အယ်လ်ဂိုရစ်သမ်တွေကို အသုံးပြုပြီး သုတေသီများက စိတ်ရောဂါဝေဒနာရှင် ၆၁၂ ဦးနဲ့ သာမန်ကျန်းမာရေးကောင်းသူ ၈၄၄ ဦးတို့ကို လေ့လာခဲ့ကြပါတယ်။
ညာဘက်လက်မက တိကျမှုနှုန်း ၆၈ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဒီပမာဏက ရောဂါကိုတိတိကျကျရှာဖွေဖို့အတွက်တော့ မလုံလောက်ပေမယ့် လက်ဗွေရာပုံတွေကို အခြားအချက်အလက်များနဲ့ ပေါင်းစပ်ပြီး အသုံးချလို့ရပါသေးတယ်။
စိတ်ကစဉ့်ကလျားရောဂါ(schizophrenia)ဟာ ဆိုးရွားတဲ့ စိတ်မူမမှန်ခြင်းဖြစ်ပြီး ကယောင်ခြောက်ချားဖြစ်ခြင်း၊ ပုံရိပ်ယောင်မြင်ခြင်း၊ နေ့စဉ်လုပ်ကိုင်ချက်တွေကို ထိခိုက်စေတဲ့ အပြုအမူမမှန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
သိပ္ပံနည်းပညာတွေကနေ ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်မယ့် မျိုးဗီဇဆိုင်ရာအမှတ်အသားတွေကို တွေ့ရှိနိုင်ပါတယ်လို့ ဒေါက်တာ'ကင်ဒက်ခ်ဝေါ့သ်'က ပြောကြားခဲ့ပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Health
Published 23 December 2022
ဆောင်းတွင်းအကူးအပြောင်းမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းတို့ ဖြစ်ကြတဲ့အပြင် အဆိုးဆုံးကတော့ လည်ချောင်းနာခြင်းပဲ ဖြစ်ပါတယ်။
လည်ချောင်းထဲမှာ စူးရှတဲ့ခံစားမှုက ခံစားရခက်ခဲပြီး မျိုချတဲ့အခါ စကားပြောတဲ့အခါနဲ့ အိပ်တဲ့အခါမှာတောင် အနှောင့်အယှက်ဖြစ်ရပါတယ်။
လည်ချောင်းမှာ စူးသလိုခံစားရပြီးအိပ်ရာနိုးလာပြီဆိုရင် အသက်ရှူလမ်းကြောင်းထဲမှာ ဆောင်းတွင်းဗိုင်းရပ်စ်ဝင်လာတဲ့ လက္ခဏာဖြစ်ကာ မကြာခင်ပိုဆိုးလာတော့မှာပါ။
လည်ချောင်းထဲမှာ အဲဒီလိုခံစားရတာဟာ ဗိုင်းရပ်စ်ကြောင့် ရောင်ရမ်းခြင်းဖြစ်ပေါ်တာဖြစ်ပြီး အထူးသဖြင့် လည်ချောင်းနံရံအာသီးမှာ ဖြစ်ပွားလေ့ရှိပါတယ်။
စူးရှတဲ့ခံစားချက်က ရက်အနည်းငယ်အတွင်း သက်သာသွားပေမယ့် အဆိုပါရက်ပိုင်းအတွင်း တံတွေးမျိုချရင်တောင် နာကျင်ရပါတယ်။
လည်ချောင်းနာခြင်းအတွက် ကိုယ်တိုင်ကုသနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပျားရည် ၁ ဇွန်း
ပျားရည်က ပိုးသေစေပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
လည်ချောင်းနံရံမှာ ချောမွေ့စေတဲ့အလွှာတစ်လွှာ အုပ်ပေးထားတာကြောင့် မျိုချရတာကို သက်သာစေပါတယ်။
(၂) ဆားရေ
ဆားရေဖြင့် အာလုပ်ကျင်းပေးခြင်းက တစ်ရှူးရောင်ရမ်းခြင်းကို လျော့ကျစေပြီး လည်ချောင်းထဲက ဘက်တီးရီးယားတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။
၁ မိနစ် ၂ မိနစ်ခန့် အာလုပ်ကျင်းပြီး မမျိုချဘဲ ထွေးပစ်ရမှာဖြစ်ပါတယ်။
(၃) ချာမိုမိုင်အကြမ်းရည်
လည်ချောင်းထဲ ယားယံသလိုခံစားလာရပြီဆိုတာနဲ့ ဒီအကြမ်းရည်ကို သောက်သုံးပေးပါက နာကျင်မှုကို သက်သာစေမှာဖြစ်ပါတယ်။
(၄) သံပရာရည်နွေးနွေး
အဝါရောင်အချဉ်သီးတွေမှာ ပိုးသေစေနိုင်ပြီး ကိုယ်ခံအားမြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ပိုးမွှားများဆက်လက်မပွားများနိုင်တော့ပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
#World_Literature
Published 22 December 2022
ဆယ်လ်ဝါဂတ်စ်ပါ့ဒ်က သစ်သားစင်ပေါ်က အာရေဗျဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ်ပေါင်းရာချီကို ဂုဏ်ယူနှစ်သက်စွာနဲ့ ကြည့်နေတတ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 22 December 2022
၁။ ရွှေတိဂုံစေတီတော်သို့ တစ်ရက်ကိုနိုင်ငံခြားသားဧည့်သည် (၁၀၀)မှ (၂၀၀)ခန့် ဝင်ရောက်
၂။ နာမကျန်းနှင့်ချို့တဲ့သည့် စာပေလောကသားများကို မျှတူမျှအစီအစဉ်ဖြင့် ထောက်ပံ့ပေးနေ
၃။ မြဝတီအမှတ် (၁) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရန် မသေချာသေးဟုဆို
၄။ အာရေဗျစာအုပ်များရောင်းချနေသည့် လန်ဒန်မှအထင်ကရစာအုပ်ဆိုင် ပိတ်သိမ်းတော့မည်ဟုကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Health
Published 22 December 2022
ရုံးအလုပ်၊ အိမ်အလုပ်၊ ကလေးကိစ္စ၊ စားဝတ်နေရေးကိစ္စတွေကြောင့် ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်တဲ့လူတွေအများကြီး ရှိနေပါတယ်။
ဒီတာဝန်ကိစ္စကို ဘယ်လောက်အထိ ကောင်းစွာကိုင်တွယ်နိုင်သလဲဆိုတာ စိတ်ကျန်းမာရေးအခြေအနေနဲ့ သက်ဆိုင်နေပါတယ်။
ကိုယ့်ရဲ့စိတ်ကျန်းမာရေးအခြေအနေက ဖိစီးမှုအောက်ရောက်နေလားဆိုတာ သိနိုင်တဲ့အရာတွေရှိပါတယ်။
(၁) အလွန်အကျွံအလုပ်လုပ်ရခြင်း
စားဝတ်နေရေးပြေလည်ဖို့ အချိန်ပိုတွေ နောက်ထပ်အလုပ်တွေ လုပ်နေရခြင်းက စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ကို ဖြစ်စေပါတယ်။
အလုပ်ချိန်များတဲ့အခါ ကိုယ်အလေးချိန်အတက်အကျဖြစ်ခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ အိပ်ရေးမဝခြင်းတို့ ခံစားရနိုင်ကာ ကိုယ်ခံအားနည်းလာတတ်ပါတယ်။
ယေဘုယျကျန်းမာရေးကောင်းမွန်စေရန်အတွက် တစ်ပတ်အတွင်း အလုပ်ချိန် နာရီ ၄၀ ခန့်သာရှိသင့်ပါတယ်။
(၂) ကျန်းမာရေးအတွက်မသင့်လျော်တဲ့အစားအစာများ စားလွန်းခြင်း
အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ငါး၊ အစေ့အဆန်၊ အဆီနည်းပါးတဲ့ အစားအစာများစားသုံးခြင်းဟာ စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေနည်းပါးစေပါတယ်။
ပြည့်ဝဆီ၊ အမျှင်ဓာတ်နည်းခြင်း၊ အသီးအနှံအစားနည်းခြင်းတို့ကြောင့် ဦးနှောက်ဧရိယာတစ်ခုကို သက်ရောက်စေပြီး စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အယ်လ်ဇိုင်းမားရောဂါတို့ ဖြစ်တတ်ပါတယ်။
(၃) ပရိုတိန်းအစားနည်းခြင်း
ပရိုတိန်းက ကြွက်သားအတွက်သာမက ဦးနှောက်ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။
ပရိုတိန်းစားသုံးတဲ့အခါ ဒိုပါမင်းဟော်မုန်းများလာကာ ဦးနှောက်မှာစိတ်အခြေအနေကို ထိန်းညှိပေးပါတယ်။
အမျိုးသမီးများအတွက် တစ်နေ့ကို ပရိုတိန်း ၄၅ ဂရမ်မျှစားသုံးသင့်ပြီး အမျိုးသားတွေကတော့ ၅၅ ဂရမ်စားပေးသင့်ပါတယ်။
(၄) မကြာခဏနိုး၍အိပ်ရေးမဝခြင်း
တစ်နေ့လုံး စိတ်ဖိစီးမှုတွေကြုံတွေ့ရတဲ့အခါ ညဘက်မှာ ကောင်းစွာအိပ်မပျော်နိုင်ဘဲ စိတ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။
ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေက အိပ်ပျော်ခြင်းနဲ့ နိုးကြားခြင်းကြား မျှခြေကိုနှောင့်ယှက်စေကာ ဖိစီးမှုသံသရာလည်ပြီး ပိုမိုဆိုးရွားလာစေပါတယ်။
(၅) ငါးလုံလောက်စွာမစားခြင်း
ငါးများမှရရှိတဲ့ အိုမီဂါ ၃ က ဦးနှောက်ရော စိတ်ကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။
ငါးမစားနိုင်တဲ့အခြေအနေမျိုးမှာ ဖြည့်စွက်အားဆေးဖြင့် စားသုံးသင့်ပါတယ်။
Source: The Sun
#Yangon_Media_Group
#World_Health
Published 22 December 2022
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအနေနဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများ ကြုံတွေ့နေရတယ်ဆိုရင် သစ်ကြားသီးစားသုံးပေးသင့်ကြောင်း လေ့လာချက်တစ်ခုမှာ အကြံပြုထားပါတယ်။
ပညာရေးဂျာနယ် Nutrients မှာ ဖော်ပြထားချက်အရ တစ်နေ့ကို သစ်ကြားသီး ၅၆ ဂရမ်စားသုံးပေးခြင်းဖြင့် စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။
ဩစတြေးလျတောင်ပိုင်းတက္ကသိုလ်မှ သုတေသီများဦးဆောင်ကာ ကျောင်းသားကျောင်းသူများရဲ့ စိတ်ဖိစီးမှုပြေလျော့စေမယ့်အကြောင်း လေ့လာတင်ပြခဲ့ကြပါတယ်။
တက္ကသိုလ်တက်ရတဲ့အခါ ဖိအားများခြင်း၊ ပြိုင်ဆိုင်မှုပြင်းထန်ခြင်း၊ သင်ရိုးညွှန်းတမ်းများခက်ခဲခြင်း၊ သင်ခန်းစာများလွန်း၍ ဝန်ပိခြင်း၊ စာတမ်းအချိန်မီတင်ပြရခြင်း၊ စာမေးပွဲများစသဖြင့် ဖိအားမျိုးစုံကြုံတွေ့ရပါတယ်။
ဖိအားတွေက စုပြုံပြီးပိုဆိုးရွားလာကာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်လာစေပြီး မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စိတ်ရောဂါအခြေအနေဖြစ်လာခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒါတွေကြောင့်ပဲ စိတ်သက်သာရာရဖို့အတွက် ကျောင်းသားအများစုဟာ အခြားအကြောင်းအရာများကို မှီခိုလာတတ်ကြပါတယ်။
ဒီလိုနည်းလမ်းတွေထဲမှာ အဟာရနဲ့ပတ်သက်ပြီး ဖြေရှင်းလို့ရသလို အစားအစာပြောင်းလဲစားသောက်ပေးခြင်းဖြင့် ဝမ်းဗိုက်ထဲက ပိုးမွှားတွေကိုသက်ရောက်စေကာ ဦးနှောက်အထိ ရောက်စေပါတယ်။
သစ်ကြားသီးမှာ ဗိုက်တာမင်-အီး၊ မယ်လတိုနင်၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တို့လို ကျန်းမာရေးအတွက်သင့်တော်တဲ့ ဓာတ်များပါဝင်တာကြောင့် ဦးနှောက်အတွက် ကောင်းကျိုးသက်ရောက်စေပါတယ်။
သုတေသီများက ဘွဲ့မရသေးတဲ့ ကျန်းမာရေးကောင်းမွန်တဲ့ ကျောင်းသားကျောင်းသူများကို ခေါ်ယူကာ သစ်ကြားသီးများကို စားသုံးစေခဲ့ပါတယ်။
စမ်းသပ်ခံသူတွေရဲ့ သွေး၊ တံတွေး၊ မစင်နမူနာများကို ရယူတဲ့အပြင် အိပ်စက်ခြင်း၊ စိတ်ကျန်းမာရေး၊ စိတ်အခြေအနေတို့ကိုလည်း စစ်တမ်းမေးမြန်းခဲ့ပါတယ်။
သစ်ကြားသီးစားတဲ့သူတွေက စိတ်ဖိစီးမှုလျော့ကျပြီး ကောင်းစွာအိပ်စက်ရကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီလိုမျိုး ပညာရေးအပိုင်းမှာ ဖိစီးမှုတွေကိုလျှော့ချနိုင်တာဟာ သစ်ကြားသီးက ပရိုတိန်းနဲ့ အယ်လ်ဗျူမင်ပမာဏကို တိုးများစေပြီး အမိုင်လေ့စ်ကိုလျှော့ချပေးတာကြောင့် ဖြစ်နိုင်ပါတယ်။
ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်လားဆိုတာကို သိရဖို့အတွက်တော့ နောက်ထပ်လေ့လာမှု ပြုလုပ်ရဦးမှာဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 547 of 866