#Daily_News
Published 13 September 2024
၁။ ရေဘေးသင့်ပြည်သူများအတွက် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းပြီးလှူမည်
၂။ စက်သုံးဆီဈေးနှုန်းများ တစ်လီတာကျပ် ၁၀၀ ကျော်အထိ ကျဆင်းလာ
၃။ လေဖိအားနည်းအရှိန်ကြောင့် ချင်း၊ ရခိုင်၊ ရန်ကုန်နှင့်ဒေသအချို့ မိုးသက်လေပြင်းတိုက်ခတ်မည်
၄။ ကင်ညာစာသင်ကျောင်းတစ်ကျောင်း၌ မီးလောင်ကျွမ်းခဲ့သဖြင့် ကျောင်းသား(၂၁)ဦးသေဆုံး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 13 September 2024
▪️ ယူကရိန်းကို အနောက်တိုင်းထုတ် အဝေးပစ်ဒုံးကျည်များဖြင့် ရုရှားနယ်မြေထဲသို့ ပစ်ခွင့်ပြုလိုက်ပါက အနောက်တိုင်းကို ရုရှားက တိုက်ရိုက်ရလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့မှာ ပြောပါတယ်။
▪️ ဒီလိုခွင့်ပြုခြင်းဖြင့် စစ်ရေးပဋိပက္ခရဲ့ သဘောသဘာဝနဲ့ အတိုင်းအတာကိုလည်း ပြောင်းလဲစေလိမ့်မယ်လို့ ဆိုပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီဟာ ရုရှားတို့ မတိုက်ခိုက်နိုင်စေရန်အတွက် အမေရိကန်မှ ATACMS နဲ့ ဗြိတိန်မှ Storm Shadows တာဝေးပစ်လက်နက်များ အပါအဝင် အနောက်ဒုံးကျည်များဖြင့် ရုရှားနယ်မြေထဲသို့ ပစ်ခွင့်ပြုရန် မဟာမိတ်နိုင်ငံတွေကို တောင်းဆိုနေတာ လနဲ့ချီကြာနေပါပြီ။
▪️ ဂြိုဟ်တုပစ်မှတ် အချက်အလက်များနဲ့ ဒုံးကျည်ပျံသန်းလမ်းကြောင်း သတ်မှတ်မှုများကို ယူကရိန်း လုပ်ဆောင်နိုင်စွမ်း မရှိတာကြောင့် နေတိုး(NATO) စစ်မှုထမ်းများမှ ပြုလုပ်ရမှာဖြစ်တဲ့နောက် ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့နေတဲ့ နိုင်ငံတွေဟာ စစ်ပွဲထဲ ပါဝင်သက်ရောက်လာတဲ့ သဘောလို့ ပူတင်က ပြောလိုက်ပါတယ်။
▪️ "ယူကရိန်းကို ဒီလိုလက်နက်တွေ အသုံးပြုခွင့် ပေး/မပေးအကြောင်း ပြောနေတာ မဟုတ်ပါဘူး။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ စစ်ရေးပဋိပက္ခမှာ တိုက်ရိုက်ပါဝင်လာမှာ ဟုတ်/မဟုတ်အကြောင်း ပြောနေတာပါ" လို့ ပူတင်က ရုရှားရုပ်သံဌာနတစ်ခုကို ပြောကြားသွားပါတယ်။
▪️ ဒီလိုသာဖြစ်လာရင် နေတိုးနိုင်ငံတွေ တိုက်ရိုက်ပါဝင်တဲ့ သဘောဖြစ်ကြောင်း၊ စစ်ပွဲရဲ့ သဘောသဘာဝ သိသိသာသာ ပြောင်းလဲသွားမှာဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ ကမ္ဘာပေါ်မှာ နျူကလီးယားအင်အား အကြီးဆုံးလည်းဖြစ်တဲ့ ရုရှားက နျူကလီးယားလက်နက်တွေကို အသုံးပြုလာနိုင်တဲ့ နျူကလီးယားမူဝါဒလမ်းစဉ်ကို ပြင်ဆင်နေပါတယ်။
▪️ လက်ရှိမှာ ရုရှားတို့က တရုတ်နဲ့ ရေကြောင်းစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေကာ တင်ပို့ကုန်များကို ထိန်းချုပ်ရန် စဉ်းစားနေပါတယ်။
#Source: Reuters
#World_Science
Published 13 September 2024
▪️ ယမန်နှစ်က အမေရိကန် ကောင်းကင်ထက်မှာ တရုတ်သူလျှိုပူဖောင်းများ တွေ့ရှိခဲ့သလိုမျိုး ယခုအခါ ဒင်ဗာကောင်းကင်မှာ နောက်ထပ်ထူးဆန်းတဲ့ ပူဖောင်းကို ဒေသခံများ တွေ့ရှိခဲ့ကြပါတယ်။
▪️ မိုင်လ်ဟိုက်စီးတီးပေါ်မှာ ပူဖောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး ဒေသခံတွေက KDVR သတင်းဌာနကို အကြောင်းကြားခဲ့ကြကာ စက်တင်ဘာ ၆ ရက်နေ့က ပထမဆုံးကြေညာခဲ့ပါတယ်။
▪️ ဖော်ပြချက်များအရ အဖြူရောင်အကြည် အလုံးလေးဟာ World View Enterprises အာကာသစူးစမ်းရေးနဲ့ နည်းပညာကုမ္ပဏီရဲ့ ပစ္စည်းဖြစ်ပြီး ဝန်ထမ်းတစ်ဦးက ဩဂုတ် ၃၀ ရက်နေ့မှာ အရီဇိုနာမြောက်ဘက်ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒီစနစ်ဟာ ကမ္ဘာ့လေထုအပေါ်ယံလွှာမှာ ပျံသန်းပြီး ရက်တွေ လတွေကြာသည်အထိ လမ်းပြပေးနိုင်တယ်လို့ World View မှ ကြော်ငြာနဲ့ ဆက်သွယ်ရေး ဒုဥက္ကဌ ဖီးလ်ဝေါ့ကင်က ပြောသွားပါတယ်။
▪️ ထိုပူဖောင်းက အများသုံးလေကြောင်းပိုင်နက် ပေ ၃ သောင်းထက် ကျော်လွန်ကာ ၇၃၀၀၀ ပေမှာ ပျံသန်းနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ဒါဟာ မိုးလေဝသပူဖောင်းတစ်ခုနဲ့ ဆင်တူပေမယ့် အမြင့်ပေရောက်တဲ့အခါ မပေါက်နိုင်ခဲ့ပါဘူး။
ဒီနည်းပညာဟာ မုန်တိုင်းခြေရာခံခြင်း၊ တောမီးနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့များ စတာတွေကို တိုင်းတာရာမှာ အသုံးပြုတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
▪️ ပူဖောင်းက အနောက်တောင်ဘက်သို့ လေဖြင့်မပါသွားခင်မှာ ဒင်ဗာနားတဝိုက် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
▪️ ဒေသခံအချို့ကတော့ ၂၀၂၃ ဖေဖော်ဝါရီတုန်းက အမေရိကန်မှာ တရုတ်သူလျှိုပူဖောင်းတွေ လာရောက်ထောက်လှမ်းတာကို ပြန်လည် အမှတ်ရစေတယ်လို့ ဆိုကြပါတယ်။
▪️ အနည်းစုကတော့ ဒါကို ဂြိုဟ်သားတွေရဲ့ ယာဉ်လို့ စိုးရိမ်ခဲ့ကြပါတယ်။
▪️ ဒင်ဗာဒေသ မြောက်ပိုင်းမှာ ပျံသန်းနေတဲ့ပူဖောင်းဟာ ဂြိုဟ်သားယာဉ်မဟုတ်ဘူးလို့ ဒင်ဗာမိုးလေဝသပညာရှင် ခရစ္စဘီယန်ချီက X ဆိုရှယ်မီဒီယာမှာ ဖော်ပြသွားပါတယ်။
#Source: WION
#World_News
Published 13 September 2024
▪️ လက်ကိုင်ဖုန်း အသုံးပြုခြင်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေများခြင်းတို့ကြား ဆက်စပ်မှုရှိနေကာ အထူးသဖြင့် ဆေးလိပ်သောက်သူတွေနဲ့ ဆီးချိုသမားတွေမှာ ရှိတယ်လို့ တရုတ်သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ ဒါဟာ အိပ်ရေးမဝခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုကြပါတယ်။
▪️ အိပ်ရေးပျက်ပြီး စိတ်ကျန်းမာရေး ချို့တဲ့တဲ့အခါ နေ့ညလည်ပတ်မှုပုံစံ ပျက်ယွင်းခြင်း၊ ဟော်မုန်းနဲ့ ဇီဝကမ္မဖြစ်စဉ် ပျက်ယွင်းခြင်း၊ ရောင်ရမ်းခြင်းတို့ကနေ နှလုံးသွေးကြောရောဂါများ ဖြစ်လာနိုင်စေတယ်လို့ ပူးတွဲစစ်ဆေးရေးမှူး ဒေါက်တာ ရှန်ဟွေကျင်က ပြောပါတယ်။
▪️ သုတေသီများက ၂၀၀၆ မှ ၂၀၁၀ အတွင်း ဖုန်းအသုံးပြုလေ့ရှိတဲ့ သက်လတ်ပိုင်းအရွယ် လူ ၄၄၄၀၀၀ ခန့်ကို လေ့လာကြည့်ရှုခဲ့ကြပြီး တစ်ပတ်ကို အနည်းဆုံး ဖုန်းတစ်ကြိမ်ပြောသူတွေကို ပုံမှန်အသုံးပြုတယ်လို့ သတ်မှတ်ကာ ၂၃ ရာခိုင်နှုန်းကတော့ တစ်ပတ်ကို ဖုန်းတစ်နာရီ အသုံးပြုကြပါတယ်။
▪️ ထိုလူတွေကို ၁၂ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ကြကာ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း စတာတွေနဲ့ ပတ်သက်တဲ့ ဆေးရုံတက်ကုသမှုနဲ့ သေဆုံးမှုမှတ်တမ်းများကို လေ့လာခဲ့ကြပါတယ်။
▪️ လူ ၅၆၀၀၀ ကျော်မှာ နှလုံးသွေးကြောရောဂါ ဖြစ်ပွားခဲ့ပြီး ပုံမှန်ဖုန်းအသုံးပြုသူတွေ အထူးသဖြင့် ဆေးလိပ်သောက်သူတွေနဲ့ ဆီးချိုသမားတွေမှာ သိသိသာသာ အဖြစ်များပါတယ်။
▪️ ထိုထဲက ၁၁.၅ ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့်ဖြစ်ပြီး ၅.၁ ရာခိုင်နှုန်းကတော့ အိပ်ရေးပျက်တာကြောင့် ဖြစ်ပါတယ်။
▪️ ထိုကာလတုန်းက ခေတ်မီစမတ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘဲ ယခုဆိုရင် ဖုန်းတွေက ပိုမိုခေတ်မီကာ လူတိုင်းအသုံးပြုနေပြီ ဖြစ်တာကြောင့် ပိုပြီး သတိထားစရာ ဖြစ်လာပြီလို့ တိုရွန်တိုတက္ကသိုလ်မှ သုတေသီ ၃ ဦးမှ ဖော်ပြထားပါတယ်။
▪️ ဖုန်းပုံမှန်သုံးလို့ ရောဂါကို တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံကြောင့် ဖြစ်စေတာပါလို့ နော့သ်ဝဲလ်လန်နော့စ်ဟေးလ်ဆေးရုံမှ နှလုံးဌာနအကြီးအကဲ ဒေါက်တာ ဗေရင်ဒါဆင်းက ပြောသွားပါတယ်။
▪️ WHO ကော်မရှင်ပြု သုံးသပ်ချက်တစ်ခုမှာတော့ ဆဲလ်ဖုန်းရောင်ခြည်နဲ့ ဖုန်းအသုံးပြုသူများမှာ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ဆက်စပ်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။
#Source: New York Post
ဘရာဇီးလ်ခရီးသည်တင်လေယာဉ်ပျက်ကျရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ အကြိုစီရင်ခံစာထုတ်ပြန်
ဩဂုတ် ၉ ရက်နေ့ ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမှာတိုက်ခဲ့တဲ့ လေယာဉ်ရဲ့တောင်ပံတွေမှာ ရေခဲဖြစ်ပေါ်နေတာကို ဘရာဇီးလ်လေကြောင်း အာဏာပိုင်များ တွေ့ရှိခဲ့ကြောင်း သောကြာနေ့က အကြိုအစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
#World_News
Published 12 September 2024
#ခရီးသည်တင်လေယာဉ်ပျက်ကျ #အကြိုစီရင်ခံစာထုတ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 September 2024
၁။ လေပွေလှိုင်းကြောင့် ဒေသအချို့မိုးသက်လေပြင်းတိုက်ပြီး သဘာဝဘေးထပ်ကြုံနိုင်
၂။ နေပြည်တော်၊ ပျဉ်းမနားရေဆက်ကြီးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေ
၃။ ပေါင်းလောင်း၊ ငလိုက်တမံရေပြည့်လျှံနေ၊ ရေပြည့်လျှံလာသောရေလှောင်တမံများကိုအနီးကပ်စောင့်ကြပ်စီမံရန်ညွှန်ကြားထား
၄။ ဘရာဇီးလ်ခရီးသည်တင် လေယာဉ်ပျက်ကျရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ အကြိုစီရင်ခံစာထုတ်ပြန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 12 September 2024
▪️ အမေရိကန်နဲ့ ဗြိတိန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ ဗုဒ္ဓဟူးနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီထံ သွားရောက်ခဲ့ကာ အထောက်အပံ့သစ်များအကြောင်း ပြောခဲ့ကြပေမယ့် ရုရှားကိုပစ်ခတ်ရန် ယူကရိန်းတို့ အသည်းအသန် အလိုရှိနေတဲ့ တာဝေးပစ်လက်နက်များတော့ မပါဝင်ခဲ့ပါဘူး။
▪️ ရုရှားနဲ့ တိုက်ခိုက်ရာမှာ ရုန်းကန်နေရတဲ့ ယူကရိန်းအတွက် အလွန်အရေးကြီးတဲ့ အချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီတို့ ရောက်ရှိလာတာ ဖြစ်ပြီး ယူကရိန်းစစ်ပွဲ ရည်မှန်းချက်များနဲ့ ဘာတွေကူညီနိုင်မလဲဆိုတဲ့ အကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။
▪️ ဒီထဲမှာမှ တာဝေးပစ်လက်နက်များအကြောင်းလည်း ပါဝင်ခဲ့ပြီး အမေရိကန်ရောက်တဲ့အခါ သမ္မတကို ပြန်လည်တင်ပြသွားမယ်လို့ ဘလင်ကန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
▪️ ဇယ်လန်စကီက အမေရိကန်မှ ATACMS နဲ့ ဗြိတိန်မှ Storm Shadows တာဝေးပစ်လက်နက်များ အပါအဝင် အနောက်တိုင်းလက်နက်များဖြင့် ရုရှားနိုင်ငံအတွင်းထဲသို့ ပစ်ခတ်ခွင့်ပြုရန် မဟာမိတ်တွေကို တောင်းဆိုနေတာ ကြာပါပြီ။
▪️ သေချာနားထောင်ခဲ့ကြပြီး ယူကရိန်း အနိုင်ရဖို့ လိုအပ်တဲ့ စစ်ရေးပစ္စည်းများ အပါအဝင် အကြောင်းအရာပေါင်းစုံကို ဆွေးနွေးခဲ့ကြကြောင်း လမ်မီက ပြောသွားပါတယ်။
▪️ ဒီဆွေးနွေးမှုတွေဟာ နောက်ထပ် ရက်သတ္တပတ်များအထိ ကြာမြင့်နိုင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့ရာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ချင်နေတဲ့ ယူကရိန်းအတွက်တော့ စိတ်ပျက်ရဖွယ်ရှိပါတယ်။
▪️ အနည်းဆုံးတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ မျှော်လင့်နိုင်ကြောင်း၊ ယူကရိန်းအတွက် အလွန်အရေးကြီးကြောင်း၊ ဆွေးနွေးမှုက ကြာမြင့်ပြီး အဓိပ္ပာယ်ပြည့်ဝကြောင်း ဇယ်လန်စကီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
▪️ တာဝေးပစ်လက်နက်များ ထိန်းချုပ်ခြင်းကို ဖယ်ရှားလိုက်ခြင်းက ရုရှားနဲ့ အနောက်တိုင်းတို့ တိုက်ရိုက်တွေ့ဆုံလာမှာကို အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့ စိုးရိမ်နေကြသလို တစ်ဖက်မှာလည်း ယူကရိန်းအနေနဲ့ စစ်ပွဲအရေးသာဖို့ အကူအညီလိုအပ်နေပါတယ်။
▪️ ဘလင်ကန်နဲ့ လမ်မီတို့ ယူကရိန်းသို့ လာရောက်စဉ် လေကြောင်းကျူးကျော်သတိပေးချက် နှစ်ကြိမ်တိုင် ထွက်ပေါ်ခဲ့ပါသေးတယ်။
#Source: Reuters
Page 51 of 822