#World_News
Published 16 September 2024
▪️ ဥရောပအလယ်ပိုင်းမှာ ရေကြီးရေလျှံမှုများကြောင့် တနင်္ဂနွေနေ့အထိ သေဆုံးသူ ၈ ဦးရှိထားပြီး ရက်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ချက်သမ္မတနိုင်ငံရှိ ဒေသအများအပြားမှာ မြစ်ကမ်းပါးများ ပြိုကျပြီးနောက်မှာတော့ လူထောင်ပေါင်းများစွာ နေအိမ်တွေကနေ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။
▪️ ဘော်ရစ်လို့ခေါ်တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဩစတြီးယားမှ ရိုမေးနီးယားအထိ မိုးရွာသွန်းစေခဲ့ပြီး ဆယ်စုနှစ် ၃ ခုနီးပါးအတွင်း ချက်သမ္မတနိုင်ငံနဲ့ ပိုလန်နိုင်ငံတို့မှ ဒေသတွေမှာ အပြင်းထန်ဆုံး ရေလွှမ်းမိုးမှု ဖြစ်လာပါတယ်။
▪️ ရိုမေးနီးယားမှာ ရေကြီးမှုဒဏ်ကို ခံရပြီးနောက် တနင်္လာနေ့ မတိုင်ခင်အထိ ပိုမိုမိုးကြီးလေကြီး နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် တနင်္ဂနွေနေ့မှာ မိုးလျော့ပါးသွားပါတယ်။
▪️ ယခုရက်သတ္တပတ်အကုန်မှာ ချက်နိုင်ငံမှာလည်း အိမ်ခြေပေါင်း ၂ သိန်းအနည်းဆုံး ပျက်စီးခဲ့ပြီး ဓာတ်အားလိုင်းများ ပြတ်တောက်နေပါတယ်။
▪️ တနင်္ဂနွေနေ့က ပိုလန်အနောက်တောင်ပိုင်းမှာ လူတစ်ဦးရေနစ်ခဲ့ပြီး ဩစတြီးယားမှာ မီးသတ်သမားတစ်ဦး ကယ်ဆယ်ရေး ပြုလုပ်ရန်ကြိုးပမ်းစဉ် သေဆုံးခဲ့သလို ရိုမေးနီးယားမှာလည်း လူ ၂ ဦးသေဆုံးခဲ့ပါတယ်။
▪️ ချက်နယ်စပ်အနီး ပိုလန်ရဲ့ ဂလူကိုလေဇီသမိုင်းဝင်မြို့မှာ တံတားတစ်စင်း ပြိုကျခဲ့ပြီး တနင်္ဂနွေအစောပိုင်းက ဒေသခံအာဏာပိုင်များမှ ဘေးကင်းရာသို့ ထွက်ပြေးကြရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
▪️ တောင်ပေါ်မြို့ စထရိုနိစလက်စကီမှာလည်း ရေကာတာတစ်ခု ပေါက်ထွက်ပြီး တံတားတစ်စင်းပြိုကျခဲ့တယ်လို့ ဒေသတွင်းမီဒီယာက ဖော်ပြထားပါတယ်။
▪️ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်က သဘာဝဘေးသင့် နိုင်ငံအဖြစ် ကြေညာကာ ဥရောပသမဂ္ဂမှ အကူအညီ တောင်းခံရန် ကြေညာသွားမယ်လို့ X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ ရိုက်တာသတင်းဌာနမှ ဖော်ပြတဲ့ဗီဒီယိုတွေထဲမှာ လျှံထွက်လာတဲ့ရေတွေက လစ်ပိုဗာလက်စ်နေကနေ အိမ်နီးချင်း ဂျက်ဆီနစ်သို့ ရောက်ရှိလာကာ အိမ်အချို့ပျက်စီးသွားပြီး အပျက်အစီးတွေ ပါလာပါတယ်။
▪️ အရေးပေါ်ကယ်ဆယ်ရေးတွေက ရဟတ်ယာဉ်ဖြင့် သောင်တင်နေတဲ့သူတွေကို ကယ်ထုတ်ခဲ့ကာ နိုင်ငံထဲက လူပေါင်း ၁ သောင်းကျော် ထွက်ပြေးခဲ့ရတယ်လို့ မီးသတ်အကြီးအကဲက ချက်ရုပ်သံဌာနကို ပြောပါတယ်။
▪️ ရိုမေးနီးယားမှာ မိုးလျော့ပါးလာသခြင့် အလုပ်သမားတွေက ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ဖို့ ကြိုးစားနေကြကာ သန့်ရှင်းရေးတွေ စတင်ပြုလုပ်နေပါပြီ။
#Source: Reuters
#World_Health
Published 16 September 2024
▪️ ကမ္ဘာပေါ်က လူပေါင်းသန်း ၅၄၀ လောက်ဟာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ခံစားနေရပြီး စားသောက်ပြီးနောက် သွေးတွင်းသကြားဓာတ် မတက်စေမယ့် သဘာဝပစ္စည်းတွေကို လိုအပ်နေကြပါတယ်။
▪️ အစ္စရေးလ်နိုင်ငံ ရှီဘာဆေးဘက်ဆိုင်ရာဌာနဲ့ ဘင်ဂူရီယန်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက မန်ကိုင်လို့ခေါ်တဲ့ ဘဲစားရေမှော်ပင်များဟာ စားသောက်ပြီးနောက် သွေးတွင်းသကြားဓာတ်ကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ နာတာရှည်ရောဂါတစ်မျိုးဖြစ်တဲ့ ဆီးချိုဟာ လေ့ကျင့်ခန်းမလုပ်ခြင်း၊ အစားအစာ ကျန်းမာရေးနဲ့ မညီညွတ်ခြင်း၊ အဝလွန်ခြင်းတို့ကြောင့် ဖြစ်တာများပြီး ရှီဘာမှ ပရောက်ဖက်ဆာ အေမီယာတိုင်ရို့ရှ်၊ ဒေါက်တာ ဂဲလ်ဆာဘန်၊ ပရော်ဖက်ဆာ အိုင်းရစ်ရှိုင်တို့က ဘဲစားရေမှော်ပင်များရဲ့ သွေးတွင်းသကြားဓာတ် သက်ရောက်မှုတွေကို လေ့လာခဲ့ကြပါတယ်။
▪️ ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဘဲစားရေမှော်ပင်က ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုပြီး ယူဆထားကြကာ ဘဲ၊ ငုံး၊ ငါး၊ ကျွဲနွား၊ ဝက်တွေစားသုံးတဲ့ အစာလည်း ဖြစ်ပါတယ်။
▪️ ရေနေအပင်တစ်မျိုးဖြစ်ကာ သဘာဝအတိုင်း ပေါက်ရောက်တတ်သလို အခုဆိုရင် ထိန်းချုပ်မွေးမြူနေပြီလည်း ဖြစ်ကာ အမျှင်ဓာတ်၊ သံဓာတ်၊ ပရိုတိန်း၊ ဗိုက်တာမင်-ဘီ၁၂နဲ့ အကျိုးပြု ပိုလီဖီနောလ် အမျိုးပေါင်း ၂၀၀ ခန့်ပါဝင်ပါတယ်။
▪️ သွေးတွင်းသကြားဓာတ် ကြာမြင့်စွာ မြင့်တက်လာပြီဆိုရင် သွေးကြောများ၊ အာရုံကြောစနစ်များ ထိခိုက်စေပြီး နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ထိခြင်း၊ မျက်စိကွယ်ခြင်း၊ လက်ဖျားခြေဖျားများ အာရုံထိတွေ့မှု မရခြင်းတို့ ဖြစ်လာတတ်ပါတယ်။
▪️ စမ်းသပ်ပါဝင်သူ ၄၅ ဦးထဲက ၃ ပုံ ၂ ပုံလောက်ဟာ ၂ ပတ်ကြာတဲ့အထိ ညစာစားပြီး ရေမှော်ပင်ဖျော်ရည်ကို သောက်သုံးရာမှာ သွေးတွင်းသကြားဓာတ် ၂၀ ရာခိုင်နှုန်း လျော့နည်းပြီး ချက်ချင်းပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။
▪️ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ လေ့လာမှုများ ပြုလုပ်ပြီး အကျိုးအာနိသင် အထောက်အထား ရယူသွားမယ်လို့ သုတေသီများ ဆိုပါတယ်။
#Source: The Jerusalem Post
#World_Health
Published 16 September 2024
▪️ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ မျောက်ကျောက်ဗိုင်းရပ်စ် မျိုးကွဲအသစ် ဖြစ်ပေါ်နေတာကြောင့် စိုးရိမ်မှု မြင့်တက်လာရကာ ထိုမျိုးဗီဇကွဲက ထင်ထားတာထက် ပိုမိုလျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာတယ်လို့ သိပ္ပံပညာရှင်များ ပြောနေပါတယ်။
▪️ ဒါ့အပြင် စောင့်ကြည့်ရေး အတိုင်းအတာတွေကလည်း အကန့်အသတ်နဲ့သာ ရှိနေပါတယ်။
မျိုးကွဲဗိုင်းရပ်စ် clade 1b ဟာ ကွန်ဂိုနိုင်ငံမှာ ဆင့်ကဲပြောင်းလဲလာတဲ့ မျိုးကွဲဖြစ်ပြီး ယခုနှစ်အတွင်း ဖြစ်ပွားသူ ၁၈၀၀၀ ကျော်ရှိကာ ၆၁၅ ဦးသေဆုံးထားကြောင်း WHO ကထုတ်ပြန်ထားပါတယ်။
▪️ ယခုလက်ရှိ အာဖရိက ၄ နိုင်ငံ၊ ဆွီဒင်နဲ့ ထိုင်းနိုင်ငံတို့မှာလည်း တွေ့ရှိထားပါတယ်။
၂၀၂၂ ခုနှစ်မှာ ပျံ့ပွားတုန်းက သိပ်ပြီးသတိမထားခဲ့ကြဘဲ clade 1b မျိုးကွဲအသစ် ပျံ့ပွားမှသာ WHO ကအရေးပေါ် ကြေညာလိုက်တာ ဖြစ်ပါတယ်။
▪️ ဗိုင်းရပ်စ်က လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနေတာကြောင့် စောင့်ကြည့်ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရကြောင်း သိပ္ပံပညာရှင်များ သတိပေးထားပါတယ်။
▪️ အာဖရိကမှာ ပျံ့ပွားနေတာကို သိရှိနားလည်ဖို့ အကန့်အသတ်ရှိနေတာကြောင့် စိုးရိမ်နေရတယ်လို့ WHO မျောက်ကျောက်အရေးပေါ်ကော်မတီ ဥက္ကဌ ဒေါက်တာ ဒီမီအိုဂွိုင်နာက ပြောပါတယ်။
▪️ ဆင့်ကဲပြောင်းလဲမှုတွေကြောင့် ဖြစ်လာတဲ့ မျိုးကွဲအသစ်ဟာ လူသားတွေမှာ လျင်မြန်စွာ ပျံ့နှံ့နိုင်တာကြောင့် ကျန်းမာရေးကျွမ်းကျင်သူများ စိုးရိမ်စရာ ဖြစ်လာပါတယ်။
▪️ ရေကျောက်ရောဂါနဲ့ ဆက်စပ်နေတဲ့ မျောက်ကျောက်ရောဂါဟာ ရောဂါကူးစက်ထားတဲ့ တိရိစ္ဆာန်နဲ့ ထိတွေ့ရာကနေ စတင်ကူးစက်ခဲ့တာဖြစ်ပါတယ်။
▪️ ယခုမျိုးကွဲအသစ် clade 1b ကတော့ ကွန်ဂိုနိုင်ငံမှာ အရွယ်ရောက်ပြီးသူများကြား လိင်ကိစ္စထိတွေ့မှုကနေ အဓိကကူးစက်နေပြီး အပျော်မယ်တွေကြား စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် နေရာရွှေ့ပြောင်းရေးစခန်းတွေလိုမျိုး လူများတဲ့နေရာတွေမှာ ကလေးတွေကြား အနီးကပ်ထိတွေ့မှုကနေလည်း ကူးစက်နေပါတယ်။
▪️ အာဖရိကဓာတ်ခွဲခန်းတွေမှာ လိုအပ်တဲ့ ဓာတုပစ္စည်းတွေနဲ့ ရောဂါစမ်းသပ်ရေးပစ္စည်းတွေ ရရှိရန် ခက်ခဲနေတာကြောင့် ထိရောက်တဲ့ ကာကွယ်ဆေးနည်းလမ်းများ မရရှိနိုင်ဖြစ်နေပါတယ်။
▪️ ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ထိုဒေသများရှိ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တို့ကြောင့် ပိုမိုဆိုးရွားနေပါတယ်။
#Source: India Today
၁၆ စက်တင်ဘာ ၂၀၂၄
ရီပတ်ဗလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့က ဖလော်ရီဒါမှာရှိတဲ့ သူရဲ့ဝက်စ်ပမ်ကမ်းခြေ West Palm Beach ဂေါက်ကွင်းမှာ ဂေါက်ကစားနေစဉ် သူ့ကို လုပ်ကြံသတ်ဖြတ်ပုံရတဲ့ အကြံအစည်တစ်ခု ကနေ လွတ်မြောက်သွားခဲ့တယ်လို့ အက်ဖ်ဘီအိုင်ကပြောပါတယ်။
ထရမ့် ဂေါက်ကစားနေစဉ် သေနတ်သံကြားခဲ့ရတာဖြစ်ပြီး ထောက်လှမ်းရေးတွေက ဂေါက်ကစားနေရာမှ ကိုက်အနည်းငယ် အကွာမှာသာရှိနေတဲ့ သေနတ်သမားတစ်ဦးရဲ့နောက်လိုက်ပြီး ပစ်ခတ်ခဲ့တယ်လို့ ရဲအရာရှိတွေကပြောပါတယ်။
သေနတ်သမားဟာ AK-47 စတိုင် တိုက်ခိုက်ရေးရိုင်ဖယ်တစ်လက်နှင့်အခြားပစ္စည်းတွေကို ထားရစ်ခဲ့ပြီး ကားတစ်စီးနှင့် ထွက်ပြေးသွားပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုဖမ်းမိခဲ့ပါတယ်။
ဒါဟာ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာကျင်းပတဲ့ မဲဆွယ်ပွဲတစ်ခုမှာ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရလို့ ညာဖက်နားမှာ ထိခိုက်မှုအနည်းအကျဉ်းဖြစ်ခဲ့ပြီး နှစ်လအကြာမှာ ထရမ့်ကို ဒုတိယမြောက်လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခြင်းဖြစ်ပုံရပါတယ်။
ဒီဖြစ်ရပ်ဟာ လာမယ့် နိုဝင်ဘာ ၅ ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအပေါ် စိန်ခေါ်မှုတွေကို ပြသနေတာလို့ ရိုက်တာ သတင်းဌာနကရေးသားပါတယ်။
ထရမ့် အဲဒီအချိန်မှာ ဂေါက်ကစားနေမှာကို သေနတ်သမားက ဘယ်လိုသိနေသလဲဆိုတာတော့ သိပ်မရှင်းလင်းလှပါဘူး။ ဒါပေမယ့် ဒီလိုလုပ်ကြံဖို့ထပ်မံကြိုးစားတာကတော့ ထရမ့်ကိုပေးထားတဲ့လုံခြုံရေးအဆင့်အတန်းအပေါ် မေးခွန်းထုတ်စရာတွေဖြစ်လာနေပါတယ်။
စီအင်န်အင်န်၊ ဖောက်စ်နယူးနှင့် နယူးယောက်တိုင်းမ်သတင်းစာများက သေနတ်သမားဟာ ဟာဝိုင်ယီက အသက် ၅၈နှစ် အရွယ် ရိုင်ဝက်စ်လေရုသ် ဆိုသူဖြစ်တယ်လို့ ရေးသားကြပါတယ်။
ရိုက်တာက သူ့ရဲ့ပရိုဖိုင်းကို အိတ်စ်၊ဖေ့စ်ဘုတ်ခ်နှင့် LinkedIn တို့မှာရှာတွေ့ပါတယ်။ အဲဒီအကောင့်တွေမှာတော့ သူဟာ ယူကရိန်းစစ်ပွဲကို ထောက်ခံသူဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။သူဟာ ယူကရိန်းစစ်မှာ စစ်သားတွေခေါ်ယူရာမှာ ကူညီဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။
ထောက်လှမ်းရေးတွေက သူ့ကို သေနတ်လေးချက်ပစ်ခတ်တဲ့အခါ သူဟာ ရိုင်ဖက်သေနတ်ကိုထားခဲ့ပြီး ကားမောင်း ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ဂေါက်ကွင်းကနေ မိုင် ၄၀လောက် အကွာမှာ ဖမ်းဆီးမိခဲ့ပါတယ်။
ထရမ့်နှင့်သူ့မိတ်ဆွေတွေ ဂေါက်စားနေစဉ် နံပါတ်ငါးကျင်းအရောက်မှာ သေနတ်သံတွေကြားခဲ့ရတာလို့ဆိုပါတယ်။
ယခုအဖြစ်အပျက်ကို သမ္မတ ဘိုင်ဒင်နှင့် ဒုတိယသမ္မတ ဟာရစ်တို့သိရှိခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ထရမ့်လုံခြုံရေးအတွက် အသေအချာလုပ်ဖို့ ထောက်လှမ်းရေးအဖွဲံတွေကိုမှာထားကြောင်း ဘိုင်ဒင်ကပြောပြီး “အကြမ်းဖက်မှုအတွက် အမေရိကန်တွင်နေရာမရှိဘူး” လို့လည်းဟာရစ်က အိတ်မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
Source : Wire News outlets
၁၅ စက်တင်ဘာ ၂၀၂၄
ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုကို လုပ်ကြံသတ်ဖြတ်ဖို့ ရောက်ရှိလာကြတဲ့ အမေရိကန်(၃)ဦး၊ စပိန်(၂)ဦးနှင့် ချက်နိုင်ငံ သား (၁)ဦးတို့ကို စနေနေ့က ဖမ်းဆီးရမိလိုက်တယ်လို့ ဗင်နီဇွဲလားအရာရှိတွေကပြောပါတယ်။
ဖမ်းဆီးမိတဲ့သတင်းကို နိုင်ငံပိုင်ရုပ်သံကနေ နိုင်ငံရဲ့ ဩဇာရှိလှတဲ့ ပြည်ထဲရေးဝန်ကြီး ကာဘီလိုက ကြေညာခဲ့တာဖြစ်ပါတယ်။
အဆိုပါ နိုင်ငံခြားသားတွေဟာ ဗင်နီဇွဲလားအစိုးရကိုဖြုတ်ချပြီး အစိုးရခေါင်းဆောင်အများအပြားကို သတ်ပစ်ဖို့ကြံစည်တဲ့ စီအိုင်အေ ဦးဆောင်တဲ့ လျှို့ဝှက်အစီအစဉ်ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနှင့်အတူ တွေ့ရှိရတဲ့ ရိုင်ဖယ်သေနတ်ပုံတွေကိုလည်း ကာဘီလိုက ထုတ်ပြခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ အမေရိကန်နိုင်ငံသားတွေထဲမှာ ရေတပ်အဖွဲ့ဝင်တစ်ဦးလည်းပါဝင်တယ်လို့ ကာဘီလိုက ဆက်ပြောပါတယ်။
အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦးအဖမ်းခံရတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့နှောင်းပိုင်းမှာ အတည်ပြု ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား (၂)ဦးထပ်ပြီးအဖမ်းခံရတယ်ဆိုတဲ့ အတည်ပြုလို့မရသေးတဲ့ သတင်းတွေကိုလည်း သူတို့ ရထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ မာဒူရိုကို ဖြုတ်ချဖို့ အကြံအစည်မှာ အမေရိကန်ပါတယ်ဆိုတဲ့ စွပ်စွဲချက်အားလုံး မဟုတ်ပါ။ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဒီမိုကရေစီနည်းလမ်းနှင့်ဖြေရှင်းတာကို အမေရိကန်က ဆက်လက်ထောက်ခံနေတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အငြင်းပွားနေတဲ့ ဇူလိုင်၂၈ရက် ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲအတွင်း မဲပေးတာကို ဟန့်တားနှောက်ယှက်ခဲ့တယ်လို့ သမ္မတ မာဒူရိုကို အမေရိကန်အစိုးရကစွပ်စွဲပြီး မာဒူရိုရဲ့မဟမိတ် ၁၆ ဦးကို အရေးယူကန့်သတ်မှုတွေပြုလုပ်ခဲ့ပြီး နှစ်ရက် အကြာ ယခုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီတစ်ပတ်စောစောပိုင်းမှာလည်း စပိန်အစိုးရက အတိုက်အခံသမ္မတလောင်း အက်ဒန်ဒို ဂွန်ဇာလက်ဇ်ကို ရွေးကောက်ပွဲ နိုင်သူ အဖြစ် စပိန်အစိုးရက အသိအမှတ်ပြုခဲ့လို့ သမ္မတ မာဒူရို ဒေါသဖြစ်ခဲ့ပြီး စပိန်နှင့် စီးပွားရေး သံတမန်ရေး အဆက်ဖြတ်ဖို့ အစိုးရကို သူက တိုက်တွန်းခဲ့ပါတယ်။
@ymg/knl
#World_Science
Published 15 September 2024
▪️ လကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၂၀ လောက်တည်းက မီးတောင်များ ပေါက်ကွဲခဲ့ရာ ယခုထက်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သုတေသန တွေ့ရှိလာပါတယ်။
▪️ တရုတ်ရဲ့ ချန်အီ-၅ လကမ္ဘာမစ်ရှင်မှ ရရှိတဲ့ နမူနာများကို ဆန်းစစ်ခဲ့ရာမှာ ယခုလို သုံးသပ်လာတာ ဖြစ်ပါတယ်။
▪️ ယခုနောက်ဆုံး လေ့လာရာမှာ ဖန်သီးလုံးလေးတွေကို တွေ့ရှိတာကြောင့် လကမ္ဘာမှာ မီးတောင်လှုပ်ရှားနေဆဲ ဖြစ်ပေမယ့် သိပ်ပြီးမကျယ်ပြန့်ပါဘူး။
▪️ ချန်အီ-၅ မှ ရရှိတဲ့ လကမ္ဘာနမူနာများထဲမှ ဖန်လုံးငယ်ပေါင်း ၃၀၀၀ ကျော်ကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ ယင်းတို့ရဲ့ ဓာတုဖွဲ့စည်းပုံတွေ၊ ပုံပန်းသွင်ပြင်တွေ၊ ဆာလ်ဖာအိုင်ဆိုတုပ်တွေကို ဆန်းစစ်ခဲ့ပြီး ခွဲခြားခဲ့ပါတယ်။
▪️ ထိုထဲကမှ ဖန်လုံး ၃ ခုကသာ မီးတောင်ကနေ လာတာဖြစ်ပါတယ်။
▪️ ဒီထဲမှာ ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ဒါ့အပြင် ကမ္ဘာမြေမှာ ရှားပါးတဲ့ KREEP ဒြပ်စင်တွေ များစွာပါဝင်နေပါတယ်။
▪️ ဒီဒြပ်စင်တွေကြောင့် လပေါ်မှာ မီးတောင်ငယ်များ ဖြစ်ပေါ်လာရပြီး KREEP တွေက ရေဒီယိုသတ္တိကြွအပူတွေ ထုတ်လုပ်ပေးပါတယ်။
▪️ အပူထွက်ပေါ်တဲ့အခါ လကမ္ဘာမြေအပေါ်ယံလွှာမှ ကျောက်တုံးများ အရည်ပျော်ပြီး ကျောက်ရည်ပူအနည်းငယ် မျက်နှာပြင်သို့ ထွက်လာပါတယ်။
▪️ လကမ္ဘာမှာ ပထမဆုံး မီးတောင်ပေါက်ကွဲမှုက လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၂ ဘီလီယံလောက်က စတင်ခဲ့ဟန်ရှိပြီး ၃.၈ နဲ့ ၃ ဘီလီယံကြားမှာ အပြင်းထန်ဆုံး ပေါက်ကွဲခဲ့ပါတယ်။
▪️ ဒီနောက် လပေါ်မှာ လှုပ်ရှားမီးတောင်များ မရှိတော့ပေမယ့် မျက်နှာပြင်အောက်မှာတော့ ကျောက်ရည်ပူတွေ ရှိနေနိုင်ပါသေးတယ်။
▪️ ၂၀၂၃ ဩဂုတ်လက လကမ္ဘာပေါ်ရောက်ခဲ့တဲ့ အိန္ဒိယ ချန်ဒရာယန်-၃ မစ်ရှင်မှာလည်း ကျောက်ရည်ပူ တွေ့ရှိတဲ့ အထောက်အထား တွေ့ရပါတယ်။
#Source: WION
#World_Science
Published 15 September 2024
▪️ စားစရာတွေမှာ အသုံးများတဲ့ အဝါရောင်ဆိုးဆေးတစ်မျိုးဟာ အရေပြား၊ တွယ်ဆက်တစ်ရှူးတွေနဲ့ ကြွက်သားတွေကို ယာယီထိုးဖောက်မြင်နိုင်စေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ကြွက်တစ်ကောင်မှာ သုတေသန ပြုလုပ်ခဲ့တာဖြစ်ပြီး ကြွက်ရဲ့ အတွင်းပိုင်းတွေကို အံ့အားသင့်ဖွယ် မြင်ခဲ့ကြရပါတယ်။
▪️ ဆိုးဆေးကို ကြွက်ရဲ့ဝမ်းဗိုက်မှာ လိမ်းလိုက်တဲ့အခါ အသည်း၊ အူ၊ ဆီးအိမ်တို့ကို ဖောက်ထွင်းမြင်ခဲ့ရပြီး ဦးရေပြားမှာ လိမ်းတဲ့အခါ ဦးနှောက်ထဲက သွေးကြောတွေကို မြင်ခဲ့ရပါတယ်။
▪️ ဆိုးဆေးကို ဖယ်ရှားတဲ့အခါမှာတော့ အရေပြားက ပုံမှန်သဘာဝအရောင် ပြန်ဖြစ်ခဲ့ပါတယ်။
▪️ ဒီနည်းပညာဖြင့် လူသားတွေမှာ သွေးကြောရှာဖွေခြင်း၊ ဒဏ်ရာရှာဖွေခြင်း၊ အကျိတ်ရှာဖွေခြင်းတို့ ပြုလုပ်နိုင်မယ့် အလားအလာ ရှိမယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီများ ယူဆနေပါတယ်။
▪️ ကိုယ်တွင်းခွဲစိတ်မှုတွေ ပြုလုပ်မယ့်အစား ဒီနည်းပညာနဲ့ဆိုရင် မနာမကျင်ရဘဲ ရှာဖွေနိုင်တယ်လို့ အကြီးတန်းသုတေသီ ဒေါက်တာ ကောဆောင်ဟောင်က ပြောပါတယ်။
▪️ အလင်းက တစ်ရှူးတွေကို ဖြတ်သန်းတဲ့အခါ အမြှေးပါးတွေရဲ့ ယိုင်ညွှန်းကိန်းအမျိုးမျိုးကြောင့် ပြန့်ကျဲသွားကြပါတယ်။
▪️ ဒီဖြစ်စဉ်က အပြန်အလှန် ဖြစ်နိုင်သလို အကြိမ်ကြိမ်လည်း ပြုလုပ်နိုင်ကာ ဆိုးဆေးကို ဖယ်ရှားလိုက်တာနဲ့ အရေပြားက ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်ပါတယ်။
▪️ ဆေးထိုးအပ်ငယ်များဖြင့် ထိုးသွင်းပါက ဆိုးဆေးကို အတွင်းထဲထိ ရောက်စေနိုင်တယ်လို့ ဒေါက်တာဟောင်က ဆိုပါတယ်။
▪️ ဒီနည်းပညာကို လူသားတွေမှာ မစမ်းသပ်ရသေးသလို ဆိုးဆေးက လူသားတွေအတွက် စိတ်ချမှုရှိဖို့ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
▪️ မြင်းကျားငါးလိုမျိုး သတ္တဝါတွေအပြင် တိရိစ္ဆာန်အမျိုးမျိုးမှာ စမ်းသပ်သွားဦးမှာ ဖြစ်ပါတယ်။
#Source: WION
Page 49 of 822