#World_Health
Published 2 March 2023
စားသောက်ချိန်မှာ မစားဘဲနေခြင်းက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေကြောင်း အရင်ကသိထားကြသလို မစားမသောက်ဘဲ အချိန်ကြာမြင့်စွာနေခြင်းကလည်း နှလုံးသွေးကြောရောဂါများနဲ့ ကင်ဆာဖြစ်နိုင်ချေများကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
မကြာမီကလေ့လာချက်တစ်ခုမှာလည်း မနက်စာမစားခြင်းက ထင်ထားတာထက်ပိုပြီး ဘေးဥပါဒ်ဖြစ်စေနိုင်ကြောင်း အစ်ကန်ဆေးတက္ကသိုလ်နဲ့ ဟားဗတ်ဒ်ဆေးတက္ကသိုလ်တို့မှ သုတေသီများက ဖော်ပြခဲ့ကြပါတယ်။
သုတေသီတွေက ကြွက်တွေနဲ့စမ်းသပ်ခဲ့ကြရာ အစာမစားခြင်းက ဦးနှောက်မှာဘယ်လိုတုန့်ပြန်ဖြစ်ပေါ်စေလဲဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။
တစ်နေ့တာရဲ့ နံနက်စာကို မစားဘူးဆိုရင် ကိုယ်ခံအားစနစ်ကိုထိခိုက်စေပြီး ခန္ဓာကိုယ်ကနေ ရောဂါကူးစက်မှုတွေကို တိုက်ထုတ်ဖို့ခက်ခဲတတ်ပါတယ်။
အချိန် ၄ နာရီကြာ ဒါမှမဟုတ် ၂၄ နာရီကြာ အစာမစားခြင်းက ကိုယ်ခံအားစနစ်ကို ဘယ်လိုထိခိုက်စေလဲဆိုတာကို ပိုမိုသိရှိနိုင်ရန် လေ့လာခဲ့ကြတာဖြစ်ပါတယ်။
ကြွက်တွေကို အဖွဲ့ ၂ ဖွဲ့ခွဲပြီး တစ်ဖွဲ့က အိပ်ရာနိုးတာနဲ့ မနက်စာစားစေကာ ကျန်တစ်ဖွဲ့ကတော့ မနက်စာမစားခိုင်းပါဘူး။
မနက်နိုးတဲ့အချိန်၊ နောက်ထပ် ၄ နာရီကြာတဲ့အချိန်၊ ၈ နာရီကြာတဲ့အချိန် အသီးသီးတို့မှာ ကြွက်တွေဆီကနေ သွေးနမူနာများရယူခဲ့ပါတယ်။
အစာမစားစေတဲ့အဖွဲ့ဟာ သွေးဖြူဥတည်ရှိမှုမှာ သိသိသာသာကွဲပြားနေတာကို တွေ့ရှိခဲ့ကြပါတယ်။
သွေးဖြူဥတွေကို ရိုးတွင်းခြင်ဆီထဲမှာ ထုတ်လုပ်ပြီး ခန္ဓာကိုယ်အနှံ့လည်ပတ်ကာ ရောဂါတွေကို ကူညီတိုက်ထုတ်ပေးပါတယ်။
အစာမစားရတဲ့ကြွက်တွေရဲ့ သွေးကြောတွေထဲမှာ ထိုဆဲလ်တွေ ၉၀ ရာခိုင်နှုန်းထိ ပျောက်ဆုံးနေတာကို တွေ့ခဲ့ကြပါတယ်။
၂၄ နာရီကြာတဲ့အထိ မစားဘဲနေစေခိုင်းရာ ဆဲလ်တွေက သွေးကြောတွေထဲ ပြန်ဝင်သွားတဲ့အချိန်မှာ ရောင်ရမ်းလာပြီး ရောဂါကူးစက်မှုကို ကာကွယ်ဖို့ခက်ခဲလာပါတယ်။
အချိန်အတိုင်းအတာတစ်ခုအထိ အစာမစားဘဲ ကျင့်ကြံနေထိုင်ခြင်းက ကျန်းမာစေတယ်ဆိုပေမယ့် ဘေးအန္တရာယ်တွေရှိလာနိုင်တာကိုလည်း သတိပြုသင့်ကြောင်း နှလုံးသွေးကြောသုတေသနတက္ကသိုလ်မှ ညွှန်ကြားရေးမှူး'ဖလစ်ဆွာစကီ'က ပြောကြားခဲ့ပါတယ်။
"ထိုဆဲလ်တွေက အခြားရောဂါတွေအတွက် အလွန်အရေးကြီးပြီး သူတို့လုပ်ဆောင်ချက်တွေ ဘယ်လိုထိန်းချုပ်လဲဆိုတာကို သိရဖို့ကလည်း အလွန်အရေးကြီးပါတယ်" လို့ ပြောပြပါတယ်။
အစာမရှိတဲ့အချိန်မှာ ဦးနှောက်ရဲ့အချို့အစိတ်အပိုင်းတွေက သွေးဖြူဥတွေနဲ့ သူတို့ရဲ့တုန့်ပြန်မှုတွေကို တိုက်ရိုက်ထိန်းချုပ်နေကြောင်း တွေ့ခဲ့ကြပါတယ်။
အစာမရှိခြင်းကြောင့် ဦးနှောက်မှာ စိတ်ဖိစီးမှုကို လှုံ့ဆော်ကာ ဆာလောင်စိတ်နဲ့ ဒေါသစိတ်တို့ကို ဖြစ်ပေါ်စေပါတယ်။
#Source: The Jerusalem Post #World_Health #မနက်စာမစားဘဲ
#breakfast #food #ကိုယ်ခံအားစနစ်ကို #မနက်စာမစားဘဲ #ထိခိုက်စေနိုင် #YMG #Yangon_Media_Group
#World_Health
Published 2 March 2023
အမေရိကန် ဖလော်ရီဒါမှ အသက် ၂၁ နှစ်အရွယ်'မိုက်ကယ်ခရမ်ဟော့ဇ်'ဟာ မျက်ကပ်မှန်တပ်လျက် အိပ်ပျော်သွားမိတာကြောင့် မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။
မိုက်ကယ်ဟာ မကြာခဏဆိုသလို မျက်ကပ်မှန်ဝတ်ပြီး အိပ်ပျော်လေ့ရှိကာ အရင်ကလည်း မျက်လုံးရောဂါပိုးဝင်ခြင်းမျိုး ကြုံတွေ့ဖူးပေမယ့် အခုတစ်ကြိမ်မှာတော့ အတော်လေးဆိုးရွားခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ ညာဘက်မျက်လုံးမှာ အလွန်ရှားပါးတဲ့ အသားစားကပ်ပါးပိုးရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီကပ်ပါးပိုးရောဂါ တိုက်ဖျက်ရန် ဒေါ်လာ ၁ သောင်း ရန်ပုံငွေရှာဖွေဖို့ ထောင်ထားတဲ့ GoFundMe page မှာ ဖော်ပြခဲ့ကာ မျက်ကပ်မှန်တပ်ဆင်သူတွေအနေနဲ့ မအိပ်ခင်မှာ မျက်ကပ်မှန်ချွတ်အိပ်ဖို့ အသိပညာပေးလိုက်ပါတယ်။
မျက်ကပ်မှန်တွေကို ညဘက်အထိ တပ်ဆင်နိုင်ကြောင်း FDA က အသိအမှတ်ပြုထားပေမယ့် မျက်ကပ်မှန်တပ်ပြီးအိပ်ရင်တော့ ရောဂါပိုးဝင်ရောက်ကူးစက်နိုင်တယ်လို့ အကြံပြုထားပါတယ်။
"မျက်လုံးရှေ့မှာရှိတဲ့ မျက်ကြည်လွှာလေးမှာ မျက်ကပ်မှန်က အဓိကသက်ရောက်နေပါတယ်၊ ကြည်လင်ပါးလွှာတာကြောင့် သူ့မှာ သွေးကြောတွေမရှိဘဲ လေထဲကအောက်ဆီဂျင်ကို ရယူရပါတယ်၊ မျက်လုံးပိတ်လိုက်တဲ့အခါ မျက်ကြည်လွှာဟာ အောက်ဆီဂျင်အလုံအလောက် မရတဲ့အပြင် မျက်ကပ်မှန်တပ်ထားတဲ့အခါ ပိုဆိုးရွားစေပါတယ်" လို့ အာတီမစ်ဆေးရုံ စက္ခုဗေဒနှင့်အင်္ဂါအစားထိုးဌာနမှ အကြီးအကဲဖြစ်သူ ဒေါက်တာ'စမီယာကော်ရှယ်'က ပြောပြခဲ့ပါတယ်။
ဒါ့အပြင် မျက်ကပ်မှန်တပ်ပြီး အိပ်ပျော်သွားရင် အနာလည်း ဖြစ်နိုင်ချေများလာပါတယ်။
"ဒီလိုမလုပ်ဖို့ လုံးဝလိုက်နာရပါမယ်၊ ဒါကြောင့်မို့လို့ အိပ်မယ်ဆိုရင် မျက်ကပ်မှန်တွေဖြုတ်ထားဖို့၊ အချိန်ရရင်ရသလို ဆေးပေးဖို့၊ မျက်ကြည်လွှာကူးစက်မှုမဖြစ်အောင် ဆေးရည်ထဲမှာထားဖို့ တိုက်တွန်းနေရတာဖြစ်ပါတယ်" လို့ ဒေါက်တာက ဆိုပါတယ်။
မျက်ကပ်မှန်တပ်ထားပြီး အိပ်ပျော်သွားရင် မျက်တောင်မခတ်တာကြောင့် မျက်ကြည်လွှာကို မျက်ရည်မရောက်တော့ပါဘူး။
ထိုအခါ မျက်ကပ်မှန်အောက်မှာ မျက်ရည်နည်းပါးသွားပြီး မျက်ကြည်လွှာပေါ်မှာ ရောဂါပိုးတွေ၊ ဖုန်မှုန့်တွေ၊ အဆိပ်အတောက်တွေ စုပြုံလာနိုင်ပါတယ်။
acanthamoeba လိုမျိုး ကပ်ပါးပိုးတွေဟာ ရေပိုက်ခေါင်းကလာတဲ့ရေကနေ မျက်လုံးကိုကူးစက်သွားတတ်ပါတယ်။
အဖြစ်ရှားပါးပေမယ့် မျက်ကပ်မှန်တပ်ပြီး အိပ်ပျော်တဲ့အခါမှသာ ဖြစ်တတ်တာပါ။
#Source: India Today #World_Health #မျက်ကပ်မှန်မချွတ်ဘဲ
#အိပ်ပျော်လေ့ရှိသည့် #လူရွယ်တစ်ဦး #YMG #Yangon_Media_Group
#Asia_Prices
Published_ 1 March 2023
လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာခြင်းနဲ့ ကုန်ကြမ်းပစ္စည်းအထောက်အပံ့ ပြတ်လတ်လာခြင်းတို့ကြောင့် ဂျပန်နိုင်ငံမှာ ပင်လယ်စာဈေးနှုန်းများ မြင့်တက်နေပါတယ်။
#Asia_Prices #Japan #ပင်လယ်စာ #YMG
#Yangon_Media_Group
#DailyNews
Published_ 1 March 2023
၁။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၂၆ ဒေါ်လာနှင့်ဈေးပြန်တက်လာပြီးပြင်ပပေါက်ဈေး၂၈ သိန်း ၃ သောင်းဝန်းကျင်ပေါက်ဈေးရှိနေ
၂။ အိမ်သော့နှင့်သံပန်းသော့များ ပျောက်နေ၍ တိုက်ခန်းတွင်းမီးလောင်သေဆုံးမှုများအဖြစ်များနေ
၃။ မတ်လအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်၊ ဒေသအချို့၌ မြူကျဆင်းဦးမည်
၄။ လုပ်ငန်းလည်ပတ်စရိတ် မြင့်တက်လာခြင်းကြောင့် ဂျပန်နိုင်ငံရှိပင်လယ်စာများ သိသိသာသာဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Society
Published 1 March 2023
ဂျေဆန်အာဒေးဟာ အသက် ၂၇ နှစ်အရွယ်တုန်းက PhD တန်းတက်ရောက်နေခဲ့ပြီး သူ့မိဘအိမ်ရှိ အိပ်ခန်းနံရံတွေမှာ သူ့ဘဝရဲ့ရည်မှန်းချက်တွေကို ချရေးထားခဲ့ပါတယ်။
ထိုရည်မှန်းချက်တွေထဲက တစ်ခုကတော့ အောက်စ်ဖို့ဒ် ဒါမှမဟုတ် ကိမ်းဘရစ်ခ်ျမှာ တစ်နေ့နေ့အလုပ်လုပ်ရဖို့ပဲ ဖြစ်ပါတယ်။
နောက် ၁၀ နှစ်အကြာ အသက် ၃၇ နှစ်အရွယ်မှာတော့ သူ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရုံမက ကိမ်းဘရစ်ခ်ျတက္ကသိုလ်သမိုင်းမှာ အသက်အငယ်ဆုံး လူမည်းပရော်ဖက်ဆာအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။
မတ်လ ၆ ရက်နေ့မှာ ပညာရေးဌာနရှိ လူမှုဗေဒပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရတော့မယ့် အာဒေးကတော့ ဇွဲလုံ့လအတုယူစရာကောင်းတဲ့ နောက်ခံရှိနေပါတယ်။
သူဟာ အသက် ၃ နှစ်အရွယ်မှာ အော်တစ်ဇင်ဝေဒနာရှိကြောင်း တွေ့ရှိခဲ့ပြီး အသက် ၁၁ နှစ်မတိုင်ခင်အထိ စကားမပြောနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ၁၈ နှစ်အရွယ်မှာ စာပေမတတ်ခြင်းအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
သူ့ကို လန်ဒန်တောင်ပိုင်း ကလပ်ဟမ်မှာ မွေးဖွားကြီးပြင်းစေခဲ့ပြီး လူမှုစီးပွားရးနိမ့်ကျသူတွေ၊ လူမည်းလူမျိုးတွေ၊ အာရှလူမျိုးတွေ၊ လူနည်းစုတိုင်းရင်းသားတွေ ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲအားလုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
သူ့ဘဝမှာ တသက်တာလုံး အထောက်အကူရယူပြီး နေထိုင်သွားရမယ်လို့ ထင်ခဲ့တဲ့ ကျန်းမာရေးပညာရှင်တွေကို မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
ရာထူးတာဝန်အသစ်ယူပြီးနောက် နိမ့်ကျတဲ့နောက်ခံကလူတွေအတွက် အားကျအတုယူဖွယ်ဖြစ်အောင် ကျင့်ကြံဖို့ရည်ရွယ်ထားပြီး ဒီကိစ္စနဲ့ပတ်သက်လို့ တက္ကသိုလ်ရဲ့ အစီအစဉ်တွေမှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။
သူ့ရဲ့စိတ်ပိုင်းဖြတ်လုပ်ဆောင်ချက်တွေအတွက် ဆိုရှယ်မီဒီယာတွေမှာ အသိအမှတ်ပြုနေကြပါတယ်။
"ကိမ်းဘရစ်ခ်ျမှာ အသက်အငယ်ဆုံးလူမည်းပရော်ဖက်ဆာဖြစ်လာတဲ့ ဂျေဆန်အာဒေးကို တကယ်ကိုဂုဏ်ပြုလိုက်ပါတယ်၊ အခက်အခဲတွေကို ဖြတ်သန်းလာပြီးနောက် ဘဝပန်းတိုင်ကိုရောက်ရှိပုံက တကယ်ကိုလေးစားဖွယ်ဖြစ်ပြီး ဒီတိုင်းပြည်မှာ အခြားလူမျိုးတွေရဲ့ ပညာရေးကဏ္ဍကို ပိုမိုကောင်းမွန်အောင် ဖန်တီးပေးဖို့ တောင်းဆိုရာရောက်ပါတယ်" လို့ Netflix က ပြသနေတဲ့ Bridgerton မှ သရုပ်ဆောင်'အန်ဂျိုအာအန်ဒို'က တွစ်တာမှာရေးသားခဲ့ပါတယ်။
"လူမျိုးရေး၊ မညီမျှမှုနဲ့ ပညာရေးတို့မှာ လူသိများခဲ့တဲ့ ဂျေဆန်အာဒေးဟာ လူမှုဗေဒပရော်ဖက်ဆာအဖြစ် မတ်လကစပြီး တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်၊ ကိမ်းဘရစ်ခ်ျမှ ကြိုဆိုပါတယ်" လို့ တက္ကသိုလ်ကလည်း တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
#Source: WION #World_Society #အသက်(၁၈)နှစ် #အသက်အငယ်ဆုံး #လူမည်းပါမောက္ခ #YMG #Yangon_Media_Group
#World_Space
Published 1 March 2023
ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ကောင်းကင်ယံကနေ ထူးထူးဆန်းဆန်းအရာများ နေရာအနှံ့မှ ပြုတ်ကျလာခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ထိုဖြစ်ရပ်အများစုကို ဖြေရှင်းနိုင်ခဲ့ကာ ပြီးခဲ့တဲ့လ ဟာဝိုင်အီမှာ ပေါ်လာခဲ့တဲ့ အပြာရောင်အလိမ်တန်းကြီးက SpaceX မှ လွှတ်တင်ခြင်းသာဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၆၆ ခုနှစ်က ဩစတြေးလျကျောင်းတစ်ကျောင်းပေါ်ကနေ ဖြတ်သန်းပျံသန်းသွားတဲ့ ပန်းကန်ပြားပျံလို အဖြစ်မျိုးကိုတော့ ယုတ္တိကျကျ မရှင်းပြနိုင်သေးပါဘူး။
၁၉၅၄ ခုနှစ်က ကြက်ဥပုံသဏ္ဍာန်ယာဉ်ပေါ်ကနေ ဘောလုံးပရိသတ်များခေါင်းပေါ်သို့ ငွေဖြူရောင်အမျှင်များကျလာတာကိုလည်း ပဟေဠိမဖြေရှင်းနိုင်သေးပါဘူး။
မဖြေရှင်းနိုင်သေးတဲ့ အထူးဆန်းဆုံး အမည်မသိယာဉ် ၇ ခုဖြစ်ရပ်အကြောင်းကို MailOnline က ဖော်ပြလိုက်ပါတယ်။
(၁) ပန်းကန်ပြားပျံ - ဩစတြေးလျ
၁၉၆၆ ဧပြီ ၆ ရက်နေ့မှာ ဩစတြေးလျ မဲလ်ဘုန်းရှိ ဝက်စ်တောလ်အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေဟာ ပန်းကန်ပြားပျံတစ်ခု ပျံသန်းနေတာကို မျက်မြင်တွေ့ခဲ့ကြပါတယ်။
မိနစ် ၂၀ ခန့်ကြာပြီးနောက် နောက်ထပ်ယာဉ် ၅ စီးက ထိုပန်းကန်ပြားပျံကို ဝန်းရံလိုက်ကာ စုဝေးပျံသန်းသွားကြောင်း ပြောပြခဲ့ကြပါတယ်။
(၂) အနီနှင့်အစိမ်းရောင်အလင်းများ - ယူကေ
၁၉၈၀ ဒီဇင်ဘာလတုန်းက ယူကေ ရန်ဒယ်ရှန်တောအနီး စခန်းချထားတဲ့ အမေရိကန်လေတပ်က အနီရောင်နဲ့ အစိမ်းရောင်အလင်းတန်းတွေ တွေ့ရှိခဲ့ကြောင်း တင်ပြခဲ့ပါတယ်။
ထိုအရာတွေဟာ ညအချိန်အလင်းတန်းများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းကြောင့်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုခဲ့ပါတယ်။
(၃) ဖီးနစ်အလင်းတန်းများ - အမေရိကန်
၁၉၉၇ မတ်လညတစ်ညက ဖီးနစ်အလင်းများ ပေါ်ပေါက်ပြီးနောက်ပိုင်း အရီဇိုးနားမှာ အမည်မသိယာဉ်ပျံများ မကြာခဏတွေ့လာရပါတယ်။
အလင်းတန်း ၅ ခုဟာ ပုံစံတကျ ပျံသန်းနေခဲ့ပြီး V ပုံသဏ္ဍာန်ပေါ်ပေါက်နေခဲ့ပါတယ်။
(၄) ငွေဖြူရောင်အမျှင်များ - အီတလီ
၁၉၅၄ အောက်တိုဘာ ၂၇ ရက်နေ့မှာ အီတလီ ဖီအိုရင်တီးနားရှိ ဘောလုံးပွဲတစ်ပွဲအတွင်း အာကာသယာဉ်ဝိုင်းတစ်ခုကနေ ငွေရောင်အမျှင်များ ပြုတ်ကျလာတာကို ပရိသတ်များတွေ့မြင်ခဲ့ကြပါတယ်။
ထိုအမျှင်များကို လေ့လာဆန်းစစ်ခဲ့ရာမှာ ဘိုရွန်၊ ဆီလီကွန်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယံတို့နဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။
(၅) ဂြိုဟ်သားတွေ့ရှိခြင်း - ဇင်ဘာဘွေ
၁၉၉၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဇင်ဘာဘွေနိုင်ငံ ရူဝါအပြင်ဘက်ရှိ မူလတန်းကျောင်းမှာ ကျောင်းသား ၆၂ ယောက်က ကောင်းကင်ကနေ ငွေရောင်ယာဉ်ကြီးဆင်းလာတာကို မြင်တွေ့ကြပြီး လူသားကဲ့သို့ပုံသဏ္ဍာန်ရှိကာ ရဂ်ဘီဘောလုံးအရွယ်ကဲ့သို့ မျက်လုံးများနဲ့ အနက်ရောင်တို့ ဝတ်ဆင်ထားပါတယ်။
ထိုဂြိုဟ်သားများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းကို စိတ်စွမ်းအင်ဖြင့် အသိပေးခဲ့ကာ ကမ္ဘာဂြိုဟ်ကိုမဖျက်ဆီးကြဖို့ သတိပေးသွားပါတယ်။
(၆) ကွင်းပြင်၌ဂြိုဟ်သားနှင့်တွေ့ဆုံခြင်း - ယူကေ
၁၉၈၇ ဒီဇင်ဘာ ၁ ရက်နေ့မှာ အငြိမ်းစားရဲအရာရှိတစ်ဦးက ယော့ခ်ရှိုင်းယားရှိ အစ်က်လေကွင်းပြင်မှာ လမ်းလျှောက်နေစဉ် ဂြိုဟ်သားသဏ္ဍာန်တစ်ခုနဲ့ ဆုံတွေ့မိခဲ့ပါတယ်။
ဓာတ်ပုံရယူခဲ့ပေမယ့် ပညာရှင်များလေ့လာကြည့်ရာမှာ သေချာမမြင်ရဘဲ ဖြစ်နေပါတယ်။
(၇) မမျှော်လင့်ဘဲဆိုက်ရောက်လာခြင်း - အမေရိကန်
၂၀၀၆ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ အိုဟဲနိုင်ငံတကာလေဆိပ်ရှိ ဝန်ထမ်းတစ်ဦးက ကောင်းကင်မှာ သတ္တုပန်းကန်ပြားပျံတစ်စင်းကို မြင်တွေ့ခဲ့ပါတယ်။
ဝန်ထမ်း ၁၂ ယောက်အပါအဝင် လေဆိပ်ရှိ လေယာဉ်အချို့မှ ခရီးသည်တွေကလည်းတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
#Source: Daily Mail #World_Space #ယခုအချိန်အထိ #UFO #ဖြစ်ရပ်(၇)ခု #YMG #Yangon_Media_Group
#World_Health
Published 1 March 2023
အဝလွန်ခြင်းပြဿနာကြောင့် လူတစ်ဦးရဲ့အသက်သေဆုံးနိုင်ချေ ၂၂ ရာခိုင်နှုန်းကနေ ၉၁ ရာခိုင်နှုန်းအထိများနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိခဲ့ရာ မူလကထင်ထားတာထက် ပိုများနေပါတယ်။
ကမ္ဘာတဝှမ်းမှာ အဝလွန်ခြင်းဝေဒနာ ပိုပြီးအဖြစ်များလာကြကာ အမေရိကန်မှာဆိုရင် အရွယ်ရောက်ပြီးသူ ၄၁.၉ ရာခိုင်နှုန်းက အဝလွန်ဝေဒနာခံစားနေရကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)ကဆိုပါတယ်။
အဝလွန်ခြင်းရှိ/မရှိကို BMI ဖြင့် တိုင်းတာလေ့ရှိပြီး BMI တန်ဖိုး ၁၈.၅ အောက်ဆိုရင် ကိုယ်အလေးချိန်လျော့နည်းတယ်လို့ ယူဆကာ BMI ၂၅ ကျော်ရင် ကိုယ်အလေးချိန်များတယ်လို့ ယူဆပြီး BMI ၃၀ ကျော်ရင်တော့ အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။
ကိုယ်အလေးချိန်အခြေအနေကို BMI ဖြင့်တိုင်းတာခြင်းက သိပ်ပြီးယေဘုယျမကျဘူးလို့ ဆိုနေကြပေမယ့်လည်း လူတစ်ယောက် ကိုယ်အလေးချိန်လျော့နေလား အဝလွန်နေလားဆိုတာကို တိုင်းတာဖို့အတွက် BMI ကို အသုံးပြုနေဆဲပါ။
ကိုယ်အလေးချိန်နည်းခြင်းနဲ့ အဝလွန်ခြင်း နှစ်ရပ်စလုံးက အသက်ဆုံးပါးနိုင်ချေမြင့်မားနိုင်တယ်လို့ ယူဆပြီး လေ့လာမှုများပြုလုပ်ခဲ့ကြပါတယ်။
သုတေသီများက ၁၉၈၈ မှ ၂၀၁၅ အတွင်း သေဆုံးသူပေါင်း ၄,၅၀၀ အပါအဝင် လူပေါင်း ၁၈,၀၀၀ ခန့်ကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
ရှိသင့်ရှိထိုက်တဲ့ BMI ဟာ အသက်အန္တရာယ်အနည်းဆုံး အခြေအနေဖြစ်ပြီး ကိုယ်အလေးချိန်လျော့နည်းခြင်းကလည်း အသက်သေဆုံးနိုင်ချေ ထူးထူးခြားခြားများလာတာမျိုး မရှိပါဘူး။
ယခုလေ့လာတွက်ချက်မှုများအပြီးမှာတော့ BMI မြင့်မားခြင်းကြောင့် လူကြီးတွေမှာ အသက်ဆုံးပါးနိုင်ချေက အရင်လေ့လာထားတာတွေထက် ၈ ဆမျှ ပိုများနေပါတယ်။
၂၀၂၂ လေ့လာမှုတစ်ခုမှာ အသက်ကြီးသူတွေမှာ BMI ကို ထိန်းသိမ်းထားခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါကို အကောင်းဆုံးကာကွယ်နိုင်တယ်လို့ သိရပါတယ်။
အဝလွန်ရာကနေ ကိုယ်အလေးချိန်ကျသွားအောင် ပြုလုပ်တာထက်စာရင် အနည်းငယ်ဝနေတဲ့အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါက ပိုပြီးကျန်းမာစေနိုင်ကြောင်း ဖော်ပြထားပါတယ်။
#Source: The Jerusalem Post #World_Health #BMI #အဝလွန် #(၉၀)ရာခိုင်နှုန်း #အသက်ဆုံးပါးနိုင် #YMG#Yangon_Media_Group
Page 495 of 868