#World_Health
Published 04 August 2024


▪️ အမေရိကန်မှာ ရောင်းချနေတဲ့ ကိုကိုးစားစရာထုတ်ကုန်တွေမှာ အဆိပ်သင့်သတ္တုဓာတ်များ စိုးရိမ်စရာပမာဏ ပါဝင်နေတယ်လို့ ဂျော့ဂျ်ဝါရှင်တန်တက္ကသိုလ်က သတိပေးလိုက်ပါတယ်။

 

▪️ ချောကလက်မည်း အပါအဝင် ကိုကိုးအခြေပြု စားစရာ ၇၂ မျိုးကို အချိန် ၈ နှစ်ကြာအောင် သုတေသီများ ဆန်းစစ်ခဲ့ရာ ၄၃ ရာခိုင်နှုန်းမှာ ခဲပါဝင်မှုက ညွှန်ကြားထားတာထက် ပိုများနေပြီး ၃၅ ရာခိုင်နှုန်းမှာတော့ ကဒ်မီယံပမာဏက ကျော်လွန်နေပါတယ်။

 

▪️ အော်ဂဲနစ်လို့ အမည်တပ်ထားတဲ့ ထုတ်ကုန်တွေက အော်ဂဲနစ်မဟုတ်တဲ့ ထုတ်ကုန်တွေထက် ခဲနဲ့ ကဒ်မီယံပိုများနေပြီး ဒါတွေက မြေကြီး ဒါမှမဟုတ် ထုတ်လုပ်နေစဉ်အတွင်း ပါဝင်လာတာ ဖြစ်နိုင်ပါတယ်။

 

▪️ ဒီစားစရာတွေကို တစ်ခုတလေ စားတာက ကျန်းမာရေးအန္တရာယ် မဖြစ်နိုင်ပေမယ့် အများအပြားစားရင်တော့ ဖြစ်နိုင်ပါတယ်။

 

▪️ ချောကလက်က လူကြိုက်များပေမယ့် အခြားစားစရာတွေလိုပဲ တော်သင့်ရုံသာ စားဖို့က အရေးကြီးတယ်လို့ သုတေသနဦးဆောင်သူ လိတ်ဖရိမ်က ပြောပါတယ်။



▪️ ကမာကောင်တွေ၊ တိရိစ္ဆာန် အူကလီစာသားတွေ၊ ခဲပါဝင်မှုများတဲ့ မြေကြီးမှလုပ်တဲ့ ဖြည့်စွက်စာတွေမှာ ခဲပမာဏ အများအပြား ပါဝင်တတ်ပါတယ်။

 

▪️ ခဲထိတွေ့မှုများပါက သွေးပေါင်ချိန်တက်ခြင်း၊ ဦးနှောက် ကျောက်ကပ် မျိုးပွားကျန်းမာရေး ပြဿနာများ ဖြစ်နိုင်ပြီး ခဲဆိပ်သင့်ပါက ခေါင်းကိုက်ခြင်း၊ အစာအိမ် ကြွက်တက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ကြွက်သား အဆစ်အမြစ်နာကျင်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း၊ နွမ်းနယ်ခြင်း၊ လိင်စိတ်ဆန္ဒယုတ်လျော့ခြင်းတို့ ဖြစ်တတ်ပါတယ်။

 

▪️ ကဒ်မီယံအဆိပ်သင့်ပါက ဖျားနာချမ်းတုန်ခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ ဖြစ်နိုင်ပြီး ကျောက်ကပ်၊ အရိုး၊ အဆုတ်ရောဂါများ ဖြစ်လာနိုင်ပါတယ်။

 

▪️ လူကြီးတွေအနေနဲ့ ချောကလက်မည်း စားလို့ ကျန်းမာရေးပြဿနာ ဆိုးဆိုးရွားရွား မရှိနိုင်ပေမယ့် ကလေးတွေမှာတော့ အန္တရာယ်ရှိနေနိုင်ပါတယ်။

 

#Source: New York Post