၁၄ ဩဂုတ် ၂၀၂၄
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက စက်တင်ဘာလမှာ သူဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်မယ်လို့ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးအရှုပ်တော်ပုံတွေနှင့်ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်ကာလ သုံးနှစ် အဆုံးသတ်မှာဖြစ်ပြီး ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကို ရင်ဆိုင်ဖြေရှင်းရတော့မယ့် ဝန်ကြီးချုပ်အသစ်တစ်ဦးအတွက် လမ်းဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်လို့ ရိုက်တာကရေးပါတယ်။
“ ပြည်သူ့ယုံကြည်မှုမရှိဘဲ နိုင်ငံရေးဟာ အလုပ်မဖြစ်ဘူး” လို့ ယနေ့ ဩဂုတ် ၁၄ရက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက ပြောကြားပါတယ်။ သူ့အနေနှင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်အဖြစ် ပြန်ရွေးဖို့ မလုပ်တော့ဘူးလို့ သူက ကြေညာပါတယ်။
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အငြင်းပွားစရာဖြစ်နေတဲ့ ယူနီဖီကေးရှင်းဘုရားကျောင်း အဆက်အသွယ်ရှိ နေတာတွေနှင့် ရန်ပုံငွေပွဲတွေတုန်းကရရှိတဲ့ ပါတီအတွက် နိုင်ငံရေးအလှူငွေတွေကို စာရင်းမှတ်တမ်း မထားရှိတာတွေကြောင့် သူ့အပေါ်လူထူယုံကြည်ထောက်ခံမှုကျဆင်းနေတာဖြစ်ပါတယ်။
သူဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဂျပန်နိုင်ငံအတွက် ကာကွယ်ရေးအသုံးစရိတ်နှစ်ဆသုံးခဲ့ပြိး စစ်တပ်ကို အကြီးကျယ် ဆုံးတည်ဆောက်နေပါတယ်။
သူဟာ အမေရိကန်က တို့ပေးဆွပေးတဲ့အတွက် ဆက်ဆံရေးကျဲနေတဲ့ တောင်ကိုရီးယားနှင့်လည်း ပြန်လည်သင့်မြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီနှစ်နိုင်ငံဟာ မဟာမိတ်အမေရိကန်နှင့်အတူ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ပူးပေါင်းခဲ့ကြပါတယ်။
“ ဝန်ကြီးချုပ် ကီရှီဒါရဲ့ တည်ကြည်ခိုင်မြဲတဲ့ ဦးဆောင်မှုအောက်မှာ ဂျပန်နှင့်အမေရိကန်နိုင်ငံတွေဟာ မဟာမိတ်ဆက်ဆံရေး ခေတ်သစ်တစ်ခု ရောက်ရှိခဲ့ပါတယ်” လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရမ်အီမန်နျူယယ်က တွစ်တာ(အိတ်စ်ခ)မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
Ref : Reuters
၁၃ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံခြားရေးဝန်ကြီးက သူ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အခြေခံဥပဒေနှင့်တရားဥပဒေမူဘောင်အတွင်းက နိုင်ငံရေးဆွေးနွေးမှုများအတွက် တရုတ်ကကူညီရေး လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသို့သွားရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ခရီးစဉ်ကိစ္စ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှု အပေါ် ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်က ဖြေကြားခဲ့ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမယ် လို့ရန်ကုန်မြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေဖြင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတဲ့ အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွားမှာဖြစ်တယ်လို့လည်း ပြောဆိုခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်တယ်လို့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
ဩဂုတ် ၁၃ ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီဟာ မြန်မာနိုင်ငံသို့ သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၁၃ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ထိုင်းနိုင်ငံမှာကျင်းပမယ့် (၉)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးနှင့်ဆက်စပ်ပြီး မြန်မာ၊လာအို၊ထိုင်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနှင့်လည်း သီးခြားတွေ့ဆုံစည်းဝေးဖို့ ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူ့ရဲ့ခရီးစဉ်ဟာ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်နေ့အထိဖြစ်တယ်လို့လည်းသိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာရှိနေစဉ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
မစ္စတာဝမ်ယီမရောက်ခင် ရက်ပိုင်း ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က တရုတ်သံအမတ်အသစ် မစ္စ မာကျား Ms Na Jia ဟာ မြန်မာနိုင်ငံကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိခဲ့ပါတယ်။
@ymg/knl
၁၃ ဩဂုတ် ၂၀၂၄
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဖြုတ်ချတဲ့ကိစ္စမှာ အမေရိကန်ပါဝင်ပတ်သက်မှုမရှိဘူးလို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ငြင်းချက်ထုတ်ပါတယ်။ အမေရိကန်စွက်ဖက်မှုလို့ စွပ်စွဲနေတာတွေဟာ အမှားတွေသာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
“ ကျွန်မတို့ ဘာတစ်ခုမှ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။ ဒီဖြစ်ရပ်မှာ အမေရိကန်အစိုးရ ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ၊ ကောလဟာလတွေဟာ တကယ်တမ်းတော့ အမှားတွေပါ” လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ကရင်ဂျင်း ပီယဲက သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ပါဝင်ပတ်သက်နေသလားဆိုတဲ့မေးခွန်းကို ပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံထုတ် အီကော်နောမစ်တိုင်းမ်သတင်းစာကြီးမှာ တနင်္ဂနွေက ဟာဆီနာရဲ့ပြောကြားချက်ကို ကိုးကားပြီး သတင်းတစ်ပုဒ်ဖော်ပြခဲ့ရာမှာ အမေရိကန်အနေနှင့် ဘင်္ဂလားပင်လယ်အော်ထဲက ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းကို ထိန်းချုပ်လိုတဲ့အတွက် သူမကို ဖြုတ်ချရမှာ အမေရိကန်က ပတ်သက်ပါဝင်ခဲ့တာလို့ ပြောထားပါတယ်။ အဲဒီသတင်းစကားကို ဟာဆီနာက သူမရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကတစ်ဆင့် သတင်းပါးခဲ့တာဖြစ်ပါတယ်လို့ သတင်းစာက ရေးသားပါတယ်။
ဒါပေမယ့် ဟာဆီနာရဲ့ သား ဆာဂျီဝါဇက်ကတော့ သူ့အမေ အဲဒီလိုစကားမျိုး ဘယ်တော့မှမပြောခဲ့ဘူးလို့ ဆိုရှယ်မီဒီယာ အိတ်စ်မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
“ ဘင်္ဂလားဒေ့ရှ်ရဲ့အနာဂတ်ကို ဘင်္ဂလားဒေ့ရှ်ပြည်သူတွေသာ ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ အဲဒီလို ကျွန်တော်တို့ရပ်တည်ပါတယ်” လို့ အိမ်ဖြူတော်က ပြောပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက်ယူနွတ်ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်ချက်နှင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျမ်းကျိန်ခဲ့ကြပါတယ်။
အစိုးရအလုပ်ရဲ့ အစိတ်အပိုင်းတော်တော်များများကို အချို့သောအုပ်စုတွေအတွက် ချန်ထားပေးတဲ့ အစိုးရရဲ့ ခွဲတမ်းကို ဆန့်ကျင်တဲ့အနေနှင့် ပြီးခဲ့တဲ့လကစပြီး ကျောင်းသားတွေဆန္ဒပြခဲ့ရာမှ ဟာဆီနာကိုဖြုတ်ချဖို့အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
သူမဟာ ဇန်နဝါရီလရွေးကောက်ပွဲမှာ စတုတ္တမြောက်သက်တမ်းအတွက် ဆက်တိုက် အနိုင်ရခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲကို အတိုက်အခံတွေက သပိတ်မှောက်ခဲ့ပြီး အမေရိကန်အစိုးရက လွတ်လပ်မျှတမှုရှိတဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
သူမဟာ ၁၅နှစ်ကြာအုပ်ချုပ်ခဲ့ရပြီးနောက် နောက်ဆုံးမှာ အိန္ဒိယသို့ထွက်ပြေးခဲ့ရပါတယ်။
Ref: Reuters
၁၁ ဩဂုတ် ၂၀၂၄
မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသ ဆောလျင်စွာပြန်လည်တည်ငြိမ်လာစေဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ဩဂုတ်လ ၉ ရက်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာသတင်းဌာနတစ်ခုရဲ့ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစ္စ မော်နင်း Ms. Mao Ning ကဖြေကြားသွားတာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားသည်ကို တရုတ်အနေဖြင့် မတွေ့မြင်လိုဘူးလို့လည်း မစ္စမော်နင်းက ဆက်လက်ပြောကြားပါတယ်။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေပြောင်းလဲလာမှုကို အမြဲတစေ များစွာ ဂရုပြုလျက်ရှိတယ်လို့လည်း သူမကပြောပါတယ်။
တရုတ်နိုင်ငံက ယင်း၏နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် အမြဲတစေ ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိတယ်လို့လည်း မစ္စမော်နင်းက ဖြည့်စွက်ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွတိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်တယ်လို့ သူမကပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
၁၁ ဩဂုတ် ၂၀၂၄
YouTube နှင့် Google ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူဆန်ဝစ်ဂျစ်စကီဟာ ဩဂုတ်၁၀ ရက်စနေနေ့က အဆုတ်ကင်ဆာရောဂါနှင့် ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။
“ဆူဆန်ဝစ်ဂျစ်စကီ ကွယ်လွန်တဲ့သတင်းကို ကျွန်တော်ဝမ်းနည်းစွာနှင့်ပင် မျှဝေပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ချစ်ဇနီးအဖြစ် ၂၆ နှစ်အတူရှိခဲ့ပြီး ကလေး ၅ ယောက်ရဲ့မိခင်ဖြစ်တဲ့သူမဟာ အဆုတ်ကင်ဆာရောဂါ (၂)နှစ်ကြာ ခံစားရပြီးနောက် ဒီကနေ့မှာ ကျွန်တော်တို့ကိုထားခဲ့ပါပြီ” လို့ ခင်ပွန်းဖြစ်သူ ဒင်နစ်ထရူးပါးက ဖေ့စ်ဘုတ်မှာ ပို့စ်တင်ခဲ့ပါတယ်။
“ သူမဟာ လွန်ခဲ့တဲ့ (၂)နှစ်လုံးလုံး ခက်ခဲစွာနေထိုင်ခဲ့ရတယ်။ သူမဟာ သူမရဲ့ပရဟိတစိတ်ထားတွေနှင့် ကမ္ဘာကြီးကို ပိုမိုကောင်း မွန်အောင် စိတ်နှစ်လုပ်ဆောင်ခဲ့တယ်။ အဲဒီအထဲမှာ သူမခံစားနေရတဲ့ ရောဂါနှင့်ပတ်သက်တဲ့ သုတေသနလုပ်ငန်း ကို ပံ့ပိုးကူညီတာလည်းပါဝင်တယ်”လို့ Google ရဲ့ လက်ရှိ အမှုဆောင်အရာရှိချုပ် ဆန်ဒါပီချိုင်းက ပြောပါတယ်။
ဝစ်ဂျစ်စကီဟာ ၁၉၉၉ခုနှစ်မှာ Google မှာ စတင်အလုပ်လုပ်ခဲ့ပြီး သူမဟာနည်းပညာနယ်ပယ်ထဲက လူသိထင်ရှား အမျိုးသမီး တွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
Google ဟာ ၂၀၀၆ခုနှစ်မှာ YouTube ကို ဒေါ်လာ ၁.၆၅ ဘီလျံနှင့်ဝယ်ယူခဲ့ပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်မှာ YouTube ရဲ့ စီအီးအိုမဖြစ်ခင် Google ရဲ့ ကြေညာထုတ်ကုန်ဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက်သူမဟာ ၂၀၂၃ မှာ သမိသားစုကိစ္စ၊ကျန်းမာရေးကိစ္စနှင့် ပုဂ္ဂလိက စီမံကိန်းတွေကြောင့် YouTube ကနေ ထွက်ခဲ့ ပါတယ်။ အဲဒီနောက်သူမဟာ Google ရဲ့ မိခင်ကုမ္ပဏီ အယ်ဖာဘက်မှာ အကြံပေးအဖြစ် လုပ်ခဲ့ပါတယ်။
Ref Reuters
၅ ဩဂုတ် ၂၀၂၄
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အခြေအနေများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်း က ဩဂုတ်၄ ရက်ညတွင် မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ် ပါတယ်။
@ymg/knl
Page 8 of 196