#Local_News
Published 30 October 2026

■ နျူကလီးယားဓာတ်အားပေးစက်ရုံဆိုင်ရာ ကျွမ်းကျင်လုပ်သားနှင့် အင်ဂျင်နီယာများ လေ့ကျင့်ရေး၊ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့ ပို့လွှတ်ဖြန့်ဖြူးရာတွင် ဆုံးရှုံးလေလွင့်မှု လျှော့ချရေးတို့ကို မြန်မာနှင့် ဘယ်လာရုစ် စွမ်းအင်ဝန်ကြီးများ အောက်တိုဘာ ၂၈ ရက်တွင် မင့်စ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

■ ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် နှစ် ၃၀ ပြည့် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်နေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံရေးထိုးထားသည့် လမ်းပြမြေပုံ (Roadmap) ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် ဘယ်လာရုစ်စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

■ ပြည်ထောင်စုဝန်ကြီးက နျူကလီးယားဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရေးအတွက် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများ လေ့ကျင့်ပေးရန် အရေးကြီးသဖြင့် ဘယ်လာရုစ်ရှိ ဓာတ်အားပေးစက်ရုံများသို့ လုပ်ငန်းခွင်လက်တွေ့သင်တန်းများစေလွှတ်လိုကြောင်းပြောကြားသည်။

■ မြန်မာနိုင်ငံ၌ မကြာမီ စတင်အသုံးပြုမည့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်၏ ပို့လွှတ်ရေး၊ စောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်းများအတွက်လည်း ကျွမ်းကျင်အင်ဂျင်နီယာများ စေလွှတ်သင်ကြားပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။

■ ထို့ပြင် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲဝင်းများနှင့် ထရန်စဖော်မာများတွင် နည်းပညာဆိုင်ရာ ဓာတ်အားဆုံးရှုံးမှု လျှော့ချရေး၊ သက်တမ်းကြာမြင့်နေသည့် ဗို့အားမြင့်ကေဘယ်ကြိုးများကို လျှပ်ကူးမှုနှင့် ကြံ့ခိုင်မှုပိုမိုကောင်းမွန်သည့် ဘယ်လာရုစ်ထုတ် Composite ကေဘယ်များဖြင့် အစားထိုးအသုံးပြုရေးတို့ကို စိတ်ဝင်စားကြောင်းပြောကြားသည်။

■ သဘာဝဓာတ်ငွေ့ဆုံးရှုံးလေလွင့်မှု လျှော့ချရေး၊ ဓာတ်မြေသြဇာစက်ရုံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် တိုးချဲ့တည်ဆောက်ရေးတို့တွင်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

■ ဘယ်လာရုစ်စွမ်းအင်ဝန်ကြီးက မိမိတို့နိုင်ငံသည် နျူကလီးယားနှင့် သဘာဝဓာတ်ငွေ့တို့မှ လျှပ်စစ်ဓာတ်အား အဓိကထုတ်လုပ်ပြီး နျူကလီးယားဓာတ်အားပေးစက်ရုံဆိုင်ရာ အတွေ့အကြုံများရှိကြောင်းပြောကြားသည်။

■ သဘာဝဓာတ်ငွေ့ကို ရုရှားထံမှ ဝယ်ယူသုံးစွဲသဖြင့် ရှာဖွေထုတ်လုပ်ရေးအတွေ့အကြုံ မရှိသော်လည်း ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရေးတွင် ဆုံးရှုံးမှုနည်းပါးစေသည့် နည်းပညာများရှိပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းပြောကြားခဲ့သည်။

■ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မင့်စ်မြို့ရှိ ထရန်စဖော်မာနှင့် လျှပ်စစ်ကေဘယ်ကြိုး ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဓာတ်ငွေ့နှင့် ဓာတ်အားဖြန့်ဖြူးရေးကွန်ရက် ဒီဇိုင်းရေးဆွဲသည့်ဌာန၊ ပို့လွှတ်ဖြန့်ဖြူးရေး ထိန်းချုပ်ရေးစင်တာများနှင့် ရေနံဓာတုဗေဒလုပ်ငန်းတို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

#YMG #Yangon_Times #Yangon_Media_Group