#Local_News
Published 30 October 2026

■ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုများကို စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

■ 5G ကွန်ရက်အကောင်အထည်ဖော်မှုနှင့် ဆက်သွယ်ရေးစခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော် ဥတ္တရသီရိနှင့် ဇမ္ဗူသီရိမြို့နယ်တို့ရှိ ဆက်သွယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

■ ခရီးစဉ်အတွင်း မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက 5G ကွန်ရက်တည်ဆောက်မှု၊ ဆက်သွယ်ရေးစခန်းများ၏ လုပ်ငန်းဆောင်ရွက်မှု၊ ကွန်ရက်လွှမ်းခြုံမှု တိုးချဲ့မည့်အစီအစဉ်များနှင့် နည်းပညာဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

■ 5G နည်းပညာသည် မြန်နှုန်းမြင့်ဒေတာဆက်သွယ်မှုနှင့် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်မှုများအပြင် ဒီဂျစ်တယ်နည်းပညာအခြေပြု ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

■ ထို့ပြင် 5G ကွန်ရက်များ တည်ဆောက်ရာတွင် သတ်မှတ်နည်းပညာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကွန်ရက်တည်ငြိမ်မှုနှင့် ဝန်ဆောင်မှုအရည်အသွေး ပြည့်မီစေရန်၊ ဆက်သွယ်ရေးစက်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းပြုပြင်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

■ 5G နည်းပညာ ဖွံ့ဖြိုးလာခြင်းသည် ဒီဂျစ်တယ်စီးပွားရေး၊ စမတ်မြို့ပြဖွံ့ဖြိုးရေးနှင့် အင်တာနက်အခြေပြုဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကွန်ရက်အရည်အသွေး မြှင့်တင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times