ဇူလိုင် ၁၁၊ ၂၀၂၆၊

ဒစ်ဘရူးဂါ့ (Dibrugarh): နှစ်ဘက် ကုန်သွယ်ရေးအဖွဲ့အစည်းများအကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ  အပြီးတွင် ၆ နှစ်ကျော်ကြာ ရပ်နားထားခဲ့သော ပန်ဆောင်နယ်စပ်ဂိတ်မှ အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ဇူလိုင် ၂၀ ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ထားသည်။

လွတ်လပ်စွာ သွားလာခွင့်အစီအစဉ် (Free Movement Regime - FMR) အရ အိန္ဒိယ-မြန်မာ နယ်စပ် နှစ်ဖက်စလုံးရှိ ၁၀ ကီလိုမီတာ ပတ်လည်အတွင်း နေထိုင်သူများအနေဖြင့် ဒေသတွင်းကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော် ဖလှယ်မှုများ ပြုလုပ်ခွင့်ရှိသည်။

COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၃ ရက်ကတည်းက ပိတ်ထားခဲ့သော အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းသည် ပန်ဆောင်ဈေးကော်မတီနှင့် Nampong နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များအသင်း (NBTBA) မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်များနှင့် အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်၊ Changlang ခရိုင်၊ Nampong အနီးရှိ နယ်စပ်ဈေး (Border Haat) ၌ ဇူလိုင် ၉ ရက်နေ့က တွေ့ဆုံ၍ ကုန်သွယ်မှုပြန်လည်စတင်ရန် လုပ်ထုံးလုပ်နည်းများကို အပြီးသတ် ဆွေးနွေးခဲ့ကြပြီးနောက် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ခရိုင်ကောင်စီ (Zilla Parishad) အဖွဲ့ဝင် Matton Ngaimong က NBTBA ဥက္ကဋ္ဌ Jongkham Morang၊ အထွေထွေအတွင်းရေးမှူး Rahulyong Tikhak တို့နှင့်အတူ ဦးဆောင်ခဲ့ သည်။ ယခုဆွေးနွေးပွဲသည် ဤကဲ့သို့သော ပထမဆုံး နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာဘက်မှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အပြု သဘောဆောင်စွာ ပြီးဆုံးခဲ့သည်။

နှစ်ပေါင်းများစွာ ပြတ်တောက်နေခဲ့ပြီးနောက် ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်လာမည့် အပေါ် အသင်းအနေဖြင့် မျှော်လင့်နေကြောင်း NBTBA ဥက္ကဋ္ဌ Jongkham Morang က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ကုန်သည်တွေနဲ့ နယ်စပ်တစ်ဖက်က ကုန်သည်တွေဟာ ဒီအတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြရတာပါ။ ကပ်ရောဂါကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ  ကို ဒါက ပြန်လည်သယ်ဆောင်လာပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။

ဤတိုးတက်မှုအပေါ် အကောင်းမြင်ကြောင်း Nampong လွှတ်တော်အမတ် Laisam Simai က “နယ်စပ် ဈေး ပြန်လည်အသက်ဝင်လာခြင်းဟာ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးပြီး ဒေသတွင်းက အသေးစားကုန်သည်တွေနဲ့ နေထိုင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို တိုးတက်  စေခြင်းအားဖြင့် ဒေသတွင်းစီးပွားရေးကို သိသိသာသာ မြှင့်တင်ပေးပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

လွတ်လပ်စွာ သွားလာခွင့်အစီအစဉ် (FMR) အရ နယ်စပ်ဈေးကို လစဉ် ၁၀၊ ၂၀ နှင့် ၃၀ ရက်များတွင် ဖွင့်လှစ်မည်ဖြစ်ပြီး FMR လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ထားသော နယ်စပ် ၁၀ ကီလိုမီတာ ပတ်လည်အတွင်း နေထိုင်သည့် အရည်အချင်းပြည့်မီသူများသာ ပါဝင်ခွင့်ရမည်ဖြစ်သည်။ တောင်တန်း များကို ဖြတ်သန်းသွားသော ပန်ဆောင် (Pangsau Pass) သည် Nampong ကို မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ဆက်သွယ်ပေးထားပြီး Nampong ဒေသမှ ကုန်သည်များနှင့် ယင်းတို့၏ မြန်မာ အိမ်နီးချင်းများအကြား အဓိကကုန်သွယ်ရေးနေရာအဖြစ် သမိုင်းစဉ်ဆက် တည်ရှိခဲ့သည်။

ယခုလဆန်းပိုင်းတွင် နယ်စပ်ဈေး ပြန်လည်ဖွင့်လှစ်ရေး ကြိုးပမ်းမှု အားကောင်းလာခဲ့သည်။ ဇူလိုင် ၃ ရက်နေ့က နယူးဒေလီမြို့၊ Vanijya Bhawan ၌ ကျင်းပသော ကုန်သွယ်ရေးဘုတ်အဖွဲ့ အစည်းအဝေးတွင် အာရုနာချယ်ပရာဒေ့ရှ် လွှတ်တော်ကိုယ်စားလှယ် Mohesh Chai က ပြည်ထောင်စု ကူးသန်း  ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal ထံ ပန်ဆောင်နယ်စပ်ဂိတ် ကုန်သွယ်ရေး ပြန်လည်  စတင်ရန် ကိစ္စကို တင်ပြခဲ့သည်။ ရက်ပိုင်းအကြာ ဇူလိုင် ၈ ရက်တွင် Nampong လွှတ်တော်အမတ် Laisam Simai သည် အာရုနာချယ်ပရာဒေ့ရှ် အစိုးရ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွင်းဝန် Bullo Mamu နှင့် တွေ့ဆုံကာ အခြားကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်အတူ ပြန်လည်ဖွင့်လှစ်ရေးကို ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံမှုအပြီး ထိုနေ့မှာပင် နယ်စပ်ဈေးကို “စနစ်တကျ၊ ပွင့်လင်းမြင်သာမှုရှိပြီး လုံခြုံစိတ်ချရ သော နည်းလမ်းဖြင့်” လုပ်ဆောင်နိုင်ရန် စံလုပ်ထုံးလုပ်နည်း (SOP) နှင့်အတူ ဇူလိုင် ၁၀ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်မည့် အကြောင်းကြားစာကို ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ပန်ဆောင်ဈေးကော်မတီ၊ NBTBA နှင့် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်များအကြား လုပ်ထုံးလုပ်နည်းများကို အပြီးသတ် သတ်မှတ်နိုင်ခြင်း မရှိသေးသဖြင့် အမှန်တကယ် ပြန်လည်  စတင်မည့်ရက်ကို ဇူလိုင် ၉ ရက်နေ့ အစည်းအဝေးအပြီးတွင် ဇူလိုင် ၂၀ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။

ထို့ပြင် နယ်စပ်ဈေး၌ နယ်စပ်ဖြတ်ကျော် လူပုဂ္ဂိုလ်များ သွားလာမှုနှင့် ဆက်စပ်ကိစ္စရပ်များကို FMR ပါ ပြဋ္ဌာန်းချက်များ၊ အိန္ဒိယအစိုးရနှင့် အာရုနာချယ်ပရာဒေ့ရှ် အစိုးရတို့၏ အခြားသက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အုပ်ချုပ်မည်ဖြစ်ကြောင်း အစိုးရအမိန့်စာတွင် ဖော်ပြထားသည်။

တာဝန်ရှိသူများနှင့် ကုန်သွယ်ရေးကိုယ်စားလှယ်များကမူ ယခုကဲ့သို့ ပြန်လည်စတင်ခြင်းသည် ဒေသ တွင်း ကူးသန်းရောင်းဝယ်ရေးကို ပြန်လည်နိုးကြားစေပြီး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ပေးနိုင်မည့်အပြင် နိုင်ငံတကာနယ်နိမိတ်ကို ဖြတ်ကျော်၍ လူမျိုးရေးနှင့် မိသားစု ဆွေမျိုးဆက်စပ်မှု  များရှိသည့် အိန္ဒိယနှင့် မြန်မာ နယ်စပ်အသိုက်အဝန်းများအကြား ကာလရှည်ကြာ တည်ရှိခဲ့သော ဆက်ဆံ  ရေးကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Source: Times of India - Jul 11, 2026