၂၆ နိုဝင်ဘာ ၂၀၂၅
မြန်မာနိုင်ငံတွင်မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးခွင့်ရရှိစေရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပုဒ်မ ၅၀၅-က ဖြင့် အရေးယူအပြစ်ပေးခံရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် စွဲဆိုဆဲယင်းအမှုများကိုပါ ပိတ်သိမ်းပေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်ညတွင် အမိန့်များထုတ်ပြန်ကြေညာခဲ့သည်။
အမိန့်အမှတ်၁၀/၂၀၂၅ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်း ထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၇၂၄ ဦးကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါ မည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
အမိန့်အမှတ် ၁၁/၂၀၂၅ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံ ရပြီး အကျဉ်း ထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား /အကျဉ်းသူ ၂၃၆၁ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ် များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။
ထို့အပြင် အမိန့်အမှတ် ၁၂/၂၀၂၅ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေ သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦး တို့၏ ကြားနာစစ် ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ခဲ့ကြောင်း သိရသည်။
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် ယခုကဲ့သို့ အမိန့်များထုတ်ပြန် လွတ်ငြိမ်းခွင့်များပေးခဲ့ခြင်းဖြစ်ကြောင်း အမိန့်များတွင် ဖော်ပြ ထားသည်။ End-
26 November, 2025-NAYPYIDAW, MYANMAR — The National Defence and Security Council (NDSC) of Myanmar announced a sweeping series of orders late Wednesday night, November 26, 2025, granting amnesty, sentence reductions, and the dismissal of thousands of pending cases for individuals charged under Section 505-A of the Penal Code.
The move, described in the official orders as being made "to ensure that all eligible voters do not lose their right to vote and are able to vote freely and fairly in the upcoming multi-party democratic General Election," affects a total of 8,665 individuals.
Section 505-A of the Penal Code addresses and penalizes actions characterized as incitement. The statute is frequently applied to the prosecution of individuals for spreading "false news" or causing public fear, and it carries a maximum sentence of up to three years.
Breakdown of the Orders
The three orders, issued under specific sections of the law, detail the scope of the clemency:
Order No. 10/2025 (Full Amnesty): A total of 724 prisoners (both male and female) currently serving sentences for convictions under Section 505-A in prisons and labour camps were granted full amnesty for the remainder of their sentences. This pardon comes with a strong stipulation: they must serve their remaining sentence in addition to the penalty for any future offense they may commit.
Order No. 11/2025 (Sentence Commutation): Another 2,361 convicted prisoners (both male and female) under Section 505-A received a commutation of sentence (leniency) for the remainder of their terms, in accordance with Section 401, sub-section (1) of the Code of Criminal Procedure.
Order No. 12/2025 (Case Dismissal): This order affects the largest group, with charges officially dropped against 5,580 individuals whose cases were currently under trial. This includes those prosecuted under Section 505-A, as well as those charged under Section 512 of the Code of Criminal Procedure for absconding in connection with the offense. These defendants have been released from their cases.
The total number of prisoners released or granted leniency is 3,085, and 5,580 individuals facing trial have had their cases dropped.
The NDSC emphasized that the overarching intent of the orders is to reinstate the right to vote for those who had been penalized under this section, clearing the legal obstacles to their participation in the scheduled General Election.
#ymg/knl

◾️ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ (ရိုက်တာ) - အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံ သားများအတွက် ယာယီတရားဝင်နေထိုင်ခွင့်အဆင့်အတန်းကို ထရမ့်အစိုးရအဖွဲ့က ရပ်စဲတော့မည် ဖြစ် ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သည့် အသိပေး ကြေညာချက်တစ်ရပ်၌ ပြောကြားခဲ့သည်။
◾️မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (TPS) သတ်မှတ်ချက်မှာ အင်္ဂါ နေ့တွင် သက်တမ်းကုန်ဆုံးမည့်အနေအထားတွင်ရှိနေသည်။
◾️"နိုင်ငံတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ပြီး သင့်လျော်သည့် အမေရိကန်အစိုးရ အေဂျင်စီ များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံ သည် ယာယီအကာအကွယ်ပေးထားသည့် အဆင့် အတန်း (TPS) သတ်မှတ်ချက်အတွက် လိုအပ်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိတော့ကြောင်း (ပြည်တွင်း လုံခြုံရေး) ဝန်ကြီးက ဆုံးဖြတ်လိုက်သည်" ဟု ဖက်ဒရယ်အစိုးရပြန်တမ်းတွင် ဖော်ပြထား သည့် အသိပေး ကြေညာချက်၌ ဖော်ပြပါရှိသည်။
◾️ယင်းရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်မည်ဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။
◾️လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ TPS အဆင့်အတန်းဖြင့် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးရှိကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ခန့်မှန်းထားသည်။
◾️မြန်မာနိုင်ငံအတွက် TPS အဆင့်အတန်းကို ထရမ့်မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့သူ ဒီမိုကရက် တစ်ပါတီ ဂျိုးဘိုင်ဒင်၏ အစိုးရလက်ထက် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ၁၈ လကြာ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည်။
◾️ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သူ ထရမ့်သည် ဇန်နဝါရီလတွင် ရာထူးစတင်ရယူချိန်မှစ၍ ယင်း၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအများအပြားမှ နိုင်ငံသား များ အတွက် TPS အစီအစဉ်များကို ရုပ်သိမ်းခဲ့သည်။
Source Reuters
နိုဝင်ဘာ၂၃၊၂၀၂၅
မြန်မာနိုင်ငံ၏ စီးပွားရေးမောင်းနှင်အားဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ တည်ဆောက်ထားသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ တက္ကသိုလ်ဆိုင်းဘုတ်အား စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။
"ယခုကျင်းပသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်ပွဲအခမ်းအနားသည် နိုင်ငံတော် ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတစ်ခုလုံးအတွက် ကျက်သရေမင်္ဂလာရှိသည့် နေ့ထူးနေ့မြတ် အခမ်း အနားဖြစ်သကဲ့သို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း” ဗိုလ်ချုပ် မှူးကြီးက ဖွင့်ပွဲတွင်ပြောကြားသည်။
ဆက်လက်၍ တက္ကသိုလ်၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင် ဘွဲ့ရပညာရှင်များ မွေးထုတ်ပေးရုံသာမက သုတေသနကဏ္ဍကိုပါ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူး ကြီးကထည့်သွင်းပြောကြားခဲ့သည်-

"နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေး အတွက် ဘာသာရပ်ဆိုင်ရာ သင်ကြားမှု၊ သင်ယူမှုသာမက သုတေသနအခြေပြု တက္ကသိုလ်တစ်ခု (Research Oriented University) အဖြစ် တိုးမြှင့်ဖြစ်ပေါ်လာစေရန် မျှော်မှန်းဦးတည်ချက် ထားရှိတယ်” လို့ နိုင်ငံတော်ယာယီသမ္မတကပြောကြားခဲ့ခြင်းဖြစ်သည်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ "နိုင်ငံတကာကို ကြည့်ပါကလည်း ဖွံ့ဖြိုးပြီးနိုင်ငံများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံပြီး စီးပွားရေးတိုးတက်အောင် စွမ်းဆောင်ခဲ့ရာမှ စက်မှုနိုင်ငံအထိ တည်ထောင်နိုင်ကြခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကြွယ်ဝသည့် ရေမြေသဘာဝအရင်းအမြစ်များနှင့် ရာသီဥတုကောင်းမွန်မှုကို အရင်းပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်စေရန်နှင့် အနာဂတ်စီးပွားရေး ဖွံ့ဖြိုး တိုးတက် အောင် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးကပြောသည်။
ထို့အပြင် လက်ရှိနိုင်ငံတော်၏ စီးပွားရေးအခြေအနေတွင် စိုက်ပျိုးရေးကဏ္ဍ ပါဝင်မှုနှုန်းကိုလည်း "စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ ဂျီဒီပီ (GDP) ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး နိုင်ငံ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် ဤလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြောင်း" ဗိုလ်ချုပ်မှူးကြီးကထောက်ပြပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၏ ပထဝီအနေအထားနှင့် ကိုက်ညီသော စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်း ခဲ့သည်။
"ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ‘စပါးကျီ’ အဖြစ် သမိုင်းအစဉ်အလာကြီးသည့် ဒေသဖြစ်သော်လည်း တိုင်းဒေသကြီးအတွင်း ရေကြီးကွင်း၊ ရေနက်ကွင်းများ ဧရိယာကျယ်ပြန့်စွာရှိနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အပြည့်အဝအသုံးချနိုင်ခြင်း မရှိသေးသည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးတွဲဖက်ဆောင်ရွက်သည့်စနစ်များကို တက္ကသိုလ်အနေဖြင့် သုတေသနပြုပြီး အောင်မြင်အောင် စမ်းသပ်ဆောင်ရွက်ပေးရန်” ဗိုလ်ချုပ်မှူးကြီးကပြောသည်။
အခမ်းအနား ဒုတိယပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က တက္ကသိုလ်တည်ဆောက်ရေး၊ ကျောင်းသားလက်ခံရေးနှင့် နည်းပညာကျောင်းများဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်းအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပိုလီတက္ကနစ်နည်းပညာတက္ကသိုလ်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
#ymg/knl
၂၃ နိုဝင်ဘာ၊၂၀၂၅
ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုတွင် ထိုင်းနိုင်ငံ၏ ကိုင်တွယ်ဆောင်ရွက်နေမှု အပေါ် "ဝင်ရောက်စွက်ဖက်ခြင်း" မပြုရေး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အား တောင်းဆို ရန်အတွက် ဆန္ဒပြသူများသည် နိုဝင်ဘာ ၂၂ရက် စနေနေ့က ဘန်ကောက်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် စုဝေးခဲ့ကြသည်။
ဝါရှင်တန် (အမေရိကန်အစိုးရ) သည် ကုန်သွယ်ရေးဆွေးနွေးမှုများနှင့် ထိုင်းနိုင်ငံ၏ ပိုင်နက်နယ်မြေ ကာကွယ်ပိုင်ခွင့် အချုပ်အခြာအာဏာကို မတရားသဖြင့် ချိတ်ဆက်ထားသည်ဟု ဆန္ဒပြသူများက ယုံကြည်ကြသဖြင့် သူတို့သည် အမေရိကန်သံရုံးသို့ သွားရောက်ချီတက်ရန်လည်း ပြင်ဆင်ခဲ့ကြသည်။
အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများကို ထိုင်းဘာသာဖြင့် Ruam Palang Phaen Din Pok Pong Athipatai ဟုခေါ်သော အချုပ်အခြာအာဏာကာကွယ်ရေး မြေပြင်ညီညွတ်သော အင်အားစုက ဦးဆောင် စီစဉ်ခဲ့ခြင်းဖြစ်သည်။တက်ရောက်လာကြသည့် ထင်ရှားသူများတွင် ဖိချစ်ချိုင်မုန်ခွန် (Pichit Chaimongkol)၊ အထက်လွှတ်တော်အမတ်ဟောင်း ကဲဆန်အတိဗောဒိ (Kaewsan Atibodhi)၊ ရှပ်နီခေါင်းဆောင်ဟောင်း ကျတုဖွန်းဖရွန်ဖန် (Jatuporn Prompan) နှင့် ရှေ့နေ နိတိထွန်းလမ်လွာ (Nitithorn Lamlua) တို့ ပါဝင်ကြသည်။
ထိုင်းနိုင်ငံတော်အလံများနှင့် ဆိုင်းဘုတ်များကို ဝှေ့ယမ်းလာကြသည့် အဆိုပါအဖွဲ့သည် အသံချဲ့စက်များ တပ်ဆင်ထားသော ကားတစ်စီးနှင့်အတူ Sathon လမ်းရှိ မလေးရှားသံရုံးသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့က မစ္စတာအန်ဝါသည် အာဆီယံဥက္ကဋ္ဌအနေဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုများတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

နယ်စပ်အငြင်းပွားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနှင့် ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံအား ဖိအားပေးခြင်းမှ ရှောင်ကြဉ်ရန် သူတို့က တောင်းဆိုခဲ့ကြသည်။ ထိုင်းစစ်သားများသည် နယ်စပ် တစ်လျှောက် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် အသက်အန္တရာယ်နှင့်ရင်းကာဆောင်ရွက်နေ ချိန်တွင် ကမ္ဘောဒီးယားဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဟန့်တားနှောင့်ယှက်ခဲ့ပြီး သဘော တူညီချက်များကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု Mr Pichit က ပြောကြားခဲ့သည်။
မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှုသည် ပြီးခဲ့သည့်လက ကွာလာလမ်ပူမြို့တွင် မစ္စတာအန်ဝါနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ရှေ့မှောက်၌ ထိုင်းနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှစ်ဦး လက်မှတ်ရေးထိုးခဲ့သော ကြေညာချက်ပါ အဓိကအချက် ၄ ချက်အနက် တစ်ချက်ဖြစ်သည်။
နယ်စပ်စစ်ဆင်ရေးများ ရပ်တန့်ရန် ထိုင်းနိုင်ငံကို အမိန့်ပေးခြင်းဖြင့် မစ္စတာအန်ဝါသည် အာဆီယံ ဥက္ကဋ္ဌ အဖြစ် လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်နေသည်ဟု သူက စွပ်စွဲခဲ့သည်။
မစ္စတာဖီချစ်က မစ္စတာအန်ဝါအား "နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု" ပြုလုပ်သည်ဟု ဝေဖန်ခဲ့ပြီး မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်များအပေါ် မလျော်ကန်သော သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြသည်ဟု ပြောဆိုခဲ့သည်။
မစ္စတာ ကဲဆန် Mr Kaewsan က ဆက်လက်၍ ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်သည် မိသားစု အုပ်ချုပ်ရေးစနစ်ဖြင့် နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့ကြောင်းနှင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထိုင်းနိုင်ငံ အား ကျူးကျော်ရန်လိုသူအဖြစ် ပုံဖော်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယား လောင်းကစားရုံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေကြောင်းနှင့် မစ္စတာအန်ဝါသည် ပြည်တွင်း၌ အဂတိလိုက်စားမှုပြဿနာများ ရှိနေ သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း အဆိုပါ အထက်လွှတ်တော်အမတ်ဟောင်းက ထပ်လောင်းစွပ်စွဲခဲ့သည်။ အာဆီယံအနေဖြင့် "ဒေသတွင်းအဖွဲ့ အစည်း၌ မစ္စတာအန်ဝါအတွက် နေရာမရှိစေရန်" ဆောင်ရွက်ပေးကြဖို့လည်း သူက တိုက်တွန်းခဲ့သည်။
အမှတ်၅ မြို့တော်ရဲတပ်ဖွဲ့ နှင့် ထုန့်မဟာမေ့ခ် ရဲစခန်းမှ ရဲအရာရှိများသည် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်အတွက် သံရုံးအဝင်ဝတွင် သံမဏိအတားအဆီးများကို တပ်ဆင်ထားပေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအတွင်း ဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်ဟု အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ "လောလော ဆယ်တွင် ဝါယာလက်စ် လမ်းမပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုအချို့ ဖြစ်ပေါ်နိုင်သည်မှလွဲ၍ ဆန္ဒပြပွဲကြောင့် ကြီးမားသော အနှောင့်အယှက် ဖြစ်စေမည့် လက္ခဏာများ မတွေ့ရသေးကြောင်း" လည်း ကြေညာချက် တွင် ဖော်ပြထားသည်။
Source: Bangkok Post
၂၂ နိုဝင်ဘာ၊၂၀၂၅-
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သော FIFA သည် သဘာဝအရ နိုင်ငံသားပြုခွင့်ရရှိရေ စာရွက်စာတမ်းများကို မမှန်မကန် ပြင်ဆင်အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော ကစားသမားခုနစ်ဦးအား ပိတ်ပင်လိုက်ပြီး နောက် မလေးရှားဘောလုံးအသင်း၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ရန် စီစဉ်နေသည်။
စက်တင်ဘာလနှောင်းပိုင်းတွင် FIFA ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ကစားသမား ခုနစ်ဦးဖြစ်သည့် - Gabriel Palmero ၊ Facundo Garcés၊ Rodrigo Holgado၊ Imanol Machuca၊ João Figueiredo၊ Hector Hevel နှင့် Jon Irazábal တို့အား နိုင်ငံတကာအဆင့်တွင် မလေးရှားနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက် စာရွက်စာတမ်း အတုများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီးနောက် ၁၂ လ ပိတ်ပင်မှု ချမှတ်ခဲ့သည်။ ထို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) အား ဆွစ်ဖရန့် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၉,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချခဲ့သည်။
စွပ်စွဲချက်အရ ထိုစာရွက်စာတမ်းများကို ယခင်က မလေးရှားတွင် နေထိုင်ခြင်း မရှိဖူးသော ထိုကစားသမားများသည် မလေးရှားမျိုးနွယ်မှ အဘိုးအဘွားများ ရှိကြောင်း သက်သေပြ ရန်အတွက် အသုံးပြုခဲ့ပြီး၊ ယင်းအား အသုံးပြု၍ သူတို့ကို မလေးရှားနိုင်ငံသားပြုခွင့် ရယူခဲ့ခြင်း ဖြစ်သည်။ FIFA က ယင်းသည် FIFA စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
ကစားသမားခုနစ်ဦးစလုံးသည် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ တတိယ အဆင့်တွင် ဗီယက်နမ်ကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည့် မလေးရှားအသင်းတွင် ပါဝင်ခဲ့ကြပြီး၊ သူတို့အထဲမှ လေးဦး၏ ကစားခွင့်ကို FIFA မှ အတည်ပြုပေးပြီး တစ်ရက်အကြာတွင် ဖြစ်သည်။ (ကျန်သုံးဦးမှာ ဇွန်လ ၆ရက်နေ့တွင် ကစားခွင့်ရရှိခဲ့သည်)။ ထိုပွဲအပြီး မကြာမီတွင် FIFA သည် ယင်းတို့၏ ကစားခွင့် နှင့်ပတ်သက်၍ တိုင်ကြားချက်တစ်စောင် လက်ခံရရှိခဲ့ပြီး၊ ထိုတိုင်ကြားချက်တွင် ကစားသမားများ၏ “နိုင်ငံသားပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် နိုင်ငံတကာပွဲဦးထွက်သည် မေးခွန်းထုတ်စရာအချိန်အတွင်း ဖြစ်ပေါ်ခဲ့သည်” ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။
မလေးရှားဘောလုံးအဖွဲ့ချုပ် သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် FIFA က ယင်းအယူခံကို ပယ်ချခဲ့သည်။
အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် FIFA က တာဝန်ရှိသူကို အတိအကျ ဖော်ထုတ် နိုင်ရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
“ဤစုံစမ်းစစ်ဆေးမှုသည် စာရွက်စာတမ်းအတုပြုလုပ်မှုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ရန်၊ မလေး ရှားဘောလုံးအဖွဲ့ချုပ်၏အဖွဲ့အစည်းအတွင်းလေးစားလိုက်နာမှုနှင့်အုပ်ချုပ်မှုယန္တရားများကမည်မျှလုံလောက်မှု၊ ထိရောက်မှုကိုရှိသည်ကိုအကဲဖြတ်ရန်၊ မလေးရှားဘောလုံးအဖွဲ့ချုပ်အရာရှိများအပေါ် နောက် ထပ် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုများ ပြုလုပ်သင့်၊မပြုလုပ်သင့်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်” ဟု FIFA ၏ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။
အဆိုပါနိုင်ငံသားပြုလုပ်မှု အရှုပ်တော်ပုံသည် ကွင်းအတွင်းရော ကွင်းပြင်ပတွင်ပါ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် အာရှဖလား ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဘောလုံးပရိသတ်များအကြား ဆူပူမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ ဤအငြင်းပွားဖွယ်ရာကိစ္စသည် ကစားသမားများအား နိုင်ငံသားပြုခွင့်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် ရှိ တာဝန်ရှိအရာရှိများအား တာဝန်ယူရန် ပရိသတ်များနှင့် နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ် သည် ယင်း၏ အထွေထွေ အတွင်းရေးမှူးအား ရာထူးမှ ဆိုင်းငံ့ထားပြီး FIFA ၏ ပိတ်ပင်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သူတို့အခေါ်“နည်းပညာပိုင်းဆိုင်ရာအမှား” ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့က စာရွက်စာတမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အတုပြုလုပ်ခဲ့သည်ဟူသော FIFA ၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အယူခံပယ်ချခံရပြီးနောက် မလေးရှားဘောလုံးအဖွဲ့ချုပ်က က အားကစားဆိုင်ရာ ခုံသမာဓိတရားရုံး (CAS) သို့ အမှုအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ FIFA ၏ အင်္ဂါနေ့ကြေညာချက်အပြီးတွင်လည်း ယင်းအချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။
မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ Mohd Yusoff Mahadi က ကြေညာချက်တွင် "ဤလုပ်ဆောင်ချက်ကို တရားမျှတမှု ထိန်းသိမ်းရန်နှင့် မလေးရှားအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက သတ်မှတ်ထားသည့် ကစားသမားအရည်အချင်းပြည့်မီမှု လုပ်ငန်းစဉ်၏ သမာဓိကို ထိန်းသိမ်းရန် အတွက် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ မလေးရှား ပြည်ထဲရေးဝန်ကြီး Nasution Ismailကလည်း ကစားသမားခုနစ်ဦးအား နိုင်ငံသားပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။
ESPN သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂါနေ့တွင် FIFA သည် စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ကစားသမားများသည် စပိန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့တွင် မွေးဖွားကြောင်း သူတို့၏ မူရင်းမွေးစာရင်းတွင် ဖော်ပြထားသည့် အဘိုးအဘွားများမှတစ်ဆင့် မလေးရှားမျိုးနွယ်ရှိကြောင်း သက်သေပြရန် စာရွက်စာတမ်းအတုများကို မည်သို့ အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားကြောင်းသိရသည်။
ခြုံငုံပြောရလျှင် FIFA သည် အဆိုပါ မလျော်ကန်မှုအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်အတွက် “နောက် ထပ် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခိုင်လုံသောအကြောင်းပြချက်များ” ကို တွေ့ရှိခဲ့သည်။ ထို့အပြင် “ပြစ်မှုများ၏ သဘာဝနှင့် ကြီးလေးမှု၊ အထူးသဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်မှုတို့ကို ထည့်သွင်းစဉ်းစား၍” ယင်း၏ အတွင်း ရေးမှူးရုံးသည် မလေးရှား၏ သက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ အာဏာပိုင်များအား အသိပေးမည်ဖြစ်သကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား၊ နယ်သာလန်နှင့် စပိန်ရှိ အာဏာပိုင်များကိုလည်း အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား အသိပေးရန် အလွန်အရေးကြီးသည်” ဟု FIFA က ပြောကြားခဲ့သည်။
Source The Diplomat
၂၀ နိုဝင်ဘာ၊၂၀၂၅
အကျဉ်းချုပ်
◾️အမေရိကန်က ယင်း၏ ငြိမ်းချမ်းရေး အစီအစဉ်ကို ကိယက်ဗ်မှ လက်ခံစေလိုကြောင်း သတင်းရင်းမြစ် နှစ်ခုက ပြောသည်။
◾️ယူကရိန်းက နယ်မြေနှင့် လက်နက်အချို့ကို စွန့်လွှတ်ရန်အစီအစဉ်က ရည်မှန်းထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
◾️ဇယ်လန်စကီးသည် ငြိမ်းချမ်းရေး အစီအစဉ်သစ်အတွက် တူရကီသို့ သွားရောက်နေသည်။
◾️သူသည် ကြာသပတေးနေ့တွင် အမေရိကန် စစ်တပ်အရာရှိများနှင့် တွေ့ဆုံမည်။
◾️ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ အစီအစဉ်နှင့် ပတ်သက်၍ ကိယက်ဗ်က ရိပ်ဖမ်း သံဖမ်းရရှိထားကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
လန်ဒန်/ကိယက်ဗ်၊ နိုဝင်ဘာ ၁၉ (ရိုက်တာ) - ယူကရိန်းနိုင်ငံက နယ်မြေနှင့် လက်နက်အချို့ကို စွန့်လွှတ်ရန် အဆိုပြုထားသည့် ရုရှားနှင့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်က ရေးဆွဲထားသော မူဘောင်ကို သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် လက်ခံရမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု က အရိပ်လက္ခဏာပြခဲ့ကြောင်း အဆိုပါကိစ္စကို အကျွမ်းတဝင်ရှိသူနှစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြား ခဲ့သည်။
အဆိုပါကိစ္စ၏ ထိလွယ်ရှလွယ်ရှိမှုကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်များက အဆိုပါ အဆိုပြုချက်များတွင် ယူကရိန်း၏ လက်နက်ကိုင်တပ်ဖွဲ့ အရွယ်အစားကို လျှော့ချရန် အပါအဝင် အခြား အချက်များ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ဝါရှင်တန်က ကိယက်ဗ်သည် အဓိကအချက်များကို လက်ခံစေလိုနေကြောင်း သူတို့က ပြောသည်။
အရှေ့ပိုင်း ယူကရိန်းတွင် ရုရှား၏ နောက်ထပ် နယ်မြေ သိမ်းပိုက်မှုများကို ကိယက်ဗ်က ရင်ဆိုင်နေရချိန် နှင့် ဇယ်လန်စကီးက ဗုဒ္ဓဟူးနေ့တွင် ပါလီမန်က စွမ်းအင်နှင့် တရားရေး ဝန်ကြီးများကို ရာထူးမှ ထုတ် ပယ်ခဲ့ရသည့် အဂတိလိုက်စားမှု စိစစ်မှုကို ကိုင်တွယ် ဖြေရှင်းနေရချိန်တွင် ထိုကဲ့သို့သော အစီအစဉ် သည် ကိယက်ဗ်အတွက် ကြီးမားသော ဆုတ်ယုတ်မှုတစ်ရပ်အဖြစ် ပြသနေလိမ့်မည်။
အိမ်ဖြူတော်က အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက X (တွစ်တာ) တွင် ဝါရှင်တန်သည် "ဤပဋိပက္ခ၏ နှစ်ဖက်စလုံးမှ အချက်အလက်များအပေါ် အခြေခံ၍ စစ်ပွဲကို အဆုံးသတ်ရန် ဖြစ်နိုင်ချေရှိသော စိတ်ကူးများကို ဆက် လက်ရေးဆွဲသွားမည်" ဟု ပြောကြားခဲ့သည်။
"ယူကရိန်းစစ်ပွဲကဲ့သို့ ရှုပ်ထွေးပြီး အသက်ဆုံးရှုံးစေသော စစ်ပွဲကို အဆုံးသတ်ရန်မှာ အလေးအနက်ထားပြီး လက်တွေ့ကျသည့် အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ရန် လိုအပ်ပါသည်။ ကြာရှည်ခံမည့် ငြိမ်းချမ်းရေးကို ရရှိရန်အတွက် နှစ်ဖက်စလုံးသည် ခက်ခဲသော်လည်း မရှိမဖြစ်လိုအပ်သော အလျှော့အတင်းများကို သဘောတူရန် လိုအပ်သည်" ဟု ရူဘီယိုက ပြောကြား ခဲ့သည်။
ဝါရှင်တန်က ရုရှားနှင့် ဆွေးနွေးထားသည့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ အဆိုပြုချက်များနှင့် ပတ်သက်၍ ကိယက်ဗ်က "အရိပ်အမြွက်" လက်ခံရရှိထားကြောင်း ယူကရိန်းအကြီးတန်းအရာရှိကြီး တစ်ဦးက ရိုက်တာကို ပြောကြားခဲ့သည်။ ယူကရိန်းသည် အဆိုပြုချက်များ ပြင်ဆင်ရာတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ဗုဒ္ဓဟူးနေ့တွင် သမ္မတ တေရစ်ပ် အာဒိုဂန်နှင့် တူရကီ၌ ဆွေးနွေးပွဲများ ပြုလုပ်နေသော ဇယ်လန်စကီး သည် ကြာသပတေးနေ့တွင် ကိယက်ဗ်၌ အမေရိကန် စစ်တပ်အရာရှိများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ Telegram တွင် မှတ်ချက်များပေးရာ၌ ဇယ်လန်စကီးက ဝါရှင်တန်၏ မူဘောင်ကို ဖော်ပြခြင်းမရှိဘဲ သုံးနှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အကူအညီပေးမည့် ထိရောက်သော အမေရိကန် ခေါင်းဆောင်မှုကို တောင်းဆိုခဲ့သည်။
"သွေးထွက်သံယိုမှုများကို ရပ်တန့်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိရန်အတွက် အဓိက အချက်မှာ ကျွန်ုပ်တို့၏ မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အမေရိကန် ခေါင်းဆောင်မှုသည် ထိရောက်ပြီး ခိုင်မာနေရန် ဖြစ်သည်" ဟု အန်ကာရာ၌ အာဒိုဂန်နှင့် တွေ့ဆုံပြီးနောက် ဇယ်လန်စကီးက ရေးသားခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်တို့သာလျှင် "စစ်ပွဲကို နောက်ဆုံးတွင် အဆုံးသတ်ရန် လုံလောက်သော ခွန်အားရှိသည်" ဟု ဇယ်လန်စကီးက ပြော ကြားခဲ့သည်။
အာဒိုဂန်သည် ဆွေးနွေးပွဲများအတွက် မတူညီသော ပုံစံများကို အဆိုပြုခဲ့ကြောင်းနှင့် "လိုအပ်သော ပလက်ဖောင်းကို တူရကီက ပံ့ပိုးပေးရန် အသင့်ရှိခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီး သည်" ဟုလည်း ယူကရိန်းသမ္မတကပြောကြားခဲ့သည်။ စစ်ပွဲကို အဆုံးသတ်ရန် ထရမ့်အစိုးရ၏ ကြိုးပမ်း မှု အသစ်တစ်ရပ်၏ လက္ခဏာများကြောင့် ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းအစိုးရ ဘွန်းဈေးနှုန်းများ လများ အတွင်း အကြီးမားဆုံး ခုန်တက်ခဲ့သည်။
ဇူလိုင်လတွင် အစ္စတန်ဘူလ်၌ တွေ့ဆုံခဲ့သည့်နောက်ပိုင်း ကိယက်ဗ်နှင့် မော်စကိုတို့အကြား မျက်နှာ ချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိသေးဘဲ၊ ရုရှားတပ်ဖွဲ့များသည် မော်စကို၏ လေးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲကို ဆက်လက်ဖိအားပေးနေပြီး တစ်ညတာ တိုက်ခိုက်မှုများတွင် လူ ၂၅ ဦး သေဆုံးခဲ့သည်။
ရုရှား၏ ရပ်တည်ချက်တွင် ပြောင်းလဲမှုမရှိ စစ်ပွဲကို အဆုံးသတ်ရန်အတွက် ယင်း၏ သတ်မှတ်ချက်များကို မော်စကိုက ပြောင်းလဲမည့် အရိပ်အယောင်မပြသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုများသည် အရှိန်အဟုန် ရရှိလာပုံရနေသည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် အမေရိကန် ဦးဆောင်သော နေတိုး စစ်ရေးမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် အစီအစဉ်များကို ကိယက်ဗ်မှ စွန့်လွှတ်ရန်နှင့် ရုရှား၏ အစိတ်အပိုင်းအဖြစ် မော်စကိုက တောင်းဆိုသည့် ပြည်နယ်လေးခုမှ သူတို့၏တပ်ဖွဲ့များကို ရုပ်သိမ်းရန် ယခင်ကတည်းက တောင်းဆို ခဲ့သည်။ မော်စကိုသည် ထိုတောင်းဆိုချက်များထဲမှ တစ်ခုခုကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြခြင်း မရှိသေးဘဲ ယူကရိန်းကလည်း ယင်းတို့ကို လက်ခံမည်မဟုတ်ဟု ဆိုသည်။
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနယ်မြေ၏ ၁၉% ခန့်ကို ထိန်းချုပ်ထားပြီး ရှေ့သို့ တဖြည်းဖြည်း တိုးမြှင့်နေကာ ဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများ ကို မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
နေတိုးအဖွဲ့ဝင်ဖြစ်ပြီး ကိယက်ဗ်နှင့် မော်စကို နှစ်ဖက်စလုံးနှင့် ရင်းနှီးစွာ ရှိနေသည့် တူရကီသည် ၂၀၂၂ ခုနှစ်၊ စစ်ပွဲ၏ အစောပိုင်း သီတင်းပတ်များတွင် ပထမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လက်ခံ ကျင်းပခဲ့ပြီး ထရမ့်မှ တိုက်ပွဲများကို အဆုံးသတ်ရန် အစီအစဉ်သစ်တစ်ခု စတင်ခဲ့သည့် ယခုနှစ်အထိ ယင်းသည် တစ်ခုတည်းသောဆွေးနွေးပွဲဖြစ်ခဲ့သည်။
ကရင်မလင်က အန်ကာရာတွင် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲများ၌ ရုရှားကိုယ်စားလှယ်များ ပါဝင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ အမေရိကန်နှင့် တူရကီတို့ နှင့် စကားပြောဆိုရန် ပူတင်သည် လမ်ဖွင့်ထားကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေး အာမခံချက်ဖြင့် နယ်မြေလဲလှယ်ခြင်းလား။
ဗုဒ္ဓဟူးနေ့တွင် အဆိုပါကိစ္စကို တိုက်ရိုက်သိရှိသော အမေရိကန် အရာရှိတစ်ဦးကို ကိုးကား၍ Axios က အစီရင်ခံရာတွင် အမေရိကန်၏ အစီအစဉ်သစ်သည် နောင်တွင် ကိယက်ဗ်နှင့် ဥရောပအတွက် ရုရှား၏ ကျူးကျော်မှုနှင့်ပတ်သက်၍ အမေရိကန်၏ လုံခြုံရေး အာမခံချက်ကို ရရှိရန်အတွက် ယူကရိန်းက လက်ရှိ မထိန်းချုပ်နိုင်သေးသည့် အရှေ့ပိုင်း ယူကရိန်း၏ အစိတ်အပိုင်းတစ်ခုကို မော်စကိုအား ပေးအပ်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။
အဆိုပါ အမေရိကန်၏ အဆိုပြုချက်အသစ်ဟု ယူဆရသော အကြောင်းအရာများကို မှတ်ချက်ပေးသော ဥရောပ သံတမန်တစ်ဦးက သူတို့သည် ထရမ့်အစိုးရ၏ "ကိယက်ဗ်ကို အကျဉ်းအကြပ်ထဲ တွန်းပို့ရန်" နောက်ထပ် ကြိုးပမ်းမှုတစ်ရပ် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း၊ ယူကရိန်း၏ ရပ်တည်ချက် သို့မဟုတ် ဝါရှင်တန်၏ ဥရောပ မဟာမိတ်များ၏ ရပ်တည်ချက်ကို ထည့်သွင်းစဉ်းစားခြင်မရှိပါက အဖြေမရနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
ယူကရိန်းက ယင်း၏ စစ်တပ်ကို လျှော့ချသင့်သည်ဟူသော အကြံပြုချက်သည် အလေးအနက်ထားသော အဆိုပြုချက်ထက် ရုရှား၏ တောင်းဆိုချက်လိုဖြစ်နေကြောင်း အခြားဥရောပ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
စစ်တပ်အတွင်းဝန် ဒန် ဒရစ်စကောလ် ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ကိယက်ဗ်၌ "အချက်အလက်ရှာဖွေရေးမစ်ရှင်" ဖြင့် ရောက်ရှိနေကြောင်း ကိယက်ဗ်ရှိ အမေရိကန်သံရုံးက ပြောကြား ခဲ့သည်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ရန်ဒီ ဂျော့ချ်သည်လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ပြီး သူနှင့် ဒရစ်စကောလ်တို့သည် ကြာသပတေးနေ့တွင် ဇယ်လန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါကိစ္စကို အကျွမ်းတဝင်ရှိသူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။
Page 4 of 253