နေပြည်တော်၊ မေ ၂၈- အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မကြာမီရက်ပိုင်း အတွင်း အိန္ဒိယ နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၂၈ ရက်) တွင် သတင်းထုတ်ပြန်ကြေညာသည်။

ယခုသွားရောက်မည့် တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံ မည့်အပြင်၊ ဝန်ကြီးချုပ် မိုဒီနှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲများကို ကျင်းပ  သွားမည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲများတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်  ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်သည်။

ယခုခရီးစဉ်သည် အိမ်နီးချင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ပြယုဂ်များဖြစ်သည့် အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်း များကိုလည်း နိုင်ငံတော်သမ္မတက သွားရောက်လေ့လာမည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များ ပေါ်ထွက်လာရန် မျှော်လင့်ရသည်။

အဆိုပါ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ သက်ဆိုင်ရာ ပြည်ထောင်စု   ဝန်ကြီးများနှင့် အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး  ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-END-