#Local_News
Published 29 May 2026

■ မြန်မာ-တရုတ် နှစ်နိုင်ငံအကြားမဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ (၂၀၂၆) တွင် စီမံကိန်းရှစ်ခုကိုအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

■ အဆိုပါ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ (၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမာန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ M - Gallery ဟိုတယ်၌ကျင်းပသည်။
 
■ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ရှေ့မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

■ ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း များကို အကောင်အထည်ဖော်ရာတွင် အရေးပါလှပြီး ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို သိသာထင်ရှားစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစတင်၍ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၆ သန်းကျော်ခန့်တန်ဖိုးရှိ စီမံကိန်းစုစုပေါင်း ၁၄၀ ကိုရရှိခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်များကိုအထောက်အကူပြုနိုင်မည့် စီမံကိန်းရှစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
 
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲခေါင် - လန်ချန်း ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝ ပြောရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့်လည်းကောင်း၊ အခြားသော မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားသည်။
 
■ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက အမှာစကားပြောကြားသည်။

■ အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
 
■ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသောအဖွဲ့ဝင် နိုင်ငံခြောက်နိုင်ငံဖြင့်ဖွဲ့စည်းခဲ့သည့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားတစ်ရပ်ဖြစ်‌ကြောင်း သိရသည်။
 
#YMG/NN #Yangon_Times