ဇူလိုင်၅၊၂၀၂၆

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ  Souphattra Hotel ၌ ကျင်းပသော လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဘာစီ (Baci) ပွဲသည် လာအိုလူမျိုးတို့၏ ရိုသေကိုင်းရှိုင်းမှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့် တစ်ဦးအပေါ်တစ်ဦး ထားရှိသော မေတ္တာဂရုဏာတို့ကို ဖော်ပြသည့် အလှပဆုံး ရိုးရာဓလေ့တစ်ခု ဖြစ်ပြီး ယနေ့ထက်တိုင် နိုင်ငံခြားဧည့်သည်များကို ကြိုဆိုနှုတ်ဆက်သည့် ပွဲများတွင်ပါ ထည့်သွင်းကျင်းပလေ့ ရှိပါသည်။

ဘာစီ (Baci) သို့မဟုတ် လာအိုဘာသာဖြင့် စူခွမ်း (Soukhwan) ဟု ခေါ်ဆိုသော ဆုတောင်းပွဲသည် လာအိုပြည်သူတို့၏ ဘဝကဏ္ဍစုံ (မွေးဖွားခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ခရီးဝေးသွားခြင်း၊ နာမကျန်းဖြစ်ပြီး ပြန်လည်သက်သာလာခြင်း၊ သို့မဟုတ် နှစ်သစ်ကူးပွဲတော်များ) တွင် ကျင်းပလေ့ရှိသည့် အလွန် အရေးကြီးပြီး ရှေးကျသော လာအိုရိုးရာ စုပေါင်းဆုတောင်းပွဲ တစ်ခု ဖြစ်သည်။

ပွဲ၏ အဓိက အခမ်းနားဆုံး အပိုင်းမှာ ရိုးရာဆရာ (မောခွမ်း - Mor Khwan) က ဆုတောင်းစာများ ရွတ်ဆိုပြီးနောက်၊ ပွဲတက်ရောက်လာသူများက တစ်ဦးနှင့်တစ်ဦး လက်ကောက်ဝတ်တွင် အဖြူရောင် ချည်မျှင်လေးများ ချည်နှောင်ပေးခြင်း ဖြစ်သည်။ ကြိုးချည်ပေးစဉ်အတွင်း တစ်ဦးကိုတစ်ဦး လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းပေးကြသည်။ယုံကြည်ချက်အရ ထိုချည်ထားသော ကြိုးဖြူလေးများကို အနည်းဆုံး ၃ ရက် မဖြတ်ဘဲ ဝတ်ဆင်ထားရပြီး ကိုယ်တိုင်မဖြတ်ဘဲ အလိုအလျောက် ကျွတ်ထွက်သွားခြင်းက ပို၍ ကံကောင်းစေသည်ဟု ယူဆကြသည်။

 

နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ လွန်ပရာဘန်မြို့သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

လွန်ပရာဘန်မြို့တွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မနက်ပိုင်းတွင် တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့  လာခဲ့ကြပြီးနောက် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့်လည်း တွေ့ဆုံခဲ့သည်။

ထို့နောက် ၀ပ်စီယမ်သုန်စေတီတော် အားဖူးမြော် ကြည်ညိုခဲ့ကြကာ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ ဇူလိုင်၅ ရက်မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သော နိုင်ငံတော်အဆင် အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။