မေ ၂၉၊နယူးဒေလီ(WION) - အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) သည် သောကြာနေ့က မော်စကိုမြို့၌ ကျင်းပသည့် ပထမဆုံးအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ်၏ ပြင်ပ  သီးသန့်တွေ့ဆုံမှုအဖြစ်တွင် မြန်မာအစိုးရ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဦးတင်အောင်စန်းနှင့် ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့သည်။

လုံခြုံရေးဆိုင်ရာ အကြီးအကဲနှစ်ဦးသည် လုံခြုံရေး၊ ကာကွယ်ရေး၊ ဆက်သွယ်မှုနှင့် အခြား နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတစ်လျှောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး မကြာ  သေးမီက ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအခြေအနေဆိုင်ရာ စိန်ခေါ်မှုများနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း ပိုမို ကျယ်ပြန့်သော ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများ ရှိနေသော်လည်း အိမ်နီးချင်းနှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ယခုတွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ကို နှစ်နိုင်ငံစလုံးက အလေးထားကြောင်း မီးမောင်းထိုးပြလျက် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေး ဦးတင်အောင်စန်းသည် (၅) ကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးအကြံပေးများ အစည်းအဝေး    အတွက် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ရန် အစီအစဉ်ရှိသည်။

ယခု မော်စကိုတွေ့ဆုံမှုသည် မေလ (၃၀) ရက်မှ ဇွန်လ (၃) ရက်နေ့အထိ ပြုလုပ်မည့် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ အဆင့်မြင့် အိန္ဒိယနိုင်ငံခရီးစဉ်အတွက် လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်။