#World_Health
Published 31 October 2026
■ Junk food လို့ခေါ်တဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ အစားအစာတွေကို မကြာခဏစားသုံးတာက ကလေးတွေရဲ့ ဦးနှောက်တုံ့ပြန်ပုံကို ပြောင်းလဲစေပြီး ကိုယ်အလေးချိန်တက်လာမှုနဲ့လည်း ဆက်စပ်နေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားပါတယ်။
■ ဒီတွေ့ရှိချက်ကြောင့် ကလေးတွေကိုရည်ရွယ်တဲ့ Junk food ကြော်ငြာတွေကို ကန့်သတ်ဖို့နဲ့ သကြား၊ ဆား၊ ပြည့်ဝဆီများတဲ့ အစားအစာတွေမှာ သတိပေးစာတမ်းတွေ ထည့်သွင်းဖို့ တောင်းဆိုမှုတွေပိုမိုပြင်းထန်လာပါတယ်။
■ ကလေးတွေရဲ့ ဦးနှောက်မှာ ဘာတွေဖြစ်နေတာလဲ။
■ JAMA Network Open ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီလေ့လာမှုကို အမေရိကန်နိုင်ငံ University of Southern California နဲ့ Kaiser Permanente က သုတေသီတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
■ သုတေသီတွေဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိတဲ့ ကလေး ၄၆ ယောက်ကို လေ့လာခဲ့ပြီး သူတို့ရဲ့ ပျမ်းမျှအသက်က ၈နှစ် ၇ နှစ် ဖြစ်ပါတယ်။ အစားအစာနဲ့ပတ်သက်တဲ့ အချက်ပြမှုတွေကို မြင်တွေ့တဲ့အခါ ကလေးတွေရဲ့ ဦးနှောက် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို fMRI နည်းပညာနဲ့ စစ်ဆေးခဲ့ကြပါတယ်။
■ တွေ့ရှိချက်တွေအရ စက်မှုလုပ်ငန်းတွေမှာ အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအစာတွေ ကို ပိုစားတဲ့ကလေးတွေမှာ ဦးနှောက်ရဲ့ Dorsal striatum လို့ခေါ်တဲ့ အစိတ်အပိုင်းက ပိုမိုတုံ့ပြန်တာကို တွေ့ရှိခဲ့ပါတယ်။
■ ပိုစိတ်ဝင်စားစရာကောင်းတာက ဦးနှောက်တုံ့ပြန်မှု ပိုအားကောင်းတဲ့ ကလေးတွေမှာ နောက်တစ်နှစ်အတွင်း BMI နဲ့ ခန္ဓာကိုယ်အဆီရာခိုင်နှုန်း မြင့်တက်လာမှုကိုပိုတွေ့ရှိခဲ့တာပါ။
■ ဒါပေမဲ့ ဒီလေ့လာမှုဟာ ကလေး ၄၆ ယောက်ကိုသာ လေ့လာထားတာဖြစ်လို့ ကလေးအားလုံးမှာ ဒီလိုဖြစ်မယ်လို့ တစ်ထစ်ချ မဆိုနိုင်သေးပါဘူး။
■ ဦးနှောက်တုံ့ပြန်မှုနဲ့ ကိုယ်အလေးချိန်တက်မှုတို့ကြား ဆက်စပ်မှုကို တွေ့ရှိတာဖြစ်ပြီး အကြောင်းရင်းနဲ့ အကျိုးဆက်ကို အပြည့်အဝ သက်သေပြနိုင်ဖို့ နောက်ထပ်သုတေသနတွေ လိုအပ်ပါတယ်။
■ ဘာကြောင့် Ultra-processed food တွေကို အထူးစိုးရိမ်နေရတာလဲ။
■ Ultra-processed food ဆိုတာအဆင့်ဆင့်ပြုပြင်ထုတ်လုပ်ထားပြီး သကြား၊ ဆား၊ အဆီနဲ့ အမျိုးမျိုးသော ဖြည့်စွက်ပစ္စည်းတွေ ပါဝင်နိုင်တဲ့ အစားအစာတွေကို ဆိုလိုပါတယ်။
■ ဥပမာအားဖြင့်အာလူးကြော်ထုပ်နဲ့ အသင့်စား အဆာပြေမုန့်တွေ
■ သကြားများတဲ့ အချိုရည်တွေ
■ သကြားနဲ့ အဆီများတဲ့ ဘီစကစ်၊ ကိတ်မုန့်နဲ့ မုန့်မျိုးစုံ
■ အလွန်အမင်း ပြုပြင်ထုတ်လုပ်ထားတဲ့ အသင့်စားအစားအစာအချို့ ဒီအစားအစာအားလုံးဟာ အာဟာရတန်ဖိုးမရှိဘူးလို့ မဆိုလိုပါဘူး။
■ ဒါပေမဲ့ သကြား၊ ဆားနဲ့ အဆီများပြီး အမျှင်ဓာတ်နဲ့ အရေးကြီးတဲ့ အာဟာရတွေ နည်းပါးတဲ့ အစားအစာတွေကို မကြာခဏစားသုံးမိရင် ကျန်းမာရေးအတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။
သုတေသီတွေရဲ့အဆိုအရ သကြားတစ်မျိုးတည်းကြောင့် ဒီလိုဖြစ်တာမဟုတ်နိုင်ပါဘူး။
■ အဆီနဲ့ ကာဗွန်ဟိုက်ဒရိတ်ကို ပေါင်းစပ်ထားတဲ့ အစားအစာတွေက ဦးနှောက်ရဲ့ တုံ့ပြန်မှုကို ပိုမိုလှုံ့ဆော်နိုင်တယ်လို့ အရငစမ်းသပ်လေ့လာမှုတွေကလည်း ညွှန်ပြထားပါတယ်။
■ အဲဒီလိုအစားအစာတွေကို ထပ်ခါထပ်ခါစားသုံးတဲ့အခါ ထပ်စားချင်စိတ်ပိုဖြစ်လာနိုင်ပါတယ်။
■ အာဟာရဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ Nutrition Advocacy in Public Interest (NAPI) ရဲ့ တာဝန်ရှိသူ ဒေါက်တာ Arun Gupta ကတော့ ဒီတွေ့ရှိချက်တွေဟာ အဝလွန်ခြင်းအကြောင်း ဆွေးနွေးမှုထက် ပိုကျယ်ပြန့်တဲ့ပြဿနာတစ်ခုကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
■ အစားအစာတွေက ကလေးတွေရဲ့ ဦးနှောက်တုံ့ပြန်ပုံကို ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာကိုလည်း အလေးထားဖို့လိုတယ်လို့ သူကထောက်ပြထားပါတယ်။
■ ကလေးတွေ ဘာစားသလဲဆိုတာဟာ ကိုယ်အလေးချိန်တစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ပါဘူး။ သူတို့ရဲ့ အစားအသောက်အလေ့အကျင့်၊ ဦးနှောက်ရဲ့ အစားအစာအပေါ် တုံ့ပြန်မှုနဲ့ ရေရှည်ကျန်းမာရေးတို့အတွက်ပါ အရေးကြီးပါတယ်။
■ ဒါကြောင့် မိဘတွေရဲ့ လမ်းညွှန်မှုအပြင် ကလေးတွေကို ရည်ရွယ်တဲ့ အစားအသောက်ကြော်ငြာတွေအပေါ် သင့်တော်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့လည်း လိုအပ်ပါတယ်။
Source-India Today