#Local_News
Published_4 July 2022
မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကပုဂံမြို့၌ ကျင်းပနေသည့် လန်ချန်း-မဲခေါင် အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ယင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မျှော်လင့်ချက်သုံးချက်ရှိပြီး ယင်းကိုထည့်သွင်းဆွေးနွေးစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပထမအချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန် နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးသည့်ကိစ္စဖြစ်ကြောင်း သိရသည်။
ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည့်အချက်ဖြစ်ကြောင်း သိရသည်။
တတိယအချက်အနေဖြင့် အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေးဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ “တူညီဆန္ဒငါးရပ်”(five-point consensus)ကို အပြုသဘောဆောင်စွာ အကောင်အထည် ဖော်ရင်း အာဆီယံ၏ ပြီးပြည့်စုံသော စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်ထားသည့်အကြောင်းကို Mr. Wang Yi က ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၇) ကြိမ်မြောက် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး (LMC) ကို ယူနက်စကိုဝင် ရှေးဟောင်းမြို့တော် ပုဂံမြို့၌ ဇူလိုင်လ ၂ ရက်မှ ၅ ရက်ထိ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 4 July 2022
စက်သုံးဆီအမျိုးမျိုးကို ပြည်တွင်း၌ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် သွားရန်နှင့် ရင်းနှီးမြှုပ်နှံသူများအား ထပ်မံဖိတ်ခေါ်သွားရန် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်က သန်လျင်မြို့နယ်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် စက်ရုံဆိပ်ကမ်းတွင် ရေနံစိမ်းသင်္ဘောများ ဆိုက်ကပ်နိုင်မည့် အခြေအနေ ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းလေ့လာ တင်ပြသွားရန်မှာကြားခဲ့ပါတယ်။
ထို့နောက်ဝန်ကြီးသည် စက်ရုံဧည့်ရိပ်သာ၊ ရုံးအဆောက်အဦများ ပြင်ဆင်မွမ်းမံ ထားရှိမှုနှင့် ရေနံပေါင်းတင်စက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်း အဆောက်အဦများကို စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံထိန်းသိမ်းရန် လိုအပ်ကြောင်း၊ စက်ရုံမွမ်းမံပြင်ဆင်ခြင်းနှင့် စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်တယ်လို့ ဆိုပါတယ်။
စက်ဆီရောစပ်စည်သွတ်စက်ရုံကို စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်ကာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ လိုအပ်သော Mono-grade အဆင့် စက်ဆီ/ချောဆီများ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် Mono-grade အဆင့်မှ Multi-grade အဆင့်ရှိသော စက်ဆီ/ ချောဆီများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။
စီးပွားရေး တွက်ချေကိုက်မှု ရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ ဝန်ဆောင်ခပေးချေသောစနစ်ဖြင့် စက်ဆီ/ ချောဆီရောစပ် ထုတ်လုပ်ဖြန့်ဖြူးခြင်းကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published - 4 July 2022
၁။ မြန်မာ့လက်မှုပစ္စည်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်အောင် ဖြေလျော့မှုအချို့ဆောင်ရွက်ပေးရန် လိုဟုဆို
၂။ ရန်ကုန်ရွှေဈေးကွက် တည်ငြိမ်နေကာ လိုင်စင်လျှောက်သူပိုမိုများပြားနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကာကွယ်ဆေးဘေးကင်းစိတ်ချရရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ မြင်းခွာဂဏန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 4 July 2022
မွန်ပြည်နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေအားလုံး(၁၀၀)%စလုံးကို ကိုဗစ်ကာကွယ် ဆေးများထိုးနှံပေးထားပြီးဖြစ်သည်ဟု မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်းက YMG ကို ပြောသည်၊၊
အသက်(၁၈)နှစ်နှင့်အထက်ရှိသူအားလုံးကို ထိုးနှံပေးပြီးဖြစ်၍ ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု(၁၀၀) %ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်၊၊
"လတ်တလောမှာ မွန်ပြည်နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့် အထက်လူဦးရေအားလုံး(၁၀၀)ရာခိုင် နှုန်းစလုံး ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးဖြစ်ပါတယ်၊၊
မွန်ပြည်နယ်ရှိကျောင်းနေအရွယ်ကလေးငယ် (၉၈.၈)ရာခိုင်နှုန်းတို့ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်ပါတယ်၊၊ ကျန်ရှိနေသူတွေနဲ့ ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးခြင်း booster ထိုးလိုသူတွေကို ဆက်လက်ထိုးနှံပေးနေပါတယ်"လိုဒေါက်တာနန္ဒဝင်းက ပြောသည်၊၊
ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးပြီးနောက် ထပ်ဆောင်းကာကွယ်ဆေးထိုး booster ထိုးထားသူသည် မွန်ပြည်နယ်ရဲ့လူဦးရေ( ၂၀)%ရှိကြောင်းနှင့် ကျန်ရှိနေသူများ ဆက်လက်ထိုးနှံကြဖို့ နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 4 July 2022
ယနေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်း ဆောက်လက်စတိုက် ပြိုကျမှုဖြစ်ပွားခဲ့ကာ ပိတ်မိသူအများအပြားရှိခဲ့ကြောင်း ကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့် ရွှေပြည်သာမြိုနယ်၊ ၅ရပ်ကွက်၊ ပတ္တမြားလမ်းရှိ ဆောက်လက်စတိုက် ပြိုကျမှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကယ်ဆယ်ရေးအသင်းများမှ ကူညီမှုများဆောင်ရွက်ပေးနေကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်အတွင်း ဆောက်လက်စတိုက် ပြိုကျမှုကြောင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ထိခိုက်ဒဏ်ရာရမှုကို မသိရှိရသေးကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 4 July 2022
ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပါကဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသက်သာစေမှာဖြစ်ကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ဒီကနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်-သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်မယ့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)တည်ဆောက်လုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ဝန်ကြီးသည် သာကေတဘက်ခြမ်း တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ P C Box Girder ထုတ်လုပ်နေမှု၊ လုပ်ငန်းခွင်အတွင်း သယ်ယူပို့ဆောင်ပေးနေမှုနှင့် Span by Span Method ဂျပန်နည်းပညာဖြင့် တပ်ဆင်မယ့် အခြေအနေနှင့် Fly Over Bridge တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထို့နောက် သံလျင်ဘက်ခြမ်းသို့ သွားရောက်၍ ချဉ်းကပ်တံတား ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရေလယ်တိုင်အမှတ်(၆) လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လွန်းထိုးခြင်း (Launching) နည်းပညာကို အသုံးပြု၍ P C Box Girder များ တပ်ဆင်ရန် ပြင်ဆင်မှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အမြဲဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။
ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃)သည် လက်ရှိ အသုံးပြုနေသည့် ရန်ကုန်-သန်လျင် အမှတ်(၁)တံတား၏အနီးတွင် တည်ရှိပြီး ပင်မတံတားအရှည် (၁၉၂၈)မီတာ၊ ယာဉ်သွားလမ်းအကျယ် (၂၄)မီတာ ယာဉ်(၄) လမ်းသွားနှင့် သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၅၄၇)မီတာ၊ သန်လျင် ဘက်ခြမ်း ချဉ်းကပ်တံတား အရှည်(၁၈၈)မီတာရှိပြီး တံတား၏ ခံနိုင်ဝန်မှာ (၇၅)တန်ဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published _ 4 June 2022
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် အမှတ် ၁ ရပ်ကွက်၊ မဂ္ဂင်လမ်း၊ အစိုးရရေကန်ဘေးတွင် ပန်းခြံအသစ်တစ်ခု တိုးချဲ့တည်ဆောက်လျက်ရှိကြောင်းသိရသည်။
ယင်းပန်းခြံသစ်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြေယာရှုခင်းပြုပြင်ခြင်း၊ မြက်ပင်များစိုက်ခြင်း၊ အရိပ်ရသစ်ပင်၊ ပန်းမာလာများ၊ ပန်းအလှသစ်ပင်များ စိုက်ပျိုးခြင်း၊ ကန်ပေါင်ပေါ်တက်ရန် အုတ်လှေ ကား ပြုလုပ်ခြင်း၊ အပင်များကို ရေပိုက်ဒလက်စနစ်ဖြင့် ရေဖျန်းရန်ပြုလုပ်ခြင်း လျှပ်စစ်၊ မီးတိုင်များစိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူများ အပန်းဖြေရန်အနားယူရန် ပန်းခြံလျှောက်လမ်း၊ ခုံတန်း လျားများပြုလုပ်ခြင်း၊ ကန်ဘောင်ပေါ် လမ်းလျှောက်ပြီးနောက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် စက်ကိရိယာများ ပြုလုပ်ထားရှိခြင်းများ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း၊ လက်ရှိတွင် ခြံတံခါးခြံစည်းရိုး သံပန်းကာရံခြင်းပြုလုပ်ရန် အုတ်တိုင်များ ပြုလုပ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် အုတ်ရေမြောင်းပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာနှစ်အလိုက်ခွင့်ပြုရန်ပုံငွေများဖြင့် ပန်းခြံတိုးတက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ymg/NN
#Yangon_Media_Group
Page 1574 of 1875