၃ ဩဂုတ်၊၂၀၂၆

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ ကိုယ်စားလှယ်တစ်ဦးသည် ယနေ့ ဩဂုတ်လ ၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း ICRC ကသတင်းထုတ်ပြန်သည်။

ယခုတွေ့ဆုံမှုကို လွတ်လပ်ခွင့် ဆုံးရှုံးနေသူများထံ သွားရောက်တွေ့ဆုံခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သီးသန့် စကားပြောဆိုခွင့်လည်း ပါဝင်ခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ICRC ၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းများနှင့်အညီ ထိန်းသိမ်းခံရသူများထံ သွားရောက်  တွေ့ဆုံခြင်းသည် လွတ်လပ်ခွင့် ဆုံးရှုံးနေသူများအား ၎င်းတို့၏ မိသားစုများနှင့် သတင်းအချက်အလက် ဖလှယ်နိုင်သည့် အခွင့်အလမ်းကို ရရှိစေမည်ဖြစ်ကြောင်းလည်း ICRC ကပြောသည်။

ICRC ၏ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် အစဉ်အလာရှိသည့်အတိုင်း ယခုတွေ့ဆုံမှုနှင့် ပတ်သက်  သည့် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ထိန်းသိမ်းထားသည့် အာဏာပိုင်များနှင့်သာ သီးသန့် လျှို့ဝှက်စွာ မျှဝေသွားမည် ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်အရသိရသည်။

ICRC အနေဖြင့် မြန်မာနိုင်ငံရှိ ထိန်းသိမ်းရေးနေရာများသို့ ဝင်ရောက်တွေ့ဆုံခွင့် ဆက်လက်ရရှိရန်နှင့် ပိုမိုတိုးချဲ့ရရှိရန်အတွက် သက်ဆိုင်သူများအားလုံးနှင့် ဆက်လက် ဆွေးနွေးဆောင်ရွက်လျက်ရှိသည်ဟု လည်း သတင်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။