#Local_News
Published_5 July 2022
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီကကြီးမှူး ကျင်းပသော မြန်မာအမျိုး သမီးများနေ့ အထိမ်းအမှတ်ဖြင့် ကဏ္ဍမျိုးစုံတွင် ထူးချွန်စွာကြိုးပမ်းခဲ့ကြသည့်၊ အမျိုးသမီးများအား ယနေ့ ဇူလိုင်လ ၅ ရက်နံနက်ပိုင်းက အလုံမြို့နယ်၊ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။
ဆုပေးပွဲတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဂျူဒိုပြိုင်ပွဲနှင့် ဝူရှူးပြိုင်ပွဲတွင် ဒုတိယ ငွေတံဆိပ်ရရှိသူ၊ ကနူးကယက်လှေလှော်ပြိုင်ပွဲတွင် တတိယကြေး တံဆိပ်ဆု သုံးဆုရရှိသူတစ်ဦးနှင့် တတိယကြေးတံဆိပ်ရရှိသူတစ်ဦး၊ ASEAN +3 Mixed Country Odesst ပညာရေးပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရရှိသူနှစ်ဦး ၊ တတိယ ကြေးတံဆိပ်ဆုရရှိသူတစ်ဦးနှင့် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်၊ ရန်ကုန်တိုင်းဒေသကြီးက သိပွံဘာသာတွဲ၌အမှတ် အများဆုံးဖြင့် ပထမဆုရရှိသူ တစ်ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအသီးသီး ချီးမြှင့်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သိပွံဘာသာတွဲ၌ အမှတ်အများဆုံးဖြင့်၊ ဒုတိယဆုရရှိသူနှင့် တတိယ ဆုရရှိသူ၊ ဝိပ္ပံဘာသာတွဲ၌ အမှတ်အများဆုံးဖြင့် ပထမဆုရရှိသူနှင့် ဒုတိယဆုရရှိသူ၊ ဝိပ္ပံဘာသာတွဲ တတိယဆုရရှိသူနှင့် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးဖြင့်၊ ပထမဆုရရှိသူ၊ ဝိဇ္ဇာဘာသာတွဲ ဒုတိယဆုနှင့်တတိယဆုရရှိသူ၊ အမျိုးသမီးများနေ့ အထက်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိသူ၊ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ တတိယဆုနှင့်အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆုရရှိသူ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယဆုနှင့်တတိယဆုရရှိသူတို့အားလည်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
၎င်းအပြင် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်း ဝန်ထမ်းများ ၏၊ ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲတွင်၊ နှစ်သိမ့်ဆုရရှိသူများနှင့် သရုပ်ပြတင်ဆက်ကြသည့်အဖွဲ့များကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုး တက်စေရေးအတွက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကို၊ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ဖွဲ့စည်းပြီး၊ အဆိုပါ ဇူလိုင် ၃ ရက်ကို မြန်မာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြဌာန်းကာ မြန်မာအမျိုး သမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကိုနှစ်စဉ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ymg/nn
#Yangon_Media_Group
#Local_News
Published _ 5 July 2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်လေးဆူတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော် အထွဋ်တင်လှူပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း အခမ်းအနားကို ယနေ့ ဇူလိုင်လ ၅ ရက်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပထမပိုင်း(ပရိကမ္မမင်္ဂ လာ) အရ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်မှုဆည်းပူးခြင်း၊ ဒုတိယပိုင်း(ဆတ္တာရောဟဏ မင်္ဂလာ) ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော် အထွဋ်တင်လှူပူဇော်ခြင်းနှင့် တတိယပိုင်း(ဗုဒ္ဓဘိသေက မင်္ဂလာ) ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ခြင်းတို့ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။
မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရားစေတီတော်မြတ်ကြီးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ရက်က ရွှေသင်္ကန်းကပ်လှူပြီးစီးခဲ့ပြီးဖြစ်ကာ ယခုဇူလိုင်လ ၅ ရက်တွင် စေတီတော်ကြီးနှင့် အရံစေတီတော် လေးဆူတို့အား စိန်ဖူးတော်နှင့် ငှက်မြက်နားတော်များ ကပ်လှူပူဇော်ခဲ့ကြတာဖြစ်ပြီး စိန်ဖူးတော်ထိပ်တွင် စိန်အစစ်ချွန်းတစ်ပွင့်၊ တွင်းထွက် " မြ " ရတနာ(၄၉)ပွင့်၊ စိန်ဖူးတော်၊ ငှက်မြက်နားတော်တို့တွင် စိန်၊ ရွှေ၊ ပတ္တမြား၊ နီလာရတနာများ တပ်ဆင်ပူဇော်ခဲ့ကြကြောင်းသိရသည်။
ymg /NN
#Yangon_Media_Group
#Local_News
Published - 5 July 2022
အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်မြင့်မားနေခြင်းကြောင့် ဈေးကွက်အတွက်း ယခုရက်သတ္တပတ်အတွင်း မတ်ပဲ ဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။
မတ်ပဲဈေးမြင့်တက်လာခြင်းနှင့်အတူ ပဲစင်းငုံဈေးပါ လိုက်ပါမြင့်တက်လာပြီး ပဲတီစိမ်းမှာမူ ပုံမှန်ဈေးကွက်ပေါက်ဈေးဖြင့် အဝယ်သွက်နေကြောင်း သိရသည်။
"ပို့ကုန်ပဲ အနေနဲ့ အဓိက မတ်ပဲဈေးကောင်းနေပါတယ်။ ငွေလက်ငင်းချေစနစ်တစ်အိတ်ကို ၁၆၅,၀၀၀ ကျပ်၊ တစ်လဆိုင်းဆိုရင် တစ်အိတ်ကို ၁၇၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံကလည်း တစ်အိတ်ကို ၅,၀၀၀ ကျပ် လောက်ဈေးမြင့်တက်လာပါတယ်။ သင်္ဘောလည်းတင်ခါနီးဆိုတော့ အဝယ်လိုက်နေပါတယ်။ မတ်ပဲဈေးကတော့ ဆက်လက်မြင့်တက်နိုင်ပါသေးတယ်"ဟု ပဲကုန်သည်တစ်ဦးကပြောသည်။
ပို့ကုန်ပဲအမျိုးအစား အလိုက်အဝယ်ကောင်းနေပြီး ဇွန်လ (၃၀)ရက်တွင် မတ်ပဲတစ်အိတ် ကျပ် ၁၆၃,၀၀၀ - ၁၆၅,၀၀၀၊ ပဲတီစိမ်း ရွှေဝါတစ်အိတ် ကျပ် ၁၅၄,၀၀၀ ပေါက်ဈေးဖြစ်လာပြီး ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၃၅,၀၀၀ ဖြင့် အဝယ်သွက်နေပြီး မတ်ပဲဈေးမှာ တစ်အိတ် ကျပ် ၁၀,၀၀၀ ခန့် မြင့်တက်လာကာ ဆက်လက်မြင့်တက်နိုင်သေးကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 4 July 2022
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း (၁)နှင့် အပိုင်း(၂)တို့တွင် ဆောင်ရွက်ဆဲအိမ်ရာများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ဇူလိုင် ၃ ရက်တွင် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာစီမံကိန်း၊ စီမံခန့်ခွဲရေးကော်မတီရုံးသို့ ရောက်ရှိစဉ် ပြည်သူများနေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် စား၊ ဝတ်၊ နေရေးဆိုသည့် အရေးသုံးပါးတွင် နေထိုင်ရေးသည်လည်း အဓိကကျတဲ့အတွက် အိမ်ရာစီမံကိန်းများ စနစ်ကျနစွာဖြင့် အကောင်အထည်ပေါ်လာရေးအတွက် ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးနှင့်အဖွဲ့သည် FMI အိမ်ရာစီမံကိန်း၊ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း (၁) နှင့်(၂)၊ ထီးလှိုင်ရှင် အိမ်ရာစီမံကိန်းနှင့် ပန်းလှိုင်အိမ်ရာစီမံကိန်းများရှိ တည်ဆောက်ပြီး အိမ်ရာများနှင့် တည်ဆောက်ဆဲ အိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ထို့နောက် ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 5 July 2022
ဇူလိုင်လ (၅)ရက်၊ နံနက် ၇ နာရီကျော်တွင် မြန်မာနိုင်ငံပြည်တွင်း၊ ရန်ကုန်မြို့၊လှိုင်မြို့နယ်အနီးတွင် မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊
ဇွန်လဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံတွင် မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်တော့ ရန်ကုန်တွင် ပထမဦးဆုံးလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်၊၊
ရန်ကုန်မြို့လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာအင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်ကြောင်းသိရသည်၊၊
လက်တလောတွင် မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုများရှိပြီး ရန်ကုန်၊မန္တလေး၊ ပဲခူးစသည့် ပြတ်ရွေ့ကြောပေါ်တွင်တည်ရှိသော ဒေသများတွင် တစ်ကျော့ပြန် မြေငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဥ်မျိုးမင်းထွေးကသတိပေး ပြောထားသည်၊၊
ymg/tthl
#Yangon_Media_Group
Published_ 4 July 2022
ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ကို မှန်မှန်ကန်ကန် သိရှိနားလည်နေရမှာ ဖြစ်ကြောင်းဖြင့် နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို မလွှဲသာမရှောင်သာသော အခြေအနေအရ လွှပြောင်းတာဝန်ယူ ဆောင်ရွက်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေမိသားစုများအနေဖြင့် မှန်မှန်ကန်ကန် သိရှိထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံ၏သမိုင်းကြောင်း၊ ပထဝီအနေအထားနှင့် လက်ရှိဖြစ်တည်ချက်များအရ တပ်မတော်သည် နိုင်ငံတော်၏အမျိုးသားရေးကိစ္စရပ်များတွင် ပါဝင်နေရခြင်းဖြစ်သကဲ့သို ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရတယ်လို့ ဆိုပါတယ်။
အချိုသောနယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ ရှိနေကြောင်း၊ ထိုကဲ့သိုသော အခြေခံအချက်များအပြင် အခြား အခြားသော အချက်များစွာတို့အရ နိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ ယနေ့အထိ လိုအပ်လျက်ရှိတယ်လို့ဆိုပါတယ်။
၁၉၈၈ ခုနှစ်၌ ပြည်သူလူထုအနေဖြင့် တစ်ပါတီအုပ်ချုပ်မှုကို မကြိုက်မနှစ်သက် ခြင်း၊ စီးပွားရေးကျဆင်းခြင်းတိုကြောင့် တိုင်းပြည်၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းအခြေအနေအပေါ် နိုင်ငံရေးအဖွဲအစည်းများ ပြည်ပနိုင်ငံများ၏ မြှောက်ပင့်သွေးထိုးမှု များကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မည့်အခြေအနေသို ရောက်ရှိလာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဖွဲစည်းပုံအခြေခံဥပဒေအားဖျက်သိမ်း၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ရကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ထောင်စုကြီး စည်းစည်းလုံးလုံးဖြင့် တည်ငြိမ်မှု ရှိစေရေးတင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့ရသဖြင့် တပ်မတော်၏ နိုင်ငံတော်တာဝန် ထမ်းဆောင်မှုအပေါ် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးအရ နာကြည်းမှုများ၊ နိုင်ငံရေး အရ သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းနာကြည်းမှုများသည် ယခုအချိန်အထိ ကျန်ရှိနေသေးတယ်လို့ နစက ဥက္ကဌက ပြောကြားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 4 July 2022
ရန်ကုန်ရွှေဈေးကွက်ဟာ အရောင်းအဝယ်အေးနေပြီး ဝယ်သူထက် ရောင်းသူပိုများနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1572 of 1875