#Local_News
Published_5 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ငါးလကျော်အတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၅ ဘီလျံကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ သုံးဘီလျံ ကျော်တိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပြုလုပ်ရာ၌ ကန်ဒေါ်လာ ၅ ဒသမ ၄၂ ဘီလျံပို့ကုန်ဝင်ရရှိထားပြီး ယမန်နှစ်ကာလတူတွင် ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံခန့်ပို့ကုန်ဝင်ငွေရရှိသဖြင့် ယမန်နှစ်ထက် ကန်ဒေါ်လာ ၁ ဒသမ ၁၃ ဘီလျံခန့် တိုးလာကြောင်း စာရင်းများအရ သိရသည်။
ယင်းအပြင် သွင်းကုန်တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၂ ဘီလျံ ရရှိထားပြီး ယမန်နှစ်ကာလတူတွင် ကန်ဒေါ်လာ ၅ ဒသမ ၂၅ ဘီလျံသွင်းကုန်တန်ဖိုးရရှိထားပြီး ယမန်နှစ်ထက် ၁ ဒသမ ၈၇ ဘီလျံတိုးလာကြောင်းသိရသည်။
ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ အများဆုံးတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_5 October 2022
အောက်တိုဘာ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal ၌ ဓာတ်ဆီ 92 Ron (၂.၀၉) ဂါလံသန်းနှင့် ဓာတ်ဆီ 95 Ron (ဝ.၁၇) ဂါလံသန်း ဆီချလုပ်ငန်းဆောင်ရွက်နေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ယင်းအပြင် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ၂၉ ရက်နေ့တွင် MOPS ဈေးမြင့်တက်မှုကြောင့် အနည်းငယ် မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဈေးနှုန်းများအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း MT Yu Yi သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီ HSD (၁ ဒသမ ၈၆) ဂါလံသန်းနဲ့ ပရီမီယံဒီဇယ်ဆီ PHSD (၂ ဒသမ ၁၇) ဂါလံသန်း စုစုပေါင်းဒီဇယ်ဆီ (၄ ဒသမ ၀၃) ဂါလံသန်းနှင့် MT Harmony One သင်္ဘောမှ ဓာတ်ဆီ 92 Ron (၂ ဒသမ ၁၃) ဂါလံသန်းကို သီလဝါဆိပ်ကမ်းတွင် ဆီချလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
စက်တင်ဘာလအတွင်း ဓာတ်ဆီ ၈၀,၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃,၀၉၅.၆၀ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃,၅၉၄.၆၀ တန် တင်သွင်းခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာလည်း ဓာတ်ဆီ 92 တစ်လီတာကို ကျပ် ၁၉၀၀ အောက်ထပ်မံကျဆင်းလာပြီး ဒီဇယ်မျိုးစုံဈေးနှုန်းမှာလည်း ကျဆင်းလာကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _5 October 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မြိတ်တံတား(ခ)မြိတ်ဂျက်တီ၌ ဆိုက်ကပ်ထားသော ဇက်ယာဉ်ပေါ်တွင် ဆိုင်ကယ်တက်မောင်းရာမှ အရှိန်လွန်၍ အမျိုးသားတစ်ဦး သံလွင်မြစ်ထဲသို့ ပြုတ်ကျသွားသောကြောင့် ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေကြကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်က အဆိုပါ အခင်းဖြစ်ပွားခဲ့၍ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ ယခုအခါ ဆိုင်ကယ်ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ရေထဲကျသွားသူအား ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _5 October 2022
လဝက ဝန်ကြီးဟောင်းဦးခင်ရီအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ သစ်အဖြစ် ယနေ့အောက်တိုဘာလ ၅ ရက်တွင် ကျင်းပနေဆဲဖြစ်သော တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)မှ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်သည့် စာရင်းများဟုဆိုကာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ရွေးချယ်ထားသည့် အမည်စာရင်းများ ပေါက်ကြားထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
"ညီလာခံက မနေ့ကပဲ စတာပါ၊ မနက်ဖြန်မှ ပြီးပါမယ်။ ဒီနေ့ဒုတိယနေ့မှာ ပါတီဥက္ကဋ္ဌ အဖြစ်ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌကတော့ ဦးမြတ်ဟိန်း နဲ့ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်တို့ ဖြစ်တယ်လို့ ကြေညာတယ်။ တခြား ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နာမည်စာရင်းကိုလည်း ကြေညာခဲ့ပါတယ်၊ မနက်ဖြန် ညီလာခံ တတိယနေ့မှာ ပါတီအထွေထွေအတွင်းရေးမှူးနဲ့ ပါတီဗဟိုအတွင်းရေးမှူးတွေကို ဆက်ပြီးတော့ ရွေးဖို့လည်း ရှိပါတယ်"ဟု USDP ပါတီ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောသည်။
လက်ရှိကျင်းပနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)ကို အောက်တိုဘာလ ၄ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သုံးရက်ကြာမြင့်သည့် ညီလာခံ ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 5 October 2022
နဂိုနာတာရှည်ရောဂါအခံများ ပိုဆိုးရွားမည်စိုးရိမ်၍ ကိုဗစ် ကာကွယ်ဆေး မထိုးထားကြသူများ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးမှုများနေသဖြင့် ကိုဗစ်ကာကွယ် ဆေးမပျက်မကွက်ထိုးနှံကြဖို့ တိုက်တွန်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါအခံရှိသူများ၏ မိသားစုဝင်များထံမှ သိရှိချက်အရ အဆိုပါ သေဆုံးရသူများအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံမှုကို ခံယူမှုမရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် မိမိတွင်ရှိနေသည့် နာတာရှည်ရောဂါအခံသည် ပိုမိုဆိုးရွားလာမည်ဟူသည့် လွဲမှားသော အယူ အဆကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို လာရောက်မခံယူခြင်း၊ အသက်အရွယ်ကြီးရင့်မှုနှင့် နာတာရှည်ရောဂါအခံကြောင့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ရန် အခက်ခဲရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်ဟု ဖော်ပြပါရှိသည်၊၊
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေ ပိုမိုများ ပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက် မကွက်ခံယူကြပါရန်နှင့် ၎င်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါနာတာရှည်ရောဂါ အခံတစ်ခုခု ရှိသူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် ထိုးနှံမှုခံယူရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံမှုခံယူနိုင်ရေးအတွက် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များ၊ ကျန်းမာရေးဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက်ဆက်သွယ်ဆောင်ရွက်ကြပါရန်တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြ ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _5 October 2022
မွန်ပြည်နယ်၊ သထုံမြို့၊ အ.ထ.က(၂)ကျောင်းဝင်းအတွင်း ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် မြေကျင်းတူးရာမှ အုတ်ခွက်ဘုရားများကို အောက်တိုဘာလ ၁ ရက်တွင် တွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မော်လမြိုင်ဌာနခွဲက သိရသည်။
သထုံမြို့၊ အ.ထ.က(၂)ကျောင်းဝင်းအတွင်းရှိ (၁၉၈၃)ခုနှစ်တွင် တည်ဆောက်ခဲ့သော ကျောင်းဆောင်ကိုဖျက်ပြီး RC နှစ်ထပ်ကျောင်းဆောင် အဖြစ် ပြန်လည်တည်ဆောက်ရန် Foundation ကျင်းများတူး ရာမှ အနက် (၇) ခန့်၌ အုတ်ခွက်ဘုရား (၂၈၀)ဆူ ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က ထုတ်ပြန်ထားသည်။
လွန်ခဲ့သည့် ၁၉၇၀ ပြည့်နှစ်ခန့် ကာလကလည်း အဆိုပါ အ.ထ.က(၂)ကျောင်း၏ တစ်ဘက်ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အုတ်ခွက် (၂၀၀၀) ကျော်ခန့် တွေ့ရှိခဲ့ဖူးကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အုတ်ခွက်ဘုရားများကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက စစ်ဆေးရာ ရှေးဟောင်းအုတ်ခွက်ဘုရားများ ဖြစ်ပြီး အချို့ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ပုဂံဒေသတွင် တွေ့ရှိရသော အုတ်ခွက်ဘုရားများတွင် သရုပ်ဖော်ထားသော ဇာတ်ကွက်များနှင့်မတူသည့် အုတ်ခွက်ပုံစံအသစ်များ ပါဝင်နေကြောင်း၊ ၎င်းတို့မှာ ပုဂံထက် အနည်းငယ်စောသော သထုံမြို့ဟောင်း၊ မွန်တို့၏ကိုးကွယ်ယုံကြည်မှုကို ဖော်ပြနေသဖြင့် သမိုင်းကြောင်းအတွက် အထောက်အကူပြုနိုင်သော ရှေးဟောင်းအုတ်ခွက်ဘုရားများဖြစ်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ လွှဲပြောင်းပေးပါက မွန်ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် အများပြည်သူ ကြည့်ရှုလေ့လာသုတေသနပြုနိုင်ရန် မော်လမြိုင်မြို့ရှိ ယဉ်ကျေးမှုပြတိုက်၌ ခင်းကျင်းပြသထားရှိမည်ဖြစ်ပါကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_5 October 2022
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုတွင် ယခင်နှစ်ထက် ကန်ဒေါ်လာ တစ်သန်းကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်၏ ငါးလကျော်အတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့ရာတွင် ကန်ဒေါ်လာ ၃၂၆ ဒသမ ၀၈ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ၌ ကန်ဒေါ်လာ ၃၂၇ ဒသမ ၂၂ သန်း တင်ပို့နိုင်ခဲ့ခြင်းကြောင်း သိရသည်။
မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများက တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး၊ မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့်ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများက တစ်ဆင့်လည်း ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် မွေးမြူရေးလုပ်ငန်းများနှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများမှရရှိသော ရေထွက် ကုန်များကို ကုန်ကြမ်းများအဖြစ် တိုက်ရိုက်တင်ပို့နေ၍ အအေးခန်း စက်ရုံများတွင် စနစ်တကျ ပြုပြင်ထုပ်ပိုးပြီးမှ တင်ပို့မှုများလည်းရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1569 of 2079