#Local_News
Published_ 25 January 2023
ဟောင်ကောင်သင်္ဘောနစ်မြုပ်တဲ့အထဲမှာ မြန်မာသင်္ဘောသား ၁၄ ယောက်ပါတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
မိုးကာဖြင့် အလုံပိတ်ထားသည့် ပစ်ကပ်ကားပေါ်တွင် လိုက်ပါလာသော တရားမဝင် မြန်မာများ ထိုင်းနိုင်ငံအတွင်း အဖမ်းခံရပြန်ကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသူများကပြောသည်။
ယမန်နေ့က တမ်ဘွန်ဝိဆိုင်နိုရပ် ဆွမ်ဖွမ်ခရိုင် ကီလိုမီတာ ၂၀ ကျော် တွင် မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးကို ခေါ်ယူစစ်ဆေးရာမှ အထက်ပါအတိုင်း ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကား၏ နောက်ခန်းကို ထိုင်းအာဏာပိုင်များက ဖွင့်၍ စစ်ဆေးစဉ် အထောက်အထားလုံး၀ မပါသော မြန်မာနိုင်ငံသား ၁၅ ဦး အား ဖမ်းမိသောကြောင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းအပါအဝင် အဆိုပါ မြန်မာနိုင်ငံသားများကိုဝိဆိုင်နွို ရဲစခန်းသို့ ဖမ်းဆီး ပို့ဆောင်ထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_25 January 2023
ပထမအကြိမ်အဖြစ် လျှပ်စစ်ယာဉ် အစီး ၄၀နှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။
ယခုရောက်ရှိလာသော ယာဉ်များမှာ တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်ကြောင်း၊ အများပြည်သူအသုံးပြုနိုင်ရေး လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီး ၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်းဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲကြမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုမှ ဦးဆောင်ကော်မတီသို့ လာရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့်အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးခဲ့ရာမှ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd. တို့က အထက်ပါအတိုင်း တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
Chin Dwin Shan Construction Co., Ltd. မှ လျှပ်စစ်သုံးယာဉ်အစီး ၃၀ နှင့် NPK Motors Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် ၁၀ စီး စုစုပေါင်းအစီး ၄၀ မှာ ယခုအခါ ရွာသာကြီး Dry Port တွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် ယင်းယာဉ်များကို လျှပ်စစ်သုံးယာဉ်အတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ မရှိနှင့် ခွင့်ပြုထားသည့် လိုင်စင်ပါဖော်ပြချက်များ မှန်ကန်မှုရှိ မရှိ စစ်ဆေးနေကြကြောင်းလည်း ယင်းကော်မတီက သိရသည်။


#ymg/mt
#Yangon_Media_Group
#Local_News
Published_25 Jan 2023
City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကို မြို့နယ်အလိုက် သတ်မှတ် သင်္ကေတနံပါတ် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံ၍ City Taxi ယာဉ်များ၏ ဘေး၌ စတေကာနံပါတ်များကို E၊ W၊ S၊ N သင်္ကေတများဖြင့် အသုံးပြုထားခြင်းဖြစ်ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ပြီးဖြစ်သောကြောင့် ယင်းကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်ကစ၍ ပြောင်းလဲအသုံးပြုရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် တက္ကစီယာဉ်များ စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ ခရီးသည်ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်သော City Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်တွင် “ဂ”စင်းလုံးငှားဌာနတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းလည်း YRTC က သိရသည်။
City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကကောက်ခံသည့်နှုန်းများနှင့် ဒဏ်ကြေးများကို ကောက်ခံမည်မဟုတ်တော့ဘဲ မှတ်ပုံတင်ခ ၃၀၀၀ ၊ ယာဉ်မောင်းလိုင်စင်ခ ၆၀၀၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ၃၅၀၀ နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂၀၀ ကျပ် သတ်မှတ်၍ ကောက်ခံတော့မည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်ရှိသည့်အတွက် တိုက်ကြီးမြို့ကို သင်္ကေတအမှတ်အသားနံပါတ်ဝမ်း၊ City Taxi YGN-1/0001၊ထန်းတပင်မြို့နယ်ကို သင်္ကေတအမှတ်အသား City Taxi YGN-2/0001 ၊မင်္ဂလာဒုံမြို့နယ်ကို City Taxi YGN-3 /0001စသည်ဖြင့် သတ်မှတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
"မြို့နယ်တစ်ခုချင်းအလိုက် ဒီလိုနံပါတ်တွေပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ City Taxi မှတ်ပုံတင်တဲ့အခါလည်း အရင်ကဆိုရင် ရပ်ကွက် ထောက်ခံစာ၊ သန်းခေါင်စာရင်းတွေ၊ စာချုပ်တွေတောင်းခံတာတွေရှိတယ်။ အခုအဲဒါတွေမတောင်းခံတော့ဘဲ ယာဉ်မှတ်ပုံတင်စာအုပ်မှာရှိတဲ့ နောက်ဆုံးအမည်ပေါက်ရယ်၊ သက်တမ်းတိုးပြီး အထောက်အထားတွေရယ်၊ လုပ်ငန်းလိုင်စင်အပိုင်းတစ်နဲ့နှစ်ရယ်၊ ပြီးတော့ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းသူတွေရဲ့မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စင်“ဃ”နဲ့“င” အဲဒီအထောက်အထားတွေပဲယူမှာဖြစ်ပြီး လာရောက်ဆောင်ရွက်သူကို ပြန်လည်ပေးအပ်လိုက်မှာပါ။ e-Government စနစ်အတိုင်း ကွန်ပျူတာနဲ့သိမ်းဆည်းထားမယ်"ဟု တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ရှင်းပြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် City Taxi ယာဉ်အစီးရေ ၆၀၀၀၀ ကျော်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ၏ စာရင်းများအရ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_25 Jan 2023
ရှမ်းပြည်နယ်လားရှိုးခရိုင်၊ သိန်းနီ-ကွမ်းလုံပြည်ထောင်စုလမ်းမကြီးတွင် ကားတိုက်မှုဖြစ်ပွားပြီး ကားမီးလောင်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၄ ရက် ည၈နာရီ ၂၀ မိနစ်က ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စု၊ သိန်းနီ-ကွမ်းလုံပြည်ထောင်စုလမ်းမကြီး၊ ၁၆ မိုင် ၇ ဖာလုံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး အနက် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ၊ အမျိုးသမီး (၁)ဦး (သေဆုံး) တို့ကို သိန်းနီမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကသိရသည်။
အဆိုပါကားမီးလောင်မှုကို သိန်းနီမြို့နယ်မီးသတ်စခန်းမှ Foam (အမြှုပ်ဆေးရည်) မီးငြှိမ်းသတ်ယာဉ် (၁)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့၍ ည ၉ နာရီကျော်တွင် ကယ်ဆယ်ရေးလုပ်ငန်းများပြီးစီးခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Military
Published 25 January 2023
အမေရိကန်ဟာ ယူကရိန်းအတွက် တင့်ကားကြီးများပေးပို့မယ့်ကိစ္စကို ဗုဒ္ဓဟူးနေ့လောက်မှာ ကြေညာသွားဖို့ ရှိနေပြီး ဂျာမနီကလည်း အလားတူသဘောမျိုးဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း သတင်းအရင်းအမြစ်တစ်ခုအရ သိရှိရပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အသက် ၄၅ နှစ်ပြည့်ပြီဖြစ်တဲ့ ယူကရိန်းသမ္မတ'ဇယ်လန်စကီ'ဟာ ခေတ်မီတင့်ကား ၁၅ စီးခန့် ထောက်ပံ့ပေးဖို့ မဟာမိတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
"ဆွေးနွေးမှုတွေလုပ်ပြီးရင် ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။အကြမ်းဖက်သူတွေထံကနေ တကယ်ကာကွယ်နိုင်မယ့် ဆုံးဖြတ်ချက်တွေပေါ့၊ မဟာမိတ်တွေမှာ ကျွန်တော်တို့လိုအပ်တဲ့ တင့်ကားအရေအတွက် ရှိပါတယ်"လို့ ညစဉ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အစောပိုင်းက ယူကရိန်းတောင်းဆိုချက်ကို အမေရိကန်က မဖြည့်ဆည်းချင်ပေမယ့် အခုဆိုရင် အမေရိကန်ရဲ့ M1 Abrams တင့်ကားတွေကို ပို့ဆောင်သွားဖို့ ဆောင်ရွက်နေပြီဖြစ်ကြောင်း အမေရိကန်အရာရှိ ၂ ဦးက ရိုက်တာသတင်းဌာနကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လာမယ့်လများအတွင်း အမေရိကန်က ပေးပို့ရန်ကတိပြုထားတဲ့ တင့်ကားအရေအတွက်က စုစုပေါင်း ၃၀ ခန့်ရှိလာနိုင်ပါတယ်။
ဂျာမနီသဘာပတိ'အိုလက်ဖ်ရှော့လ်ဇ်'ကလည်း Leopard 2 A6 တင့်ကား ၁၄ စီးပေးပို့ရန် ဆုံးဖြတ်ထားပြီး ပိုလန်တို့ကလည်း အလားတူ ထောက်ပံ့ပေးပို့သွားမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဂျာမနီတို့ထံမှ တရားဝင်အတည်ပြုခြင်း မကြားရသေးပေမယ့် ပေးပို့လာမယ့်တင့်ကားတွေက ထင်ထားတာထက်နည်းမယ်ဆိုရင်တောင် စစ်မြေပြင်အခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိမှာဖြစ်ကြောင်း ယူကရိန်းအရာရှိများက မျှော်လင့်နေပါတယ်။
ယူကရိန်းက အနောက်နိုင်ငံတွေထံမှ တင့်ကားများကို တောင်းဆိုထားတာ လနဲ့ချီနေပြီဖြစ်ပြီး ဒါဟာ ရုရှားကာကွယ်ရေးလမ်းကြောင်းတွေကို ဖောက်ထွင်းနိုင်လောက်မယ့် တိုက်ခိုက်စွမ်းအားနဲ့ ချီတက်နိုင်စွမ်း ရရှိစေမှာဖြစ်ကာ အရှေ့ဘက်နဲ့ တောင်ဘက်တို့မှ နယ်မြေများကို ပြန်လည်သိမ်းယူနိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဂျာမနီကတော့ ရုရှားနဲ့ တင်းမာမှုမြင့်တက်လာမှာ စိုးရိမ်တဲ့အတွက် တွန့်ဆုတ်လျက်ရှိပါတယ်။




Source: Reuters
#Yangon_Media_Group
#World_Health
Published 25 January 2023
ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း အာထရာဆောင်း ၂ ကြိမ်ထက်ပိုပြီး ရိုက်သင့်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။
လက်ရှိမှာတော့ ကိုယ်ဝန်ဆောင်တွေဟာ ကိုယ်ဝန်သက်တမ်း ၁၂ ပတ်နဲ့ ၂၀ ပတ်နောက်ပိုင်းမှာ အာထရာဆောင်းရိုက်ဖို့ ညွှန်ကြားထားကြပါတယ်။
ဒါပေမဲ့ တကယ်တမ်းတော့ ၇ ကြိမ်အထိ ရိုက်သင့်တယ်လို့ အဆိုပြုလာကြပါတယ်။
အချို့သောသားဖွားမီးယပ်တွေကတော့ မလိုအပ်ဘဲ စကင်ရိုက်ခြင်းက မိဘတွေကို ပိုပြီးစိတ်ဖိစီးစေနိုင်တယ်လို့ ပြောကြားကြပါတယ်။
စကင်ရိုက်ခြင်းဖြင့် ချို့ယွင်းချက်များ၊ မူမမှန်ခြင်းများ၊ ကလေးနေရာပုံစံတို့ကို စောစောတွေ့ရှိနိုင်မှာဖြစ်တယ်လို့ 'ကိတ်ရစ်ချတ်ဆန်'က ဆိုပါတယ်။
NHS ရဲ့ စံနှုန်းအရ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါအန္တရာယ်ရှိနိုင်တဲ့ကိုယ်ဝန်ဆောင်များကသာ ၂ ကြိမ်ထက်ပိုပြီး စကင်ရိုက်သင့်ပါတယ်။
ကိုယ်ဝန်သက်တမ်း ၁၁ ပတ်မှ ၁၄ ပတ်အတွင်း ပထမဆုံးအကြိမ် အာထရာဆောင်းရိုက်သင့်ပါပြီ။
သက်တမ်း ၁၈ ပတ်နဲ့ ၂၁ ပတ်ကြားမှာတော့ သန္ဓေသားဖွံ့ဖြိုးမှုနဲ့ ကျား/မခွဲခြားမှုလုပ်နိုင်တဲ့ စကင်ရိုက်နိုင်ပါပြီ။
အာထရာဆောင်းပညာရှင်တွေက ကလေးရဲ့ အရိုး၊ နှလုံး၊ ဦးနှောက်၊ ကျောရိုးမ၊ မျက်နှာ၊ ကျောက်ကပ်၊ ဝမ်းဗိုက်တို့ကို စစ်ဆေးပေးမှာဖြစ်ပါတယ်။
အရင်က ကိုယ်ဝန်ပျက်ကျဖူးတာရှိရင် စောစီးစွာ စကင်ရိုက်ထားသင့်ပါတယ်။
ဝမ်းဗိုက်ထဲမှာ ကလေးက ပုံမှန်မတည်ရှိနေဘူးဆိုတာကို စောစောသိရရင် မိဘတွေအနေနဲ့ သိပ်ပြီးစိတ်ထိခိုက်ခြင်း မဖြစ်နိုင်ဘူးလို့ မစ္စရစ်ချတ်ဆန်က ပြောကြားလိုက်ပါတယ်။
နောက်ဆုံးစကင်ကတော့ သက်တမ်း ၂၄ ပတ်နဲ့ ၄၀ ပတ်ကြားမှာ သန္ဓေသားရဲ့ တည်နေရာပုံစံကို စစ်ဆေးခြင်းဖြစ်ပါတယ်။
ကြိမ်ဖန်များစွာ စကင်ရိုက်ဖို့ မတိုက်တွန်းထားပေမယ့် တစ်စုံတစ်ရာ မူမမှန်တာမျိုးခံစားရတယ်ဆိုရင်တော့ အာထရာဆောင်းရိုက်ပြီး စစ်ဆေးသင့်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 25 January 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၃)ရပ်ကွက်၊ စိန်ပန်းမြိုင် (၁)လမ်း လူနေနှစ်ထပ်အိမ်တွင် မီးလောင်မှုဖြစ်ပွားပြီး လူ(၄)ဦး သေဆုံးသွားကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းထံမှ သိရသည်၊၊
ကျား( ၁ ဦး)၊ မ (၃ဦး)သေဆုံးပြီး သေဆုံးသူမ(၁)ဦးသည် သူနာပြုဆရာမလေးဖြစ်ကာ မီးလောင်အိမ်အတွင်း ပိတ်မိပြီး သေဆုံးရခြင်းဖြစ်သည်ဟု အသင်းမှ ဖော်ပြထားသည်၊၊
ဇန်နဝါရီလ(၂၅)ရက် မနက် ၂ နာရီ ၂၂ မိနစ်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မနက် ၂ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်၊၊


#ymg/tthl
#Yangon_Media_Group
#World_Health
Published 25 January 2023
ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေက ထင်ထားတာထက် ပိုမိုဆိုးရွားနေကြောင်း သုတေသနအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
အမေရိကန်ရှိ သုတေသနအဖွဲ့တစ်ခုရဲ့ လေ့လာချက်အရ ကမ္ဘာတဝှမ်းရှိ လူသန်းပေါင်းများစွာဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ခံစားနေရပါတယ်။
နောက်ဆက်တွဲလက္ခဏာတွေအကြောင်း လေ့လာမှုမရှိခြင်းနဲ့ အချက်အလက်မရှိခြင်းတို့ကိုလည်း ထောက်ပြနေကြပါတယ်။
ကမ္ဘာတဝှမ်းမှာ ကိုဗစ်ရောဂါကူးစက်သူ တရားဝင်မှတ်တမ်းအရ ၆၅၁ သန်းရှိရာမှာ ၁၀ ရာခိုင်နှုန်းခန့်က ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားနေကြရပါတယ်။
နောက်ထပ်လေ့လာမှုများအရ ဆေးရုံမတက်ခဲ့ရတဲ့ ကိုဗစ်လူနာတွေမှာ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းလောက်က နောက်ဆက်တွဲလက္ခဏာ ခံစားကြရပြီး ဆေးရုံတက်ရတဲ့လူနာတွေမှာတော့ ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
ဒါပေမဲ့ လေ့လာမှုက ကိုဗစ်နောက်ဆက်တွဲလက္ခဏာအကြောင်း သေချာမသိသေးသလို တွေ့ရှိချက်အများအပြားကလည်း အစောပိုင်းလေ့လာချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ကိုဗစ်ရောဂါကူးစက်ပြီးနောက် ၃ လအကြာမှာ နောက်ဆက်တွဲလက္ခဏာပေါ်တတ်ပြီး အနည်းဆုံး ၂ လခန့်ကြာတတ်ကာ အခြားအကြောင်းအရာများတော့ မရှင်းပြနိုင်သေးကြောင်း WHO က ဆိုထားပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲခြင်း ဒါမှမဟုတ် ထပ်ခါထပ်ခါဖြစ်ပေါ်ခြင်းတို့ ခံစားရတတ်ပါတယ်။
၂၀၂၀ နဲ့ ၂၀၂၁ အတွင်း နိုင်ငံ ၂၂ နိုင်ငံမှ ကိုဗစ်ကူးစက်သူ ၁.၂ သန်းရဲ့ အချက်အလက်တွေကိုလေ့လာခဲ့ရာ ၆.၂ ရာခိုင်နှုန်းသောသူတွေက နောက် ၃ လအကြာမှာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ၁ မျိုးခံစားခဲ့ရပါတယ်။
နောက်ဆက်တွဲလက္ခဏာခံစားရသူ ၄၃ ရာခိုင်နှုန်းကို အထူးကြပ်မတ်ကုသခဲ့ရပြီး ၂၇.၅ ရာခိုင်နှုန်းကတော့ အထွေထွေကုသမှုဆောင်သို့ ပို့ဆောင်ခဲ့ရကာ ၅.၇ ရာခိုင်နှုန်းကတော့ ဆေးရုံမတက်ခဲ့ရဘူးလို့ ၂၀၂၂ အောက်တိုဘာလက American Medical Association ဂျာနယ်မှာ ဖော်ပြသွားပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_25 January 2023
လူဦးရေ ၄၀၀၀ ကျော်အတွက်သောက်သုံးရေ ဖူလုံမည့် လျှိုပိတ်တမံ လုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက သိရသည်။
အဆိုပါ လျှိုပိတ်တမံလုပ်ငန်းမှာ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ရေနံမကျေးရွာအုပ်စု သပြေညောင်ကျေးရွာအနီးတွင် တည်ရှိပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၂၆၂)သန်းဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမှာတမံအလျား (၂၀၀)ပေ၊ အမြင့်(၄၅) ပေ အရွယ်အစားရှိကာ ကန်ရေပြည့်ရေလှောင်ပမာဏ ၁၃ ဒသမ ၅၀ ဂါလန်သန်းခန့် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က တည်ဆောက်ခြင်းလုပ်ငန်းများ စတင်ခဲ့ကာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံ အိမ်ထောင်စု(၁၀၂၅)၏ လူဦးရေ(၄၀၁၂)ဦး၊ ကျွဲနွားတိရစ္ဆာန် အကောင်ရေ(၈၀၀၀)ကျော်အတွက် သောက်သုံးရေ ဖူလုံစွာရရှိစေမည့်အပြင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးကိုပါ အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း အစိုးရအဖွဲ့၏ စာရင်များအရ သိရသည်။


#ymg/mt
#Yangon_Media_Group
#Local_News
Published_ 24 January 2023
လတ်တလောမှာ ကျိုက်ထီးရိုးစေတီတော်သို့ ပြည်ပခရီးသွားတွေအဖြစ် ထိုင်းဘုရားဖူးနဲ့ ဗီယက်နမ်ဘုရားဖူးတွေအများဆုံးလာရောက်နေတယ်လို့ ကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_24 January 2023
ဇန်နဝါရီ ၂၁ ရက်မှစတင်၍ ၉၂ တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့် ရပ်တန့်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စင်ကာပူစက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာပြီး ရန်ကုန်တိုင်းအတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ ဇန်နဝါရီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ၉၂ တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေအရ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂၃၈၅ ကျပ်ဖြစ်ပြီး ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၅၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ရည်ညွန်းလက်ကားဈေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ ၉၂ တစ်လီတာလျှင် ၂၁၉၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၆၇ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၃၆ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
Page 1392 of 2000