#LocalNews
Published_ 21 March 2023

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်းပေါ်ရှိ အရှည်ပေ ၁၂၆၀ ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်) ကို မတ်လ ၂၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယခင်က တည်ဆောက်ခဲ့သည့် ပမ္မဝတီတံတား (မြင်းကဆိပ်) ကြိုးတံတားဟောင်းမှာ ကြံ့ခိုင်မှု အားနည်းလာသည့်အတွက် မူလကြိုးတံတားဟောင်းကို ဖြုတ်သိမ်း၍ ကျွမ်းကျင်ပညာရှင်များက ခေတ်မီနည်းစနစ်တို့ကို အသုံးပြုပြီးအရှည်ပေ ၁၂၆၀၊ အပေါ်ထည် Steel Box Girder သံကူကွန်ကရစ်ကြမ်းခင်းနှင့် အောက်ထည်အုတ်မြစ် ကို R.C.C Bored Pile ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်းသွား၊တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုတံတားကြီးကို ဖွင့်လှစ်လိုက်သည့်အတွက် ပုသိမ်မြို့မှမြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်တို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ အချိန်တိုအတွင်း အလွယ်တကူဆက်သွယ်သွားလာနိုင်ပြီး ဒေသထွက်ကုန်များကို သယ်ယူပို့ဆောင်နိုင်မည့်အပြင် ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ၊ နိုင်ငံတကာအကူအညီချေးငွေများဖြင့် လမ်း၊ တံတားများကို တည်ဆောက်ပေးလျက်ရှိရာ ယနေ့အထိ လမ်းမိုင် ၁၈၈၅ မိုင် ကျော် ဖောက်လုပ်ထိန်းသိမ်းထားပြီး ပေ ၁၈၀ နှင့်အထက် တံတားကြီး ၁၀၉ စင်းကိုလည်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်း ပေ ၁၈၀ နှင့်အထက်တံတား ၁၂ စင်းနှင့် ပေ ၁၈၀ အောက်တံတားခုနစ်စင်း စုစုပေါင်း ၁၉ စင်းကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group