#Local_News
Published _ 8 september 2022
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာဈေးနှုန်းများ အတက်ဘက်သို့ ဦးတည်နေပြီး အရောင်းအဝယ် မြင့်တက်မှုရှိနေကြောင်း ရန်ကုန်စတော့အိတ်ချိန်း (YSX)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်မှာ စက်တင်ဘာလ ၆ ရက်အတွက် အရောင်းအဝယ်ဖြစ်သည့် အစုရှယ်ယာ တန်ဖိုးမှာ ကျပ် (၂၆၃) သန်းအထိရှိပြီး စက်တင် ဘာလ ၅ ရက်တွင် ကျပ် (၁၇၇) သန်း၊ စက်တင်ဘာလ ၂ရက်တွင် ကျပ်သန်း (၁၀၀)၊ စက်တင်ဘာလ ၁ရက်တွင် ကျပ် (၈၄) သန်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်စတော့ဈေးကွက်၏ ရှယ်ယာအရောင်းအဝယ် ပမာဏဟာ တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရန်ကုန်စတော့အိတ်ချိန်းမှာ နေ့စဉ်အရောင်းအဝယ် ဖြစ်မှု ပမာဏဟာ ပျမ်းမျှ ကျပ် (၁၃) သန်းကျော်သာ ရှိသော်လည်း ယခုစက်တင် ဘာလအတွင်းမှာတော့ ကျပ်သန်း (၂၀၀) ကျော်ထိ အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း သိရသည်။
စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာအရောင်းအဝယ်ဖြစ်မှုအား ကြည့်လျင် မြန်မာသီလဝါ SEZ အများပိုင် ကုမ္ပဏီ MTSH ၏ အရောင်းအဝယ် ပမာဏဟာ အများဆုံး ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်း ဝင်အများပိုင်ကုမ္ပဏီခုနစ်ခုမှ အစုရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 8 September 2022
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဖြူးမြို့နယ်ရှိ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းတွင် နားနေသည့်ယာဉ်၌ ပေါ်သေဆုံးသူမှာ ကိုဗစ်ကြောင့် မဟုတ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်အမှတ် 3P/----- ရွှေလားရှိုး Express မော်ယောဉ်မှာ လားရှိးမြို့မှ ရန်ကုန်မြို့သို့ ပြန်လာပြီး စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းက ၁၁၅ မိုင်၌ ယာဉ်နားနေစဉ် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦး သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း ဖြူးမြို့မနာရေးကူညီမှုအသင်းကသိရသည်။
"အသင်းကလူတွေက ဖြူးမြို့နယ်ဆေးရုံကိုပို့ခဲ့တာပါ။ ကျွန်တော်တို့အသင်းကိုတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ကွာရန်တင်းကိစ္စမပြောဘူး၊ ကိုဗစ်မဟုတ်လို့ မပြောတာလို့ပဲ ယူဆရတာပေါ့၊ ဟုတ်တယ်ဆိုရင် ကားတစ်စီးလုံးနဲ့ ဆိုင်တာပဲလေ"ဟု လိုက်ပါကူညီသည့်အသင်း၏ တာဝန်ကျသူက ပြောသည်။
ရုပ်အလောင်းကို ဖြူးမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ကိုဗစ်စစ်ဆေးကြည့်ရာမှာတော့ ရောဂါပိုးမရှိဘူးလို့ သိရပါတယ်။
သေဆုံးသူအမျိုးသားမှာ အသက် ၄၂ နှစ်အရွယ် ကိုသော်ဇင်ထွန်း ဆိုသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူ ဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုဗစ်ကာကွယ်ဆေး သုံးကြိမ်ထိုးထားပြီးသူဖြစ်ကာ RDT ဖြင့်စစ်ဆေးခဲ့စဉ် Negative ဖြစ်နေကြောင်း၊ ၎င်းတွင် အသည်းရောဂါဝေဒနာ ရှိနေကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 8 September 2022
မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်နှင့်ကူဝိတ်သံအမတ်တို့အား ခန့်အပ်ရန် နစက က သဘောတူကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးအဖြစ်မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးအား ခန့်အပ်ခဲ့ပြီး ကူဝိတ်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာမူဘာရက်(ခ်) အမ်အေအလက်ဝါနီအား ခန့်အပ်ရန် သဘောတူပြီးဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းတွင် ဖော်ပြထားသည်။
နီပေါနိုင်ငံ သံအမတ်ကြီးမစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးအား နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့၌ ၁၉၆၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် မွေးဖွားခဲ့ပြီးအစိုးရတက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ၁၉၈၅ ခုနှစ်တွင် အောင်မြင်ခဲ့သူဖြစ်ကာ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ ထရီဘူဗမ် (Tribhuvan) တက္ကသိုလ်မှ ၁၉၉၄ ခုနှစ်တွင် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ဥပဒေဘွဲကို လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် စက်မှု လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးအထူးပြုဘာသာရပ်ဖြင့် စီးပွားရေးစီမံ ခန့်ခွဲမှုမဟာဘွဲ့ကို လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ် အထူးပြုဘာသာရပ်ဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သူဖြစ်ကြောင်းလည်း သိရသည်။
ယင်းနောက် နီပေါနိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ၁၉၉၈ ခုနှစ်တွင် စတင်ဝင်ရောက်ကာ ဌာနခွဲရုံး၌လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် လက်ထောက်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ယင်းကာလတွင်ပင် ပူးတွဲတာဝန်အဖြစ် နီပေါသမ္မတရုံးတွင် ဆက်ဆံရေးအရာရှိအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အာရှအလယ်ပိုင်း၊ အာရှအနောက်ပိုင်းနှင့် အာဖရိကဌာနတွင် လက်ထောက်အတွင်းဝန်အဖြစ် လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှစ၍ လက်ရှိကာလအထိ အာရှအလယ်ပိုင်း၊ အာရှအနောက်ပိုင်းနှင့် အာဖရိကဌာန၏ ဌာနအကြီးအကဲ၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
၎င်းအနေဖြင့် ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ရန်ကုန်မြို့ရှိ နီပေါသံရုံးတွင် ဒုတိယအတွင်းဝန် အဖြစ် လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ နီပေါသံရုံးတွင် ပထမအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ မေလမှ ၂၀၁၅ ခုနှစ်၊ မေလအထိဆော်ဒီ အာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ နီပေါသံရုံးတွင် ဒုတိယသံရုံးအကြီးအကဲ အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ဇူလိုင်လအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ နီပေါသံရုံးတွင်သံမှူးကြီး အဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ နီပေါဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဟင်ဒီဘာသာ၊ အူရဒူ ဘာသာ၊ အာရပ်ဘာသာ၊ တရုတ်ဘာသာစကားများကို တတ်မြောက်ကာ အိမ်ထောင်ရှင်ဖြစ်ပြီး သားတစ်ဦး ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကူဝိတ်သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီအား ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကူဝိတ်တက္ကသိုလ်မှ ပြည်သူ့စီမံခန့်ခွဲမှုရေးရာ အထူးပြုဘာသာရပ်ဖြင့် နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆီရီးယား နိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ် မှ ၂၀၀၅ ခုနှစ်အထိ အယ်ဂျီးရီးယားနိုင်ငံရှိ ကူဝိတ်သံရုံးတွင် တတိယအတွင်းဝန် အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ ဘယ်လ်ဂျီယံနိုင်ငံရှိ ကူဝိတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဥဇဘက်ကစ္စတန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ စီးပွားရေးဌာနတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကနေဒါ နိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှစ၍ မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီသည် ပိုလန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း၊ ယင်းမှာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားသမီး (၆) ဦးရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_group
#Local_News
Published _ 8 september 2022
အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာသံရုံး၊ ဝါရှင်တန်မြိုစာစစ်ဌာနမှ ဖြေဆိုလိုလျင် စက်တင်ဘာလ ၁၃ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း အဆိုပါသံရုံးမှ ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
စနစ်ဟောင်း(သင်ရိုးဟောင်း)တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးကျင်းပမှာဖြစ်သောကြောင့် တက္ကသိုလ်ဝင်စာမေးပွဲမအောင်သေးသည့် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သင်ရိုးဟောင်း ဘာသာတွဲ ၈ ခုအနက် တစ်ခုကို ရွေးချယ်ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်ထားနိုင်ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်နောက်ပိုင်းကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်သစ် ဒွါဒသမတန်း(Grade- 12) သင်ရိုးညွှန်းတမ်းကို ဖြေရမှာဖြစ်၍ ၂၀၂၃ ခုနှစ်အထိ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်သေးသူများဟာ နောက်ပိုင်းမှာ သင်ရိုးသစ် Grade- 12 ကို ထပ်မံသင်ကြားပြီးမှ စာမေးပွဲဖြေရမည်ဟု သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမည့်သူများ အနေဖြင့် သင်တန်းဝင်ခွင့် လျှောက်လွှာနှင့် အထောက်အထားစာရွက်စာတမ်းများကို ဝါရှင်တန်မြို့ မြန်မာသံရုံးရဲ့ အီးမေးလ်လိပ်စာ(
ကျောင်းသား၊ ကျောင်းသူနှင့် အုပ်ထိန်းသူတို့ရဲ့ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်မိတ္ထူ၊ ဗီဇာအမျိုးအစားအလိုက် နေထိုင်ခွင့်သက်တမ်းပါရှိသည့် စာမျက်နှာမိတ္ထူ ဒါမှမဟုတ် Work Permit၊ Student Pass ကဲ့သို့ သက်ဆိုင်ရာနိုင်ငံအလိုက် နေထိုင်မှုကာလအတွက် ကတ်အထောက်အထားမိတ္ထူအား ပူးတွဲတင်ပြရမည်ဟု သိရသည်။
ဖြေဆိုခွင့်လျှောက်သူဟာ အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်နေခြင်း သို့မဟုတ် ကျောင်းတက်နေခြင်းများရှိလျင် မည်ကဲ့သို့သော အကြောင်းအရာဖြင့် နိုင်ငံအတွင်းသို့ ရောက်ရှိနေရခြင်းဆိုသည့် အထောက် အထားတွေပါ တင်ပြရမှာဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဖြေဆိုခွင့်လျှောက်ထားသူအားလုံးဟာ ခြောက်လအတွင်း ရိုက်ကူးထားတးရှိသည့် တစ်လမခွဲ၊ နှစ်လက်မအရွယ် ဓာတ်ပုံနှစ်ပုံကိုလည်း တင်ပြရမည်ဖြစ်ကြောင်း သံရုံးက ကြေညာထားသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published - 8 September 2022
ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစတင်ထွက်ရှိချိန် စပါးတင်း (၁၀၀) ကို ကျပ် ၁၃ သိန်းဝန်းကျင်အထိ စျေးကောင်းရရှိနေကြောင်း စပါးကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် မိုးစပါးစတင်ထွက်ရှိချိန်တွင် တင်း (၁၀၀) ကို ငွေကျပ် ၆၅၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ သာစျေးရခဲ့သော်လည်း ယခုနှစ်တွင် ဧည့်မထစပါး အခြောက် တင်း (၁၀၀) ကို ငွေကျပ် ၁၁ သိန်း မှ ၁၃ သိန်း ၀န်းကျင်၊ စပါးအစိုတင်း (၁၀၀) ကို ငွေကျပ် ၉၅၀,၀၀၀ အထိ စျေးရနေကြောင်း သိရသည်။
လက်ရှိထွက်ရှိနေသည့် စပါးမျိုးသည် ဇွန်လတွင်စိုက်ပျိုးသည့် ရက်(၉၀)စပါးဖြစ်ပြီး အထွက်နှုန်းပုံမှန်ရှိကာ သွင်းအားစုစရိတ်တက်လာသည့်အတွက် မနှစ်ကထက် စပါးစျေးပိုကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဆန်စျေးကွက်မှာ စပါးဟောင်းစျေးနှုန်းများ မြင့်တက်နေသည့်အတွက် စပါးသစ်တွေပါ စျေးကောင်းရနေခြင်းဖြစ်ပြီး လာမည့်လများတွင်လည်း မိုးစပါးလှိုင်လှိုင်ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 8 September 2022
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း ROSCOSMOS ၏ အကြီးအကဲဖြစ်သူ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ သိပ္ပံနှင့်နည်းပညာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လေကြောင်းနှင့် အာကသနယ်ပယ် ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံအာကာသနည်းပညာအေဂျင်စီ ROSCOSMOS အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာတဲ့ ဝန်ကြီးများသည် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးမှုများ၊ အစည်းအဝေးတက်ရောက်ခြင်းများကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အလားတူ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)၌ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုသို့ဆွေးနွေးရာတွင် ဘွဲ့လွန်သင်တန်းသားများ စေလွတ်ရေး၊ ဘွဲ့ကြိုကျောင်းသားများ လက်ခံသင်ကြားပေးရေး၊ ဆေးတက္ကသိုလ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ ဆေးရုံများအချင်းချင်းပူးပေါင်း ဆောင်ရွက်ရေး၊ ကူးစက်မြန်ကပ်ရောဂါထိန်းချူပ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ရင်းနှီးစွာဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Health
Published 8 September 2022
ဓာတ်ဆီဒီဇယ်ဆီများ လောင်ကျွမ်းခြင်းကနေ ထွက်လာတဲ့လေထုညစ်ညမ်းမှုက အမျိုးသမီးတွေကို ပိုပြီးဒုက္ခပေးနိုင်ကြောင်း လေ့လာတွေ့ရှိထားပြီး ဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ သေချာမသိကြသေးပါဘူး။
အမျိုးသမီးတွေက လေထုညစ်ညမ်းမှုနဲ့တွေ့တဲ့အခါ အမျိုးသားတွေနဲ့ယှဉ်ရင် ပရိုတိန်းပစ္စည်း ၉၀ ကျော်ထွက်ရှိကာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ရင်ကြပ်ရောဂါ၊ အဆုတ်လမ်းကြောင်းပိတ်ရောဂါများ ဖြစ်နိုင်ချေပိုများပါတယ်။
ဒီပရိုတိန်းတွေက နှလုံးရောဂါ၊ သွေးခဲခြင်းမျိုးအခြေအနေတွေမှာ ပါဝင်တဲ့ပစ္စည်းတွေဖြစ်ပြီး ညစ်ညမ်းတဲ့လေထုကိုရှူမိတဲ့လူတွေအားလုံးမှာ အဆုတ်ကို ထိခိုက်စေပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိတာသိထားကြပေမယ့် အကြောင်းအရင်းကိုတော့ ကျွမ်းကျင်ပညာရှင်များ သေချာမသိကြပါဘူး။
ထိုလေ့လာမှုအတွက် ကျန်းမာရေးကောင်းပြီး ဆေးလိပ်မသောက်တဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ကို လေ့လာခဲ့ကြပါတယ်။
သူတို့ကို အချိန် ၄ နာရီကြာအောင် သန့်စင်တဲ့လေရှူခိုင်းပြီး နောက်ထပ် ၄ နာရီကို ဒီဇယ်အိတ်ဇောငွေ့ပါတဲ့ လေကိုရှူခိုင်းခဲ့ပါတယ်။
လေထုအမှုန်ပါဝင်မှု PM 2.5 ကိုအခြေခံကာ လေထုညစ်ညမ်းမှုအတိုင်းအတာကို ၃ မျိုးခွဲခြားလိုက်ပါတယ်။
၂၄ နာရီအကြာမှာ သူတို့ထံမှ သွေးနမူနာများရယူခဲ့ပါတယ်။
အဲဒီအခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကွဲပြားတဲ့ပရိုတိန်း ၉၀ ကိုတွေ့ရှိခဲ့ပါတယ်။
ဒီလိုမျိုး ပရိုတိန်းတွေများပြားလာခြင်းက နှလုံးပြဿနာများနဲ့ ခုခံအားထိခိုက်မှုများ ဖြစ်လာနိုင်ပါတယ်။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေက လေထုညစ်ညမ်းခြင်းကို တုံပြန်ပုံတွေကို သိဖို့လိုအပ်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းတိုပါ သိရှိဖို့လိုအပ်နေပါတယ်လို့ ဒေါက်တာ'နီးလ်အော်ဖာမူခါဂျီ'က ရှင်းပြပါတယ်။
လေထုညစ်ညမ်းခြင်းက ရင်ကြပ်၊ အဆုတ်ကင်ဆာ၊ နာတာရှည်အဆုတ်ရောင်ရောဂါများ ဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။
မော်တော်ယာဉ်များမှ လောင်စာလောင်ကျွမ်းရာကထွက်လာတဲ့ အခိုးအငွေ့တွေက လေထုညစ်ညမ်းရခြင်း အဓိကတရားခံဖြစ်ပြီး အဓိကလမ်းမကြီးတွေနဲ့ ကားသွားကားလာများတဲ့ လမ်းတွေအနီးနားမှာ နေထိုင်တဲ့သူတွေဟာ အသက်ရှူလမ်းကြောင်းရောဂါများ ပိုဖြစ်နိုင်ကြောင်း သိရှိရပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published _ 8 September 2022
မလေးရှားနိုင်ငံ စလန်းကောပြည်နယ် စမုံညှင်း မြို့နယ်တွင် နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦး စက်တင်ဘာလ ၆ ရက်က ကိုဗစ်ဖြင့် သေဆုံးသွားကြောင်း မလေးရှားနိုင်ငံ ကပုန်း မြန်မာလူမူကူညီရေးအသင်း က သိရသည်။
ယင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ မြို့မ (၂)ရပ်ကွက်မှ အသက် ၄၈ နှစ်အရွယ် ဦးမြတ်ဇော်ဆိုသူဖြစ်ပြီး ကာချမ်းမြို့ဆေးရုံကြီးတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။
အဆိုပါ ဦးမြတ်ဇော်၏ ကြွင်းကျန်ရစ်သောရုပ်ခန္ဓာကိုယ်ကို စက်တင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် မလေးရှားနိုင်ငံ ပူချွန်းမြို့ (၁၄)မိုင် သုဿာန်ကြီး၌သဂြိုလ်မည် ဖြစ်ကြောင်း မိသားစုနှင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသိစေရန် အကြောင်းကြားထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_group
#World_Technology
Published 8 September 2022
စက်တင်ဘာ ၇ ရက်နေ့(ဗုဒ္ဓဟူးနေ့)က Apple ထုတ်ကုန်ပစ္စည်းအသစ်များကို မိတ်ဆက်ခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှုတွေနဲ့ ကုန်ကြမ်းပစ္စည်းကွင်းဆက်ပြဿနာများ ရှိနေပေမယ့် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ ပစ္စည်းမော်ဒယ်လ်တွေနဲ့ ဈေးနှုန်းကွာခြားမှုမရှိလှသလို သင့်တင့်မျှတတဲ့ဈေနှုန်းနဲ့ ပရီမီယမ်ဒီဂျစ်တယ်လက်ပတ်နာရီကိုလည်း ပြသခဲ့ပါတယ်။
ကုမ္ပဏီတည်ရှိရာ ကယ်လီဖိုးနီးယားရုံးချုပ်မှာ မိနစ် ၉၀ ကြာ မိတ်ဆက်ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး SIM ကဒ်မလိုအပ်တဲ့ နည်းပညာအသစ်အကြောင်းကိုလည်း ထည့်သွင်းပြသသွားပါတယ်။
စင်္ကာပူမှ ဝယ်သူများအတွက် iPhone 14 128GB အတွက် စင်္ကာပူဒေါ်လာ ၁,၂၉၉ မှစတင်ကာ ဖုန်းမျက်နှာပြင်ပိုကျယ်တဲ့ iPhone 14 Plus ကတော့ ၁,၄၉၉ ဒေါ်လာမှစပါတယ်။
128GB မှ 1TB အထိရွေးချယ်စရာရှိတဲ့ Pro version ကတော့ ၁,၆၄၉ ဒေါ်လာမှစပြီး Pro Max ကတော့ ၁,၇၉၉ ဒေါ်လာအနည်းဆုံးရှိပါတယ်။
ကြိုတင်မှာယူမှုများကို စင်္ကာပူစံတော်ချိန် သောကြာနေ့ ည ၈ နာရီမှဖွင့်လှစ်မှာဖြစ်ပြီး iPhone 14 နဲ့ Plus version တွေကိုတော့ စက်တင်ဘာ ၁၆ ရက်နေ့နဲ့ အောက်တိုဘာ ၇ ရက်နေ့တို့မှာ အသီးသီးစတင်ရောင်းချမှာဖြစ်ပါတယ်။
Pro version တွေကတော့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ရရှိနိုင်ပြီဖြစ်ပါတယ်။
ပစ္စည်းအသစ်တွေထဲမှာ နားကြပ်အသစ်လည်းပါဝင်ပြီး ဈေးနှုန်းမြင့်မားတဲ့ပစ္စည်းတွေကို သုံးစွဲချင်တဲ့သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
"ကမ္ဘာ့ရောင်းအားအကောင်းဆုံး iPhone 13 ဝယ်လိုအားများကြောင့် Apple က ၂၀၂၂ ပထမနှစ်ဝက်မှာ ဆက်လက်အောင်မြင်ခဲ့ပါတယ်" လို သုံးသပ်သူ'လဲ့ဆန်ချူ'က ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ကိုဗစ်တင်းကြပ်စည်းမျဉ်းများကြောင့် အိန္ဒိယကနေ ကုန်ကြမ်းပစ္စည်းထောက်ပံ့ရယူခဲ့တဲ့ အကျိုးကျေးဇူးအနေနဲ့ iPhone ဈေးနှုန်းတွေ မတက်ဘဲရောင်းချနေနိုင်တာဖြစ်ပါတယ်။
ဒီမိတ်ဆက်ပွဲက Apple ရဲ့ပို့ဆောင်ထုတ်လုပ်မှု အားသာချက်ကို ဖော်ပြရာရောက်တယ်လို့ 'ဒန်အိုင်ဗက်စ်'က သုံးသပ်ခဲ့ပါတယ်။
iPhone 14 မှာ ဘတ်ထရီအား ပိုမိုကြာရှည်ခံကာ ကင်မရာစနစ်က အလွန်မြင်ကွင်းကျယ်ပြန့်ပြီး အလင်းချိန်ညှိလို့ရတဲ့ စနစ်တွေ ပါဝင်ပါတယ်။
ဝိုင်ဖိုင်မရနိုင်တဲ့နေရာတွေမှာ အရေးပေါ် SOS မက်ဆေ့ချ်ဖြင့် အရေးပေါ်ဝန်ဆောင်မှုထံ ပို့ဆောင်နိုင်အောင် ပြုလုပ်ထားပါတယ်။
iPhone 14 Plus မှာ ဂိမ်းဆော့တဲ့အခါပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်တာပဲဖြစ်ဖြစ် ကြည့်ရှုရတာအားရစေတဲ့ ၆.၇ လက်မမျက်နှာပြင်ပါဝင်တာကြောင့် ပိုမိုအဆင်ပြေစေမှာပါ။
အဆင့်မြင့်လုပ်ဆောင်ချက်များပါဝင်တဲ့ ဒီဂျစ်တယ်လက်ပတ်နာရီအသစ်ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။
Apple Watch Series 8 က ခန္ဓာကိုယ်အပူချိန်နဲ့ အခြားလုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ပြီး စင်္ကာပူဒေါ်လာ ၅၉၉ က စတင်ရောင်းချမှာဖြစ်ပါတယ်။
အပြေးသမားများအတွက် Apple Watch Ultra က ဘတ်ထရီသက်တမ်းပိုမိုတာရှည်ခံပါတယ်။
Source: CNA
#Yangon_Media_Group
#Local_News
Published - 8 September 2022
ပဲခူးတိုင်း၊ အုတ်တွင်းမြို့တွင် ကိုဗစ်ပိုးတွေ့ခဲ့သည့် ကျောင်းသူလေးနှင့်ထိစပ်ခဲ့သည့် ကျောင်းဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ပိုးစစ်ဆေးရာ ဆရာမ(၃)ဦး ကျောင်းသား(၁)ဦး၊ကျောင်းသူ(၁)ဦး စုစုပေါင်း(၅)ဦး၌ ကိုဗစ်ပိုးထပ်မံတွေ့ရှိရကြောင်း သိရသည်၊၊
အထက(အုတ်တွင်း)နှင့် အထက(ဗောဓိကုန်း ကျောင်း)ရှိ ဆရာ/ဆရာမ ကျောင်းသား/သူ (၅၂၆)ဦးအား ကိုဗစ်ပိုးစစ်ဆေးရာအထက(ဗောဓိကုန်းကျောင်း)မှ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅)ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိရခြင်းဖြစ်သည်၊၊
"အုတ်တွင်းမြို့ကြက်သွန်ခင်း(၂)ရပ်ကွက်က ကျောင်းသူတစ်ဦး ကစားနေရင်း မူးလဲသတိလစ်သွားလို့ ဦးဇင်းတို့ပရဟိတအသင်းကဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်၊၊ ကွယ်လွန်သွားတဲ့ အဲဒီ့ကျောင်းသူလေးကို ကိုဗစ်ပိုးစစ်ဆေးရာ COVID (positive) တွေ့ရှိခဲ့ပါတယ်၊၊ စက်တင်ဘာလ (၆)ရက်ကျောင်းသူနဲ့ ထိစပ်တဲ့မိသားစုဝင်များ Contact (10)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးက RDT နဲ့ကိုဗစ်စစ်ဆေးတာ All Negative ထွက်တယ်၊၊ စက်တင်ဘာလ(၇) ရက်မှာအထက(အုတ်တွင်း)နှင့် အထက(ဗောဓိကုန်း ကျောင်း)က ဆရာ/ဆရာမ ကျောင်းသား/သူ (၅၂၆)ဦးကိုစစ်ဆေးတော့ အထက(ဗောဓိကုန်း ကျောင်း)ကဆရာမ(၃) ဦး ကျောင်းသား(၁)ဦး/ကျောင်းသူ (၁)ဦး စုစုပေါင်း(၅)ဦး ကိုဗစ်ပိုးထပ်တွေ့ရပါတယ်၊၊ လာရောက်စစ်ဆေးပေးတဲ့ အုပ်ချုပ်ရေးကသူတွေ မြို့နယ်ဆရာဝန်ကြီးတွေနဲ့တိုင်းကျန်းမာရေး အဖွဲ့တွေကိုကျေးဇူးတင်ပါတယ်၊၊ ဒါမှလည်း ဦးဇင်းတိုက တိတိကျကျသိရမှာပါ"လို့ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းနာယက ဆရာတော်ဦးတေဇသီရိက YMG ကို ပြောသည်၊၊
၄င်းပိုးတွေ့သူ(၅)ဦးမှာ ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်/၃(ကြိမ်)(၄)ကြိမ်ထိထိုးနှံထားသည့်အတွက် ကိုဗစ် ဆိုင်ရာရောဂါလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခံစားရခြင်းမရှိသဖြင့် ကျန်းမာရေးညွှန်ကြားချက်အရ Home Quaratine ထားရှိထားပြီဖြစ်ကြောင်း အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်၊၊
ကိုဗစ်ပိုးတွေ့လူနာများကို ပို့ဆောင်ပေးခဲ့သော ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းကပရဟိတသမားများကို ကိုဗစ်ပိုးစစ်ရန်လိုအပ်ပါက စစ်ဆေးမှုခံယူသွားမည်ဖြစ်ကြောင်း ပရဟိတအသင်းသားတိုင်းကိုဗစ်ကာကွယ်ဆေးထိုးထားသလို အကာအကွယ်များဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ဦးတေဇသီရိထံမှ သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 September 2022
Visa/Master Card ဖြင့် ပေးဆောင်ရွက်မှုများကို ပိတ်ထားခြင်းမရှိသကဲ့သို့ လက်ရှိ Visa/Master Card များဖြင့် ပေးချေသုံးစွဲနေသောသူများလည်းရှိကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က MOI ရဲ့မေးမြန်းမှုကို ဖြေကြားထားပါတယ်။
ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် ဈေးသတ် မှတ်ပြီးနောက်ပိုင်း ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့မှာ နိုင်ငံခြားငွေ ထည့်သွင်း အသုံးပြုရသည့် Visa/Master Card မှလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကတ်အသစ်လျှောက်ထားမှုကို ယာယီပိတ်ထားခြင်းရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဗဟိုဘဏ်သည် မြန်မာနိုင်ငံသားများ ပြည်ပသို့သွားရောက်သည့် အခါ Retail ငွေပေးချေမှုအဆင်ပြေစေရန်နှင့် ငွေကြေးသယ်ဆောင်ခြင်း အခက်အခဲလျော့နည်းစေရန်၊ International Card ထုတ်ဝေခွင့်ကို ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဘဏ်များအနေဖြင့် Visa/Master Card စသည်များဖြင့် ကတ်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ၏ လူမှုဘဝတွင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ Personal Expense ကိစ္စရပ်များအတွက် ကတ်ပေးချေမှုမှတစ်ဆင့် အဆင်ပြေစွာပေးချေနိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဘဏ်များအနေဖြင့် ကတ်အသစ်လျှောက်ထားခြင်းကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ Master/ Visa ကုမ္ပဏီတိုဖြင့်လည်း အဆင်ပြေချောမွေ့စွာလုပ်ငန်း ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဗဟိုဘဏ်က ဆိုပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 8 September 2022
ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံတကာညီလာခံ-ယဉ်ကျေးမှုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု တားဆီးရေး-အာဆီယံရှုထောင့် နိုင်ငံတကာညီလာခံကို စက်တင်ဘာ ၇ နေ့ကျင်းပရာ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
အဆိုပါ ညီလာခံကို ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာနမှ ကြီးမှူး၍ကျင်းပတာဖြစ်ပြီး အစည်းအဝေးတွင်ယဉ်ကျေးမှုအမွေအနှစ်ပိုင်ဆိုင်မှု ကာကွယ်မြှင့်တင်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို မျှဝေကြပြီး ယဉ်ကျေးမှု အမွေအနှစ်များ တရားမဝင်ရောင်း ဝယ်ဖောက်ကားမှု လျော့ပါးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြပါတယ်။
အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများက ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူး နယ်ပယ်များကို ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးဦးကိုကိုက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝပြီး ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်၍ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ်မှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားရန်၊ ခိုးယူခြင်း သို့မဟုတ် တရားမဝင်တင်ပို့သော ယဉ်ကျေးမှုဆိုင်ရာ အရာဝတ္ထုများနှင့် ပတ်သက်သည့် UNIDROIT ကွန်ဗင်းရှင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် ယူနက်စကို အဆင့်တွင်သာမက အာဆီယံအဆင့်တွင်လည်း ပိုမိုပူးပေါင်းပါဝင် လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1317 of 1692