#Local_News
Published_10 June 2023

ရှေ့တန်းရောက် တပ်မတော်သားများလည်း အသံထုတ်လွှင့်မှု အစီအစဉ်များကို ဖမ်းယူရရှိနိုင်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၉ ရက်တွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားလိုက်သည်။

 

နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေသည့် သတင်းများ၊ ထူးခြား ဖြစ်စဉ် သတင်းများနှင့် အများပြည်သူ သိသင့်သိထိုက်သည့် ပြည်တွင်း၊ ပြည်ပသတင်းများကို မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တပြေးညီ စဉ်ဆက်မပြတ် ထုတ်လွှင့်နေရန်၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် ရေဒီယိုအသံလွှင့်ခြင်းများဆောင်ရွက်ရာတွင် အများ ပြည်သူ စိတ်ဝင်စားမှုဖြစ်စေမည့် အစီအစဉ်များနှင့် အသိပညာပေးအစီအစဉ်များကို လည်း ထုတ်လွှင့်ရန်၊ ရုပ်သံထုတ်လွှင့်မှုများကို နိုင်ငံအနှံနေရာအားလုံး၌ ဖမ်းယူ ကြည့်ရှုနိုင်ရန်၊ ဒေသအလိုက်တပ်ရင်း၊ တပ်ဖွဲ့များ၊ ဒေသခံပြည်သူများ သာမက ရှေ့တန်းရောက် တပ်မတော်သားများ အနေဖြင့်လည်း အသံထုတ်လွှင့်မှု အစီအစဉ်များကို ဖမ်းယူရရှိနိုင်ရန်၊လိုအပ်သည့် သတင်းအချက်အလက် အမှန်များနှင့် သုတရသဖြစ်ဖွယ်၊ စိတ်ချမ်းမြေ့ဖွယ် အစီအစဉ်များကို ဖမ်းယူနားဆင် နိုင်ရန်တို့ကို ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍လည်း မှန်မှန်ကန်ကန် သိရှိထားရန်နှင့် မြန်မာနိုင်ငံအကြောင်းကို ဘက်စုံထောင့်စုံမှ အသေးစိတ်သိရှိပြီး ယုံကြည် ချက်၊ ခံယူချက် လေးနက်စွာ ခံယူမှုရှိရမည်၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး စဉ်ဆက် မပြတ် လေ့လာဆည်းပူးလို စိတ် ရှိရန် ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်များကို နှံ့စပ် စွာ သိရှိနားလည်ရန် လိုကြောင်းလည်း တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တာဝန်ထမ်းဆောင်နေသူများအား ပြောကြားခဲ့ကြောင်း သိရသည်။

 

လုပ်ငန်းများဆောင်ရွက်ရာတွင်ဘဝရပ်တည်မှုအတွက် ဆောင်ရွက်နေခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ပြီး စိတ်သန့်သန့်ဖြင့် ဆောင်ရွက်မှသာ မိမိကိုယ်ကိုယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ မီဒီယာ လုပ်ငန်းများဆောင်ရွက်နေသူများဖြစ်သဖြင့် စည်းလုံးမှုပိုမိုရရှိရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။

 

လုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များပြည့်ဝစေရေးအတွက် လူသားအရင်းအမြစ်များ ပြည့်စုံစေရေးအတွက် အရင်းအမြစ်အသစ်များကို စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးခြင်းနှင့် ရှိပြီးသား လူသားအရင်းအမြစ်များကို ပိုမို၍ ကျွမ်းကျင်သူများဖြစ်လာအောင် ဆောင်ရွက်ခြင်းဆိုသည့် နှစ်ပိုင်းလုံးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ဆိုသည်။

 

တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)ကို ၁၉၉၀ ပြည့်နှစ်၊ ဧပြီ လ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် Analog Playout စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ မတ်လ ၂၇ ရက် ရွှေရတုတပ်မတော်နေ့တွင် မြဝတီရုပ်မြင်သံကြားကို တပ်မတော်ရုပ်မြင်သံကြား ထုတ် လွှင့်ရေးတပ်အဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် Digital Playout စနစ်ဖြင့် စမ်းသပ်ထုတ်လွှင့်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Digital ရုပ်သံလိုင်း ၇ လိုင်းကို ထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အင်္ဂလိပ်ပိုင်း သတင်းနှင့် အစီအစဉ်များ ကို ထပ်မံတိုးချဲ့ ထုတ်လွှင့်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် မတ် ၂၇ ရက်မှစ၍ ရုပ်သံလိုင်း များအား HD စနစ်ဖြင့် ထုတ်လွှင့်နိုင်ခဲ့ကြောင်းသိရသည်။

 

#ymg/BM #Local_News #အသံထုတ်လွှင့်မှုအစီအစဉ်
#YMG #Yangon_Media_Group