#Local_News
Published_10 June 2023

ခေါင်းဆောင်မှုတာဝန်ဟူသည် အထက်နှင့် အောက်ကိုချိတ်ဆက်ပေး၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၉ ရက်တွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

 

အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများအဖြစ် သင်တန်းတက်ရောက်နေကြသူများသည် တက္ကသိုလ်များ၌ ဘွဲ့များရရှိခဲ့ပြီးကြသူများ ဖြစ်ကြသဖြင့် တက္ကသိုလ်ပတ်ဝန်းကျင် လူမှုအတွေ့အကြုံရှိပြီး လူမှုဆက်ဆံရေး အတွေ့အကြုံများစွာ ရှိထားပြီးသူများဖြစ်ကာ အသက်အရွယ်အားဖြင့်လည်း မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့်အရွယ်များသို့ ရောက်ရှိပြီးဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်လာသူများ ဖြစ်သဖြင့် ခံယူချက်များအခြေခံအားဖြင့် ကောင်းမွန်ပြီးဖြစ်၍သင်တန်းတက် ရောက်စဉ် လေ့ကျင့်ရေးကာလအတွင်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုရှိစေရေး စနစ်တကျလေ့ကျင့်သွားရန်လိုကြောင်း ယင်းကဆိုသည်။

 

အခြေခံအားဖြင့် ကောင်းမွန်ပြီးဖြစ်သည့် စိတ်ဓာတ်များကို ပိုမိုကောင်းမွန်ခိုင်မာ စေရေး လေ့ကျင့်တည်ဆောက်ကြရန်လိုပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်မှု ရှိအောင်စနစ်တကျဖြင့် လေ့ကျင့်ဆောင်ရွက်သွားရန်၊ သက်လုံကောင်းစေရန်နှင့် ကြံ့ခိုင်မှုရှိစေရန် နေ့စဉ်လေ့ကျင့်ဆောင်ရွက်ရန်၊ သင်တန်းကာလအတွင်း သင်ကြားလေ့ကျင့်ပေးသည့် လေ့ကျင့်ရေးဆိုင်ရာများကို ကြံ့ခိုင်သည့် စိတ်ဓာတ်များဖြင့် လိုက်ပါဆောင်ရွက်ရန်၊ စိတ်ဓာတ်ကောင်းမွန်မှသာ လေ့ကျင့်ရေးများ အောင်မြင်မည်ဖြစ်ကြောင်းနှင့် စစ်အတတ်ပညာများကို သင်ကြားပေး ခြင်းသည် တိုက်ပွဲဝင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ကြောင်းလည်း ယင်းက ပြောသည်။

 

ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို သိရှိနားလည်ထားရန်၊ ခေါင်းဆောင်များသည် အကျင့်စာရိတ္တကောင်းရမည်၊ သမာသမတ်ရှိရမည်၊ လက်အောက်အပေါ် စိတ်ကောင်းစေတနာ ကောင်းရှိရမည်ဖြစ်ပြီး ကိုယ်ချင်းစာစိတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာမှုအပိုင်းတွင် သဘောကောင်းခြင်းနှင့် စေတနာကောင်းခြင်း ဟူ၍ရှိရာ ရေတိုအလုပ်ဖြစ်စေရေးကြည့်၍ သဘောကောင်းသည့် ပုံစံမဟုတ်ဘဲ ရေရှည်အကျိုးကိုကြည့်၍ စေတနာထားဆောင်ရွက်ရန်လိုကြောင်းလည်း နစက ဥက္ကဌက ပြောကြားခဲ့သည်။

 

မိမိအထက်အရာရှိများ၏ တာဝန်ထမ်းဆောင်မှုနှင့် မိမိလက်အောက်မှ အရာရှိ၊ စစ်သည်များ၏ တာဝန်ထမ်းဆောင်မှုများ၊ အခက်အခဲများကို ကိုယ်ချင်းစာစိတ်နှင့် နားလည်မှုရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုတာဝန်ဟူသည် အထက်နှင့် အောက်ကိုချိတ်ဆက်ပေးရမည်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့်စိတ်ဖြင့်သာ ခေါင်း ဆောင်မှု တာဝန်များကို ထမ်းဆောင်ကြရန်၊ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး နောက်လိုက်ကောင်းများ ဖြစ်ရန် ၊ ညီညွတ်မျှတသည့် ကွပ်ကဲအုပ်ချုပ်မှုဖြင့် ခေါင်းဆောင်မှုကောင်းကို ပြသရန်၊စစ်ဘက် ခေါင်းဆောင်မှု ပညာရပ်များကို သင်တန်းကျောင်းမှ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် ခေါင်းဆောင်အဖြစ် တာဝန်ယူချိန်တွင် ကိုယ်တိုင်အရည် အချင်းရှိရန်နှင့် ခေါင်းဆောင်ကောင်းဖြစ်အောင် တာဝန်ထမ်းဆောင် နိုင်ရန် ၊ ခေါင်းဆောင်မှုများ လွဲမှားမှုမရှိစေရေး မိမိတို့အတွေ့အကြုံနှင့်ယှဉ်၍ သင်ကြားပေးလိုက်သည့် စစ်ဘက်ခေါင်းဆောင်မှုပညာရပ်များကို ထိရောက်စွာ အသုံး ချ နိုင်ရန်တို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

 

ယုံကြည်ချက် ခံယူချက်နှင့်ပတ်သက်၍ အခက်အခဲ၊ အကြပ်အတည်းများကြားမှ တပ်မတော်သို့ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်သားကောင်း တစ်ဦးဖြစ်စေရေး လေ့ကျင့်ရေးကျောင်းများမှ လေ့ကျင့်သင်ကြားပေးလိုက်ပြီးဖြစ် ကြောင်း၊ တာဝန်ထမ်းဆောင်ချိန်တွင် အခက်အခဲများကြုံတွေ့ရချိန်၌ တပ်မတော်သား ကောင်းတစ်ဦးအဖြစ်ခံယူသည့် ယုံကြည်ချက်ခံယူချက်များ ခိုင်မြဲနေရန်၊တပ်မတော်သားကောင်းများဖြစ်သည်နှင့်အညီ စစ်သားစိတ်အပြည့်ဖြင့် နေထိုင်ကျင့်ကြံကြရန်လိုကြောင်းနှင့် တပ်မတော်မှ နိုင်ငံ့တာဝန်ထမ်းဆောင်မှုအပေါ် တပ်မတော် သား စိတ်ဓာတ်ဖြင့် နားလည်သဘောပေါက်ရန်လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

 

မျှော်မှန်းချက် ရည်မှန်းချက်များဖြင့် အမျိးသမီးစစ်မှုထမ်းဘဝကို ဝင်ရောက်ခဲ့ကြ သူများဖြစ်သဖြင့် မိမိအနေဖြင့်အသိအမှတ်ပြုကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများနှင့် ရဲမေများသည်နိုင်ငံတော်နှင့် တပ်မတော်အတွက်အားထားရသူများဖြစ်ကြောင်းလည်း နစက ဥက္ကဌက ဆိုသည်။

 

#ymg/BM #Local_News #တာဝန်ခံမှုရှိရမည်ဟုနစကဥက္ကဌပြော
#YMG #Yangon_Media_Group