#Local_News
Published_24 November 2022
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)မှ ရန်ကုန်-ဖနွမ်းပင် တိုက်ရိုက်လေကြောင်းလိုင်းကို နိုဝင်ဘာလ ၂၃ ရက်တွင် ပျံသန်းမှုစတင်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံကနေ ဒေသတွင်းခရီးစဉ်တွေနှင့်ချိတ်ဆက်ပြီး မြန်မာနိုင်ငံကို အဓိကဦးတည် နေရာတစ်ခုအဖြစ် မြှင့်တင်ရန်အတွက် MAI လေကြောင်းလိုင်းမှ ပျံသန်းခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI) က မြန်မာ-ဖူးခက် တိုက်ရိုက်လေကြောင်း ခရီးစဉ်ကိုလည်း အောက်တိုဘာလတွင် တစ်ပတ်နှစ်ရက်နှုန်းဖြင့် တိုးချဲ့ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
မြန်မာလေကြောင်းလိုင်း(MAI) အနေဖြင့် ရန်ကုန် နှင့် ရုရှားနိုင်ငံ မော်စကိုမြို့တို့ကြား ကုန်စည်လေကြောင်းလိုင်းနှင့် ခရီးသည်တင်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ကိုဗစ်ကာလအလွန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဧပြီ (၁၇)ရက်မှ စတင်ပြီး တစ်ရက်လျှင်ပျမ်းမျှ လေကြောင်းလိုင်း ၉ လိုင်း၊ လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက်ပျံသန်းလျက်ရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_24 November 2022
ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့၊ သန်လျင် သဘာဝတရားရိပ်သာ၏ ယာဉ်များကို လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၍ သံဃာတော်တစ်ပါးပျံလွန်ကာ ၃ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
သံဃာတော် ၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၃ ပါး၊ ဒါယကာဒါယိကာမ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ လိုက်ပါလာသည့် မော်တော်ယာဉ်အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ်နှင့် အခြားမော်တော်ယာဉ် စုစုပေါင်း၂ စီးကို နိုဝင်ဘာလ ၂၂ ရက် ည ၉ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ လမ်းဆုံအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ယာဉ် ၂ စီးသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် ၁ စီးမှာ လမ်းဘေးသို့ ထိုးကျခဲ့ ပြီး ကျန် ၁ စီးမှာ ရပ်တန့်သွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သက်တော် ၂၅ နှစ်အရွယ် သံဃာတော် ဘဒ္ဒန္တဇနက၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့ကာဒါယကာဒါယိကာမများဖြစ်သော ဒေါ်အေးသီတာလွင် ၊ ဦးနန်းဦး နှင့် ဦးသက်အောင်ဇော် တို့တွင် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။
ယင်းနောက် အဆိုပါ ပစ်ခတ်သည့် လက်နက်ကိုင်အဖွဲ့က ၎င်းတို့အားလုံးအား မော်တော်ယာဉ်ဖြင့် ကဒဲကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး လွန်တော်မူခဲ့သည့် သံဃာတော်အား နိုဝင်ဘာလ ၂၃ ရက်က ကဒဲကျေးရွာသင်္ချိုင်း၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကာ ဖမ်းဆီးခံခဲ့ရသူများအား မွန်းလွဲပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 24 November 2022
ယခု နိုဝင်ဘာလအတွင်း အခြေခံစားသောက်ကုန် အမျိုးအစားများထဲတွင် ပါဝင်သည့် အာလူးနှင့် ငရုတ်သီးစျေးနှုန်းများ မြင့်တက်နေလျှက်ရှိကြောင်း အရောင်းအဝယ်ပြုလုပ်နေသည့် ကုန်စည်ဒိုင်များထံမှသိရသည်။
"အာလူးနဲ့ ငရုတ်သီးစျေးတွေက အရင်နဲ့စာရင် မြင့်နေတာက ဟုတ်ပါတယ်။ စျေးကွက်ထဲမှာတော့ အာလူးကအစားစားရှိတာပေါ့နော် ဗမာသီးတွေကတော့ ပုံမှန်စျေးပါပဲ အခြားအမျိုးအစားတွေနဲ့ အလုံးကြီးတွေက ပိုပြီးတော့ စျေးတက်နေတာပေါ့။ ပြီးတော့ ငရုတ်သီးကတော့ နဂိုထဲကစျေးကောင်းတယ်။ သူက အခုဆိုရင် ၁သောင်း၈ထောင်ကနေစပြီး အစားစား ၂သောင်းကျော်လောက်ထိ ရှိပါတယ်။" ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ စိန်ရွှေကျော်ပွဲရုံမှ YMG ကို ပြောခဲ့သည်။
နိုဝင်ဘာလ ၁ ရက်တွင် အာလူး တစ်ပိဿာလျှင် ကျပ် ၁၄၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ ငရုတ် တစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၀၅၀၀ ရှိခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်တွင် အာလူး တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ၂၁၅၀ နှင့် ငရုတ်သီးတစ်ပိဿာလျှင် ကျပ် ၂၁၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်းပင်ဖြစ်သည်။

#ymg/NN
#Yangon _media _group
#Local_News
Published_24 November 2022
တရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံ ပါမစ်ခွင့်ပြုချက်ဖြင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပြောင်းတန်ချိန် ၅၀၀၀ ကျော် တင်ပို့ခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ပြောင်းတင်ပို့မှုကို နိုဝင်ဘာလ ၂ ရက်မှ မှစတင်တင်ပို့ခဲ့ပြီး ၂၀ ရက်အထိ ပြောင်းတန်ချိန် ၅၇၃၉ တန်တင်ပို့ခဲ့ကြောင်း ပြောင်း၊ နှံစား ပြောင်း တို့အပြင် ဆန်ကွဲ၊ ရော်ဘာတို့ကို ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဝဥအစို၊ ဝဥအခြောက်၊ ရော်ဘာကြမ်း၊ Rubber M.S.R-20၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ စပျစ်သီး၊ တည်သီးအစို၊ တည်သီးအခြောက်၊ သလဲသီးတို့ကိုလည်း တင်ပို့လျက်ရှိကြောင်း၊ မကြာမီကာလတွင် ကြံရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ကုန်သွယ်မှု ပမာဏတိုးတက်လာမည်ဟုကုန်သည်များမှ ခန့်မှန်းထားသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ခုနှစ်လကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၆၀ သန်းကုန်သွယ်မှုပြုလုပ်ထားပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၄ သန်းကျော်လျော့ကျခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 24 November 2022
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦး အက်ဆစ်ဖြင့် ပက်ခံရမှု ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသနေလူမှုကူညီရေးအသင်းတစ်ခု ထံမှသိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း ၇၈ လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမည်မသိ အမျိုးသား ၂ ဦးက အက်ဆစ်ဖြင့် လောင်းသွားခြင်းဖြစ်သည်ဟု ရွှေချည်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက YMG ကိုပြောသည်။
"ယောင်္ကျားလေး ၂ ယောက်စီးတဲ့ ဆိုင်ကယ်တစ်စီးကခေါင်းကနေ အက်ဆစ်နဲ့ လောင်းသွားတာပါ၊ ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး၊ ညတွင်းချင်းပဲဆေးရုံကြီးကိုပို့ပေးခဲ့ပါတယ်။ ကျွန်တော်တို့ရောက်တော့ သူကပက်ခံရပြီးနေတော့ ရေနဲ့လောင်း၊ သေချာလုပ်ပေးပြီး ပို့ပေးခဲ့ပါတယ်"ဟု ရွှေချည်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါ အမျိုးသမီးသည် ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်ဟု လည်း သိရှိရသည်။
#ymg/NN
#Yangon_Media _Group
#Local_News
Published_24 November 2022
တရားမဝင်ကုန်သွယ်မှုများကြီးထွားနေသည့် အကြောင်းများအနက် ဝန်ထမ်းအချို့ငွေကြေးရယူခွင့်ပြုမှုများလည်း ပါဝင်ကြောင်း နိုဝင်ဘာလ ၂၃ ရက်က ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောသည်။
ယင်းအပြင် သိုဝှက်ရှောင်ကွင်း သယ်ဆောင်မှုများကြောင့် လွတ်သွားခြင်းများလည်း ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လည်း တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။
နစက အနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းပြီးသည့် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ (၃၀၉၅)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၄၅ ဒသမ ၆) ဘီလီယံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ယခင်နှစ်ကာလတူ တွင် အမှုတွဲ(၁၅၅၈)မှုနှင့် ခန့်မှန်းတန်ဖိုးသည် ကျပ်(၆ ဒသမ ၆၂၆) ဘီလီယံ ရှိခဲ့သောကြောင့် အမှုတွဲ(၁၅၃၇)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၃၈ ဒသမ ၉၇၄) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း အဆိုပါ ကော်မတီ၏ စာရင်းများတွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသော အမှုများမှာ ပြီးခဲ့သည့် ဩဂုတ်လနှင့် အောက်တိုဘာလအတွင်းက မန္တလေးတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ခဲ့ပြီး စက်တင်ဘာလအတွင်းက ကရင်ပြည်နယ်က ဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်းလည်း သိရသည်။
တရားမဝင်ကုန်သွယ်မှုကို လုံးဝပပျောက်အောင် ဆောင်ရွက်ရန် ယခုအချိန်ကာလအထိ မဖြစ်နိုင်သေးသော်လည်း ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကာကွယ်တားဆီးဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရန်နှင့် တာဝန်ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက်များပေးပို့သော ပြည်သူများကိုလည်း ထိုက်သင့်သည့် အသိအမှတ်ပြုမှု၊ ချီးမြှင့်မှုအနေဖြင့် ဆုကြေးငွေခွဲဝေပေးခြင်းကိုလည်း သတ်မှတ်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်းလည်း နစက ဒုတိယဥက္ကဋ္ဌ က အဆိုပါ အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။
#ymg/mt
#Yangon_Media_Group
#Ukraine_Crisis
Published 24 November 2022
ရုရှားတို့က ယူကရိန်းတို့ရဲ့ ဓာတ်အားပေးစနစ်များကို ဒုံးကျည်များဖြင့် ဗုဒ္ဓဟူးနေ့က ထပ်မံပစ်ခတ်ခဲ့ရာ ယူကရိန်းမြို့များမှ လျှပ်စစ်ဓာတ်အား၊ ရေ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များ ပျက်စီးထိခိုက်ခဲ့ရပြီး လူသန်းပေါင်းများစွာအတွက် ဆောင်းတွင်းအကြပ်အတည်းများ ပိုမိုကြုံတွေ့လာရစေပါတယ်။
ဓာတ်အားပေးစက်ရုံများကို ဝေဟင်မှတိုက်ခိုက်ခဲ့ရာ နျူကလီးယားဓာတ်အားပေးစက်ရုံများ ထိခိုက်သွားပြီး အင်တာနက်ချိတ်ဆက်မှုပြတ်တောက်ကာ အိမ်နီးချင်းမော်လ်ဒိုဗာနိုင်ငံသို့ပါ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒေသအများအပြားမှာ တိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဓာတ်အားပြတ်တောက်မှုတွေ တောက်လျှောက်ဖြစ်ပေါ်လာပါတယ်။
လဗိဗ်မြို့မှာ ဓာတ်အားရော ရေအားပါပြတ်တောက်သွားကာ လျှပ်စစ်ဓာတ်အားသုံးရထားများနဲ့ ဘတ်စ်ကားများ မပြေးဆွဲနိုင်တော့ကြောင်း မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။
မြို့တော်ကိဗ်တစ်မြို့လုံး ရေမရရှိတော့သလို ယူကရိန်းဒုတိယအကြီးဆုံးမြို့ခါကိဗ်မှာလည်း ဓာတ်အားပြတ်တောက်ကာ အများပြည်သူပို့ဆောင်သွားလာရေးစနစ်များ ရပ်ဆိုင်းသွားပါပြီ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတောင်းဆိုပေးရန် သမ္မတ'ဇယ်လန်စကီ'က ကုလဆိုင်ရာယူကရိန်းသံအမတ်ကို ညွှန်ကြားထားပါတယ်။
တိုင်းပြည်ရဲ့စွမ်းအင်ဓာတ်အားအပေါ် အကြမ်းဖက်နေခြင်းကို မည်သည့်ပုံစံဖြင့်မဆို ဆုံးဖြတ်ချက်ချမှတ်သွားမယ်လို့ သမ္မတကပြောကြားလိုက်ပါတယ်။
ယူကရိန်းရဲ့ အခြေခံအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးရန် ကျွမ်းကျင်သူများစေလွှတ်ဖို့ ကုလသမဂ္ဂကို ဖိတ်ခေါ်လိုက်ပါတယ်။
ကိဗ်မြို့တော်အတွင်း တိုက်ခိုက်ခံရမှုကြောင့် လူ ၃ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့ပြီး မြို့အစွန်ပိုင်းမှာတော့ နောက်ထပ် ၄ ဦးသေဆုံးကာ ၃၅ ဦးဒဏ်ရာရခဲ့ပါတယ်။
ယူကရိန်းဓာတ်အားပေးလိုင်းတွေကို ရုရှားတို့က အလျင်အမြန်တိုက်ခိုက်လာကြရာ ပြုပြင်ဖို့လိုက်မမီဘဲဖြစ်နေပါတယ်။
ဆောင်းတွင်းကာလအတွင်း အပူပေးစနစ်မရရှိခြင်းနဲ့ အလင်းမီးမရရှိခြင်းဖြင့် ပြည်သူတွေအနေနဲ့ စစ်ပွဲအလိုမရှိလာအောင် အမြင်ပြောင်းလဲလာစေဖို့ ရုရှားသမ္မတ'ပူတင်'က မျှော်လင့်နေတာဖြစ်ဟန်တူပြီး ဒီလိုအခြေအနေတွေကပဲ ယူကရိန်းတို့ရဲ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မြဲစေမှာဖြစ်ကြောင်း ယူကရိန်းအရာရှိများက ယုံကြည်နေကြပါတယ်။
ယူကရိန်းထံ လက်နက်များရောက်ရှိနေခြင်းနဲ့ ရုရှားကိုအနိုင်ယူရန် ယူကရိန်းတို့ မဆင်မခြင်အယူခံဝင်ခြင်းတို့ကို တုန့်ပြန်ရန်အတွက် အခုလို အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ရတာဖြစ်ကြောင်း ကုလဆိုင်ရာ ရုရှားသံအမတ်'ဗက်ဆီလီနီဘန်ဇီယာ'က လုံခြုံရေးကောင်စီကို ပြောကြားလိုက်ပါတယ်။
လူဦးရေ ၃ သန်းနေထိုင်ရာ မြို့တော်ကိဗ်မှာ ကြာသပတေးနေ့ နံနက်ပိုင်းကစပြီး လူနေအဆောက်အအုံများမှာသာ သုံးစွဲရေနဲ့ အပူပေးစနစ်များ ပြန်လည်ရရှိနေကြောင်း အစိုးရအုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
ကုလဆိုင်ရာ အမေရိကန်သံအမတ်'လင်ဒါသောမတ်စ်ဂရင်းဖီးလ်'က ပူတင်ဟာ ဆောင်းတွင်းကို လက်နက်သဖွယ်အသုံးချပြီး ယူကရိန်းပြည်သူတွေ ဒုက္ခခံစားရကာ အညံ့ခံလာဖို့ စီစဉ်နေတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
တိုက်ခိုက်မှုများကြောင့် ယာယီဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ကာ ပြုပြင်ရေးအဖွဲ့များက လုပ်ဆောင်နေပေမယ့် ပျက်စီးမှုကကြီးမားတာကြောင့် အချိန်ယူရမှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားပါတယ်။
Source: AP News
#Yangon_Media_Group
#Local_News
Published_ 23 November 2022
ဓနုဖြူရှိပြည်လုံးချမ်းသာစေတီတော်ကြီးအတွက် ရတနာကိုးသွယ် ကျောက်မျက်ရတနာများ အမည်မသိအလှူရှင်မှထူးဆန်းစွာလာရောက်လှူဒါန်းသွားသည်ဟု ဂေါပကအဖွဲ့ဝင်ဦးအောင်မျိုးက YMG ကိုပြောသည်၊၊
နိုဝင်ဘာ(၂၂)ရက်နေ့လယ်၂ နာရီခန့်တွင် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးဂေါပကရုံးအတွင်း ရတနာမျိုးစုံပါဝင်သော ပလပ်စတစ်ဗူးကိုအလှူရှင်မည်သူလာရောက်လှူဒါန်းသွားမှန်းမသိဘဲ ထူးဆန်းစွာလက်ခံရရှိခဲ့ခြင်းဖြစ်သည်။
"ဟုတ်တယ်ခင်ဗျာ၊ မနေ့ကနေ့လယ်(၂)နာရီခွဲလောက်မှာဖူဂျီဆပ်ပြာဖူးလေးနဲ့တံခါးဝလေးတွေမှာတွေ့တာဗျ၊၊ ကိုယ်က ဗုံးထင်လို့၊၊ သေချာကြည့်တော့မှ အထဲမှာ ကျောက်တွေတွေ့ရတယ်၊၊ ဖွင့်ကြည့်လိုက်တော့ အဲဒီ့ရတနာတွေတွေ့ရတာ၊၊ အလှူရှင်က အမည်မသိဘူး၊၊ ဘုရားသိုက်တွေက လာလှူပေးထားလို့ပြောတာပေါ့၊၊ ကျောက်မျက်ကျွမ်းကျင်သူတစ်ဦးက နဝရတ်နားကပ်တစ်ဖက်ကို နားကပ်တစ်ဖက်ကို သိန်း၂၀လောက်ပြောသွားတယ်၊၊ ကျန်တာတော့မပြောသွားဘူး၊ ရွှေပန်းတိမ်ဆရာကတော့ပြောပါတယ် တော်တော်များများက အစစ်တွေလို့ပြောပါတယ်၊၊ ဒီမှာ ပတ္တမြားစေတီတည်နေတဲ့အတွက် အဲဒီ့ထဲမှာထည့်ပြီးဌာပနာဖို့ရှိပါတယ်"ဟု ဂေါပကအဖွဲ့ဝင်ဦးအောင်မျိုးကYMG ကို ပြောသည်၊၊
လာရောက်လှူဒါန်းထားသည့် ကျောက်မျက်ရတနာ များမှာငွေဒင်္ဂါးများနှင့်စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ မဟူရာ၊ ပုလဲရတနာမျိုးစုံအရေအတွက်များစွာ ပါဝင်ကြောင်း သိရသည်၊၊



#ymg/tthl
#Yangon_Media_Group
Published 24 Nov 2022
✅ ကာလရှည်အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်ကို မလေးရှားဘုရင်က မလေးရှားဝန်ကြီးချုပ်အဖြစ် ကြာသပတေးနေ့က ခန့်အပ်လိုက်ပြီး သူဟာ မလေးရှားဒေသစံတော်ချိန် ညနေ(၅)နာရီမှာ ကျမ်းသစ္စာကျိမ်ဆိုမှာဖြစ်
✅ ထိုသို့ခန့်အပ်လိုက်ခြင်းကြောင့် ငါးရက်ကြာ ရွေးကောက်ပွဲအလွန် အကျပ်အတည်းတစ်ခုအဆုံးသတ်
✅ အန်ဝါဟာ မဟာသီယာမိုဟာမက်ရဲ့ အကာအကွယ်ပေးခံရတဲ့သူအဖြစ်ကနေ အကျဉ်းသားတစ်ဦးအဖြစ် ပြောင်းလဲခဲ့ရတဲ့ အနှစ်၃၀ကြာ သူ့ နိုင်ငံရေးခရီးမှာ နောက်ဆုံးတော့ဝန်ကြီးချုပ်ဖြစ်လာခဲ့
✅ စနေနေ့ကရွေးကောက်ပွဲမှာ အန်ဝါဦးဆောင်တဲ့ ညွန့်ပေါင်းအင်အားစုနှင့် ဝန်ကြီးချုပ်ဟောင်း ဟူဟစ်ဒင်ယာဆင် ဦးဆောင်တဲ့ ညွန့်ပေါင်းအင်အားစုတို့ မပြတ်မသားအနိုင်တွေနှင့် ပြီးဆုံးခဲ့
✅ အန်ဝါဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၁၈မှာ စောင့်ဆိုင်းနေတဲ့ တရားဝင်ဝန်ကြီးချုပ်ဖြစ်လာခဲ့
✅ သူဟာ ဓမ္မတာနှင့်ဆန့်ကျင်လိင်ဆက်ဆံမှုနှင့် လာဘ်စားမှုများဖြင့် ဆယ်စုနှစ်တစ်စုနီးပါးထောင်ထဲမှာနေခဲ့ရသ ော်လည်း သူက ဒီအမှုတွေဟာ နိုင်ငံရေးအကွက်ဆင်မှုသက်သက်သာဖြစ်ဟု ပြောခဲ့
✅ အန်ဝါရဲ့ ညွန့်ပေါး်ကို မက်ကက်တန်ဟာပန်(PH)ဟာ နေရာ ၈၂ နေရာနှင့် ရွေးကောက်ပွဲအနိုင်ရခဲ့ပါတယ်။ မူဟစ်ဒင် ရဲ့ ပရစ်ကတန်နာရှင်နယ် ( PN)၇၃ နေရာရရှိခဲ့။ သူတို့နှစ်ဖွဲ့စလုံးဟာ အစိုးရဖွဲ့ဖို့ အနည်းဆုံးနေရာ ၁၁၂ နေရာ ရှိဖို့လိုအပ်
✅ နှစ်ရှည်အာဏာရခဲ့တဦ့ ဘာရစ်ဆန်ဟာ နေရာ၃၀ ပဲရရှိခဲ့ပြီး လွတ်လပ်ရေးရပြီး ၁၉၅၇ ခုနှစ်ကနေကြီးစိုးခဲ့ရာမှ အဆိုးရွားဆုံးရှုံးနိမ့်ခြင်းဖြစ်
✅ အန်ဝါနှင့်မူဟစ်ဒင်တို့နှစ်ဦးစလုံး အင်္ဂါနေ့နောက်ဆုံးထား အစိုးရအဖွဲ့စာရင်းတင်သွင်းဖို့ ပျက်ကွက်ခဲ့ပြီးနောက် ဘုရင် ဆူလ်တန် အက်ဘဒူလာအာမက်ရှားက ဝန်ကြီးချုပ်အဖြစ် အန်ဝါကိုရွေးချယ်ဆုံးဖြတ်ပေးခဲ့
Source Reuters
#Anwar_Ibrahim
#Malaysia_New_Prime_Minister
#Malaysia_Politics
#Local_News
Published_24 November 2022
မင်္ဂလာတောင်ညွန့်နှင့် တာမွေတို့တွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ လူနှစ်ဦးကိုလုပ်ကြံ၍ ဓားပြတိုက်ကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီး ရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာရုံးခန်းအတွင်းသို့ အဆိုပါ ဘူတာစာရေး သန်းဇော်ဦးကဓားပြတိုက်လုယက်ရန် သတင်းပေးခဲ့သည့်အတွက် ပစ္စတို ၁ လက် ကိုင်ဆောင်ထားသူအမျိုးသား ၂ ဦး ဝင်ရောက်လာပြီး ဘူတာစာရေး ဦးသိန်းဝင်းထွန်းအား ခြိမ်းခြောက်၍ ရုံးခန်းအတွင်းရှိ ဆိုင်ခန်းခကောက်ခံငွေနှင့် ရထားလက်မှတ်ရောင်းရငွေ စုစုပေါင်း ငွေကျပ်သိန်း ၂၀ဝ ကျော်ကို လုယက်ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျူးလွန်ရာမှုတွင် ပါဝင်သည့် သူရိန်ထွန်း(ခ)ဖိုးသား နှင့် တရားမဝင်ပေါင်းသင်းနေသူ အိအိဇော်၊ နောက်တစ်ဦးဖြစ်သူ ဝေလင်းအောင်တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့၏ထွက်ဆိုချက်အရ ဆက်စပ်တရားခံများဖြစ်သော ရဲရင့်ခန့်နှင့် ထွန်းလင်းအောင်တို့ ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိကာ ပစ္စတိုမျိုးစုံ ၃ လက်၊ ၆ လုံးပြူး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ကျည်မျိုးစုံ ၁၅၂ တောင့်၊ အသံတိတ်ပြောင်း ၁ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ ဒီတိုနေတာ ၁၀၀ ချောင်းနှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သူရိန်ထွန်း(ခ)ဖိုးသားနှင့် ရဲရင့်ခန့်တို့ ၂ ဦးသည် ဖမ်းဆီးရန်ကျန်တရားခံ အားညီ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ဖောက်ခွဲဖျက်ဆီးရေး သင်တန်း ၁ လခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုမည့် လက်နက်ခဲယမ်းများကို မြဝတီမြို့ မှတစ်ဆင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကလည်း တာမွေမြို့နယ်၊ ကျားကွက် သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သြဂုတ်လ ၈ ရက်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး(အရှေ့)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရာအိမ်မှူး ဦးကျော်မင်းဟန်အား လုပ်ကြံကာ စက်တင်ဘာလ ၁၀ ရက်တွင် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက်၊ ဗညားဒလလမ်းပေါ်၌ လက်လုပ်ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း စက်တင်ဘာလ ၁၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မီးရထားဝင်းအတွင်းရှိ သက်သာဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးအောင်အောင်အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။



#ymg/mt
#Yangon_Media_Group
#World_Science
Published 24 November 2022
'လီဒီယာ'နဲ့ 'တင်မိုသီရစ်ဂျ်ဝေး'တို့ဟာ ၂၀၂၂ အောက်တိုဘာ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အမွှာတွေဖြစ်ပြီး အချိန်အကြာမြင့်ဆုံး အသက်ရှင်လျက် အေးခဲသိမ်းဆည်းထားတဲ့ သန္ဓေသားလောင်းများအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သန္ဓေသားလောင်းလှူဒါန်းရေးအမျိုးသားစင်တာမှ ပြောကြားခဲ့ပါတယ်။
ဒီမတိုင်ခင်မှတ်တမ်းဝင်ခဲ့သူကတော့ ၂၀၂၀ ခုနှစ်ကမွေးဖွားတဲ့ 'မော်လီဂစ်ဘ်ဆင်'ဖြစ်ပြီး ၂၇ နှစ်နီးပါး အေးခဲထားတဲ့သန္ဓေသားလောင်း ဖြစ်ပါတယ်။
'လီဒီယာနဲ့ တင်မိုသီ' သန္ဓေသားဖြစ်လာတုန်းက ယခုအမွှာရဲ့ဖခင်ဖြစ်သူ'ဖိလစ်ရစ်ဂျ်ဝေး'ဟာ ၅ နှစ်သားသာရှိသေးပြီး အဲဒီကတည်းက အသက်ခန္ဓာကိုယ်ကို အေးခဲထားခဲ့တာဖြစ်ပါတယ်။
ဒီအမွှာဟာ သူတို့ရဲ့ကလေးတွေထဲမှာ အသက်အကြီးဆုံးဖြစ်ရမှာ ဖြစ်ပေမယ့် အခုတော့ အငယ်ဆုံးကလေးတွေဖြစ်လာပါပြီ။
ထိုအမွှာသန္ဓေသားလောင်းကို ဆယ်စုနှစ် ၃ ခုနီးပါးတိုင်အောင် နိုက်ထရိုဂျင်အရည်ပါတဲ့ ပိုက်ပြွန်လေးတွေထဲမှာ အနှုတ် ၂၀၀ ဒီဂရီဆဲလ်စီးယပ်စ်နီးပါးဖြင့် သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။
သူတို့ကို မွေးခဲ့တဲ့စုံတွဲက ၂၀၀၇ ခုနှစ်မှာ သန္ဓေသားလောင်းတွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဖန်ပြွန်သန္ဓေသား(IVF)အသုံးပြုကြတဲ့အခါ သန္ဓေသားလောင်းတွေ လိုအပ်တာထက် ပိုပြီးထွက်လာတတ်ပါတယ်။
ပိုနေတဲ့သန္ဓေသားလောင်းတွေကို ကလေးလိုချင်တဲ့အတွဲတွေ၊ ဆေးသိပ္ပံပညာလေ့လာချက်တွေအတွက် အေးခဲသိမ်းဆည်းထားတတ်ကြပါတယ်။
အလှူရှင်ရဲ့အချက်အလက်တွေထဲမှာ သန္ဓေသားလောင်းများ အေးခဲထားတဲ့အချိန် မပါဝင်ပေမယ့် အလှူရှင်ရဲ့ လူမျိုး၊ အသက်၊ အရပ်၊ ကိုယ်အလေးချိန်၊ မျိုးရိုးဗီဇ၊ ကျန်းမာရေးအထောက်အထား၊ ပညာရေး၊ အလုပ်အကိုင်၊ အကြိုက်ဆုံးအရာများ ပါဝင်ပါတယ်။
သန္ဓေသားလောင်းတွေကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အရည်ဖျော်စေပြီး ၅ ခုမှာ ၂ ခုက အသုံးပြုလို့မရပါဘူး။
အေးခဲထားပြီးနောက် ၂၉ နှစ် ၁၀ လကြာတဲ့ခါမှာ ကိုယ်ဝန်ဆောင်သူ'ရေချယ်'ရဲ့သားအိမ်ထဲကို သန္ဓေသားလောင်း ၃ ခုထည့်သွင်းခဲ့ရာမှာ ၂ ခုက အောင်မြင်ခဲ့ပါတယ်။
ဖန်ပြွန်သန္ဓေသားမျိုးအောင်ခြင်းရဲ့ ၂၅ မှ ၄၀ ရာခိုင်နှုန်းဟာ မွေးဖွားနိုင်ကြတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
သန္ဓေသားလောင်းရဲ့ အေးခဲသက်တမ်းက ကလေးဖြစ်လာသူရဲ့ကျန်းမာရေးကို သက်ရောက်စေတာမဟုတ်ဘဲ မမျိုးဥကိုလှူဒါန်းသူအမျိုးသမီးရဲ့ အသက်အရွယ်ကသာ ပိုအရေးကြီးပါတယ်။
ဥပမာ လှူဒါန်းသူက အသက် ၂၅ နှစ်ဆိုရင် သန္ဓေသားလောင်းက အသက်ရှင်နိုင်ချေများပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 24 November 2022
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
နစကဥက္ကဋ္ဌက အမျိုးသားစာပေ တစ်သက်တာဆုရရှိကြသည့် ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါက်တာမျိုးသန့်တင်နှင့် ဒေါက်တာဒေါ်တင်ဝင်း (ဒေါက်တာမတင်ဝင်း- ပညာရေးတက္ကသိုလ်) ကိုယ်စား သမီးဖြစ်သူတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေပညာရှင်ကြီး လေးဦးသည်လည်း မိမိတို့ဘဝတစ်လျှောက်လုံး စာပေလောကထဲတွင်နှစ်မြှုပ်ပြီး နိုင်ငံအတွက်၊ အများပြည်သူအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည့် သုတ၊ ရသ စာပေများကို တစိုက်မတ်မတ် ရေးဖွဲ့ခဲ့ကြသူများ ဖြစ်တယ်လို့ နစကဉက္ကဌက ဆိုပါတယ်။
စာပေဆုများတွင် နိုင်ငံတော်အဆင့် အမြင့်ဆုံးစာပေဆုဖြစ်သည့် အမျိုးသား စာပေဆုကို ၁၉၄၈ ခုနှစ်က စတင်ပြီး အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” မှ “စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲချီး မြှင့်ခဲ့ရာ ဆုချီးမြှင့်မည့် ဘာသာရပ်များကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာစာပေအကျိုးကို တစ်သက်တာလုံး အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ် စာပေရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီးများကို အသိအမှတ်ပြု ချီးမြှောက်သည့်အနေဖြင့် “အမျိုးသားစာပေ တစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်တွင် စတင်၍ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။
အမျိုးသားစာပေဆုအတွက် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်း ၄၆၆ အုပ်ထဲမှ ဘာသာရပ် ၁၉ ခုအနက် ဘာသာရပ် ၉ ခု၊ စာပေဗိမာန် စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၆၂ စောင်အနက် ဘာသာရပ် ၁၄ ခုထဲမှ ဆုချီးမြှင့်ရန် ထိုက်တန်တဲ့ စာမူပေါင်း ၂၈ ခုကို ဆုများချီးမြှင့် ပေးခဲ့ပါတယ်။
မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်၌ စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်က စတင်ကျင်းပလာခဲ့သည်မှာ ယခုအခါနှစ်ပေါင်း ၇ဝ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ပထမအကြိမ် စာဆိုတော်နေ့ အခမ်းအနားကို ၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) တွင် စတင်ကျင်းပခဲ့သည်မှာ ယနေ့ထက်တိုင် အဆိုပါအစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး နှစ်စဉ်ကျင်းပလျက်ရှိရာ ၇၈ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။


#ygm_mnn
#Yangon_Media_Group
Page 1299 of 1809