Published 1 Nov 2022
☑️အမေရိကန်နိုင်ငံ ချီကာဂိုမှာ တနင်္လာနေ့ည ကိုးနာရီခွဲခန့်က ဟော်လိုဝင်ပွဲ ဆင်နွှဲနေကြသူတွေကြားထဲ သေနတ် ပစ်ခတ်မှုဖြစ်ခဲ့ရာ သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အခြားကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး လူ(၁၄)ဦး ဒဏ်ရာများရရှိ
☑️မောင်းနှင်နေတဲ့ ကားတစ်စီးပေါ်ကနေ လူအုပ်ထဲ သေနတ်နှင့်ပစ်ခတ်သွားခြင်းဖြစ်
☑️ဖြစ်ရပ်တစ်ခုလုံးက သုံးစက္ကန့်ခန့်သာကြာမြင့်ခဲ့
☑️အသက်(၃)နှစ်အရွယ်ကလေးငယ်နှင့် အခြားကလေးနှစ်ဦးမှာ ၁၁နှစ်နှင့် ၁၂နှစ်အရွယ်များဖြစ်
ဒဏ်ရာရသူတွေထဲမှာ ကားတိုက်မိသူတစ်ဦးလည်းပါဝင်
☑️အရေးပေါ်ဌာနတွေက အခင်းဖြစ်ပွားရာ West Side မှာရှိတဲ့ West Flournoy ဘလောက် ၂၇၀၀ သို့ အလျင်အမြန် သွားရောက်နေ
☑️အဆိုပါသေနတ်ဖြစ်မှုမျာ ကာလီဖိုနီးယားနှင့် ပေါ့လ်လမ်းဆုံးမှာဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူများ နှင့် မစိုးရိမ်ရသူများ အမျိုးမျိုးပါဝင်
☑️ကားပေါ်ကနေ လူအုပ်ထဲ ရမ်းသန်းပစ်သွာတာဖြစ်ပြီး အကြောင်းရင်းလည်းမသိသေးလို ပစ်သူဘယ်သူဘယ်ဝါဆိုတာလည်း မသိသေးဘူးလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူကပြောပါတယ်။
Source: Mirror/Reuters/others
#Chicago_Haloween_shooting
#Drive_by_shooting
#Haloween_tragedy
#World_Military
Published 1 November 2022
ယူကရိန်းအခြေခံအဆောက်အအုံများကို တိုက်ခိုက်ပြီး ပင်လယ်နက်ပိုင်းဂျုံတင်ပို့ရေးအစီအစဉ်ကနေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဟာ ခရိုင်းမီးယားရှိ ရုရှားသင်္ဘောကို တိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်တဲ့သဘောဖြစ်တယ်လို့ ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ပြောကြားလိုက်ပါတယ်။
ယူကရိန်းဒရုန်းတွေဟာ ကုလသမဂ္ဂသဘောတူညီချက်အရ ဂျုံသင်္ဘောများဖြတ်သန်းသွားလာတဲ့ ရေကြောင်းလမ်းများအတိုင်း အသုံးပြုသွားတာဖြစ်တယ်လို့ 'ပူတင်'ကဆိုပါတယ်။
ယူကရိန်းဘက်ကတော့ အဆိုပါတိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်မရှိကြောင်း၊ ဂျုံတင်ပို့မှုလုံခြုံရေးအစီအစဉ်ကို စစ်ရေးအရအသုံးပြုတယ်ဆိုတာကိုလည်း ငြင်းဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားတို့က ခရိုင်းမီးယားရှိ သင်္ဘောများတိုက်ခိုက်ခံရတယ်လို့ ဆိုခဲ့ချိန်မှာ ပင်လယ်နက်ဒေသအတွင်း စနေနေ့က မည်သည့်ဂျုံတင်ပို့ရေးသင်္ဘောမှ မသွားလာခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကိုကျူးကျော်တာ ရက်ပေါင်း ၂၅၀ ပြည့်တဲ့နေ့မှာ ရုရှားတို့က ယူကရိန်းနိုင်ငံအနှံ့ ဒုံးကျည်မိုးရွာချခဲ့ပါတယ်။
မြို့တော်ကိဗ်တဝိုက် ပေါက်ကွဲမှုများဖြစ်ပွားပြီး မီးခိုးလုံးများထွက်လာခဲ့ပါတယ်။
တနင်္လာနေ့က ယူကရိန်းပြည်နယ်အနည်းဆုံး ၆ နေရာရှိ အခြေခံအဆောက်အအုံများကို ရုရှားတပ်များ ပစ်ခတ်ခဲ့ကြကြောင်း ယူကရိန်းလက်နက်ကိုင်အဖွဲ့များရဲ့ ဗိုလ်မှူးချုပ်တစ်ဦးက ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့ပါတယ်။
"ဒါမပြီးသေးပါဘူး" လို့ 'ပူတင်'က ရုပ်သံသတင်းမှာပြောကြားခဲ့ရာ နောက်ထပ်ပစ်ခတ်မှုတွေ ပြုလုပ်ဦးမယ့် အခြေအနေရှိနေပါတယ်။
ရေအားလျှပ်စစ်ဆည်များလည်း ထိခိုက်ခဲ့တာကြောင့် ဓာတ်အား၊ ရေနဲ့ အပူပေးခြင်းများ ပြတ်တောက်သွားခဲ့ပါတယ်။
တိုက်ခိုက်ခံရပြီးနောက် ပြည်သူ ၁၄၀,၀၀၀ ခန့်အတွက် ဓာတ်အားပြတ်တောက်သွားပြီး ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ခါကိဗ်က နေထိုင်သူ ၅ သောင်းလည်း ပါဝင်ကြောင်း ခါကိဗ်အရှေ့မြောက်ပိုင်းမှ အုပ်ချုပ်ရေးမှူးက တယ်လီဂရမ်မှာ ရေးသားလိုက်ပါတယ်။
ရုရှားဘက်ကပစ်လွှတ်တဲ့ ဒုံးကျည် ၅၀ မှာ ၄၄ ခုကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်က ဆိုပါတယ်။
ဒါပေမဲ့ ကျန်တဲ့ဒုံးကျည်တွေကြောင့် မြို့တော်ကိဗ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရေမရရှိတော့ဘဲ ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၃ ပတ်အတွင်းကလည်း ရုရှားဟာ တာဝေးပစ်ဒုံးကျည်များနဲ့ အီရန်နိုင်ငံထုတ် ဖောက်ခွဲရေးဒရုန်းများဖြင့် ယူကရိန်းအရပ်ဘက်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။
တနင်္လာနေ့က စွမ်းအင်အဆောက်အအုံအများစု ထိမှန်ခဲ့ပြီး ယူကရိန်းဒေသ ၁၀ ခုမှာ ဒရုန်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ယူကရိန်းဝန်ကြီးချုပ်'ဒန်နစ်ရှမီဟယ်'က ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_1 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီဂါလန် ၆ သန်းကျော်ဆိပ်ကမ်းချထားပြီး ၉ သန်းကျော်ကို ဆီချခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
သီလဝါဆိပ်ကမ်းရှိ Terminal များတွင် ရိုးရိုးဒီဇယ်ဆီ ၃ ဒသမ ၀၇ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၃ ဒသမ ၀၇ ဂါလန်သန်း တင်ဆောင်လာသည့် MT Harmony One သင်္ဘောသည် ဆီချလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ ဓာတ်ဆီ 92 Ron ၂ ဒသမ ၇၆ ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron ၀ ဒသမ ၉၂ ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆၅ ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Dong သင်္ဘောနှင့် ပရီမီယံဒီဇယ်ဆီ ၄ ဒသမ ၃၁ ဂါလန်သန်း တင်ဆောင်လာသည့် MT Beluga Pacific သင်္ဘောတို့သည် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် အစိုးရရုံးပိတ်ရက်များ၌ ပြည်တွင်းခရီးသွားလာမှု များပြားခဲ့ခြင်းကြောင့် စက်သုံးဆီသုံးစွဲမှုမြင့်တက်ခဲ့ပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 1 November 2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ တက္ကသိုလ်နေ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်)ဝင်ခွင့်ရသူများစာရင်းအား လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကြေညာသွားမည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန website http://www.moe.gov.mm နှင့် အဆင့်မြင့် ပညာဦးစီးဌာန website http://www.dhe.gov.mm များတွင် ကြေညာထားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။
အဆင့်မြင့်ပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို ပထမနှစ်(ပထမနှစ်ဝက်)နေ့သင်တန်းများအား နိုဝင်ဘာလ ၂၁ ရက်၌ စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
ယင်းအပြင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကိုလည်း နိုဝင်ဘာလ ၁၀ ရက်၌ စတင်ဖွင့်လှစ်၍ ကျောင်းအပ်လက်ခံခြင်းကို အောက်တိုဘာလ ၂၇ ရက်မှနိုဝင်ဘာလ ၁၈ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားရှိသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_1 November 2022
သွင်းကုန်ပစ္စည်းတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့်လုပ်ခလွှဲငွေ အပါအဝင် အခြားဝင်ငွေများကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
သွင်းကုန်တင်သွင်းသူများ အနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာသက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များကို ဘဏ်စနစ်ဖြင့်ဆောင်ရွက်ရာတွင် ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။
သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီများအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေရောက်ကြောင်း သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သွင်းကုန်တင်သွင်းလိုသည့် ကုမ္ပဏီကတင်ပြလာသော ပို့ကုန်မှ ရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေပမာဏသက်ရောက်မှုကို စိစစ်၍ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်သည့် ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်ကြေညာလွှာဖွင့်လှစ်ရာ၌ ပို့ကုန်မှရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုကို သက်ဆိုင်ရာဘဏ်မှထုတ်ပေးသည့်အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်းတို့ကို ပူးတွဲကာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်ထားမှုကို နိုဝင်ဘာ ၁ ရက်မှစတင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကြောင့် အောက်တိုဘာလ ၁ ရက်အထိလျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင်မည်မဟုတ်ဘဲ အဆိုပါရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို နိုဝင်ဘာလ ၃၀ ရက်မတိုင်ခင် ပြီးပြတ်အောင်တင်သွင်းကြရန်နှင့် သတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယင်းသို့တင်သွင်းခွင့်ပြုရာတွင်လည်း ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေဝင်ရောက်မှုများနှင့် ပတ်သက်၍ ဧပြီလ တစ်ရက်နောက်ပိုင်းမှဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့တင်သွင်းခွင့်ပြုရာတွင်လည်း ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေဝင်ရောက်မှုများနှင့် ပတ်သက်၍ ဧပြီလ တစ်ရက်နောက်ပိုင်းမှဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Health
Published 1 Nov 2022
ဂေါက်ရောဂါဟာ အဆစ်အမြစ်ရောင်ရမ်းနာကျင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။
များသောအားဖြင့် အဆစ်တစ်ခုမှာ ဖြစ်လေ့ဖြစ်ထရှိပြီး အဝလွန်ခြင်း၊ သွေးဖိအားများခြင်း၊ အသားကြီးငါးကြီးစားသုံးခြင်းတို့ကြောင့် ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ်(Uric Acid)များလာကာ အဆစ်အမြစ်တွေမှာ စုပြုံလာပြီး ရောင်ရမ်းနာကျင်ခြင်းကို ဖြစ်စေပါတယ်။
ဂေါက်ရောဂါကို လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက ခံစားနေရတဲ့ ခရိုအေးရှားအင်ဂျင်နီယာ'ဂိုရန်မိုရိုဗစ်'ဟာ သူ့လိုပဲ ဂေါက်ရောဂါခံစားနေရတဲ့ ဆရာဝန်တစ်ဦးနဲ့တွေ့ဆုံခဲ့ကာ ထူးဆန်းတဲ့ကုသမှုကို တွေ့ရှိခဲ့ပါတယ်။
"ဆရာဝန်က ကျွန်တော့်ကို သံလွင်ရွက်ရေနွေးကြမ်း တစ်နေ့ကိုနှစ်ကြိမ်သောက်ခိုင်းခဲ့ရာမှာ အဲဒီနောက်ပိုင်း ဘာစားစား ဂေါက်ရောဂါပြန်မဖြစ်တော့ဘူး" လို့ 'မိုရိုဗစ်'က ပြောပြခဲ့ပါတယ်။
သံလွင်ရွက်အခြောက် ဒါမှမဟုတ် အစိုကို ရေနွေးထဲ ၅ မိနစ်ခန့်ထည့်ပြုတ်ကာ ရေနွေးကြမ်းလို သောက်သုံးရတာဖြစ်ပြီး အနည်းငယ်ပိုခါးတဲ့အရသာရှိပါတယ်။
ဒါဟာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်တဲ့ အိုလျူရိုပိန်းနဲ့ ဟိုက်ဒရိုဆီတိုင်ရိုဆောလ်တို့ကြောင့် ခါးတဲ့အရသာထွက်တာဖြစ်ကြောင်း ခရိုအေးရှားအဟာရပညာရှင်'အော်လ်ဂျာမာတင်နစ်'က ဆိုပါတယ်။
ဒါ့အပြင် ပိုလီဖီနောလ်ဟာလည်း သွေးပေါင်ချိန်ကိုကျစေကာ ဂေါက်ဝေဒနာကို လျော့ကျစေပြီး နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
၁၂ ပတ်ကြာလေ့လာမှုမှာလည်း သက်လတ်ပိုင်းအဝလွန်အမျိုးသားတွေမှာ သံလွင်ရွက်ရဲ့ ပိုလီဖီနောလ်က ဆီးချိုဝေဒနာကိုလည်း သက်သာစေပါတယ်။
သံလွင်ဆီဟာဆိုရင် အူလမ်းကြောင်းမှ ကောင်းကျိုးပြုပိုးမွှားများကို တိုးများစေပြီး ရောဂါခုခံအားကို မြှင့်တင်ပေးပါတယ်။
သံလွင်ရွက်တွေမှာပါဝင်တဲ့ ပိုလီဖီနော်လ်ဟာ ကင်ဆာ၊ အယ်လ်ဇိုင်းမားနဲ့ နှလုံးသွေးကြောရောဂါများကို ကာကွယ်ရာမှာ ပါဝင်ပေးပါတယ်။
'မိုရိုဗစ်'ဟာကံကောင်းစွာနဲ့ သံလွင်ခင်းတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် သံလွင်ရွက်အလွယ်တကူရရှိနေပါတယ်။
'မိုရိုဗစ်'က ၂၀၀၉ ခုနှစ်မှာ သံလွင်ခင်းကြီးကို ရယူပိုင်ဆိုင်ခဲ့ပြီး အသေးစားထုတ်လုပ်နေခဲ့ပါတယ်။
သံလွင်ဆီတွေကို ၂၆ ဒီဂရီဆဲလ်စီးယပ်စ်အောက် အေးတဲ့အပူအချိန်မှာ ထားခြင်းဖြင့် အာနိသင်ကို အထိရောက်ဆုံး ထိန်းသိမ်းထားနိုင်ပါတယ်။
'မိုရိုဗစ်'ဖွင့်လှစ်ထားတဲ့ဟိုတယ်မှာဆိုရင် သံလွင်ရွက်ရေနွေးကြမ်းဖြင့် နေ့စဉ်ဧည့်ခံသလို သံလွင်ဆီဖြင့် ခန္ဓာကိုယ်နဲ့မျက်နှာတွေကို နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုလည်းရှိပါတယ်။
Source: SCMP
#Yangon_Media_Group
#Covid_Vaccine
Published 1 Nov 2022
လက်မောင်းကနေ ထိုးရတာမဟုတ်ဘဲနဲ့ ပါးစပ်ကနေရှူသွင်းရတဲ့ ကိုဗစ်ကာကွယ်ဆေးအသစ်တစ်မျိုးကို ယခုသီတင်းပတ်အတွင်း တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့ပထမဆုံးအမျိုးအစား ဖြစ်လာဖွယ်ရှိနေပါတယ်။
တရုတ်ဆေးဝါးကုမ္ပဏီ ကန်ဆီနိုဘိုင်အိုလော့ဂျစ်(CanSino Biologics)မှ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အားမြှင့်ကာကွယ်ဆေး(booster)အဖြစ် အသုံးပြုရန် တရုတ်အာဏာပိုင်များမှ စက်တင်ဘာလက အသိအမှတ်ပြုထားပါတယ်။
အခုဆိုရင် အဆိုပါကာကွယ်ဆေးကို ပထမဆုံးစတင်အသုံးပြုနေကြပါပြီ။
ထိုကာကွယ်ဆေးဟာ ကော်ဖီပါဆယ်ခွက်လိုပုံစံနဲ့ ထည့်ထားပြီး ပါးစပ်ကနေစုပ်ယူရှိုက်သွင်းနိုင်မယ့် ပြွန်လေးပါရှိပါတယ်။
"အသက်ရှူစနစ်ရဲ့ အမြှေးပါးနံရံတွေက ခန္ဓာကိုယ်ထဲက ပထမဆုံးရောဂါကာကွယ်ရေးဖြစ်ပါတယ်၊ ဒါကြောင့် ရောဂါခုခံအားမြှင့်တင်ဖို့ တိုက်ရိုက်ရောက်ရှိအောင် ရှူသွင်းရတဲ့ကာကွယ်ဆေး ထုတ်လုပ်လိုက်တာဖြစ်ပါတယ်" လို့ ရှန်ဟိုင်းယူနိုက်တက်မိသားစုဆေးရုံမှ ဆေးမှူးအရာရှိချုပ်ဒေါက်တာ'ကျောင်ဟွေ'က ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။
အဆိုပါဆေးရုံမှာ ရှူသွင်းရတဲ့ကာကွယ်ဆေးကို အသုံးပြုသွားမှာဖြစ်တဲ့အပြင် ထိုးနှံရတဲ့ကာကွယ်ဆေးတွေလည်း ထိုးပေးနေပါတယ်။
ရှူသွင်းရတဲ့ကာကွယ်ဆေးက ရောဂါကူးစက်မှုကို ကာကွယ်နိုင်စွမ်းရှိရုံသာမက ကာကွယ်ဆေးထိုးရမှာ နှောင့်နှေးသူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ကြောင်း ဩစတြေးလျ စိန့်ဗင်းဆန့်စ်ကျန်းမာရေးဆေးရုံမှ ဆေးမှူးချုပ်'အာဝင်လို'ကလည်း မှတ်ချက်ပြုလိုက်ပါတယ်။
ဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်ရန် တရုတ်မှာ ကိုဗစ်စည်းမျဉ်းတင်းကြပ်စွာ ထုတ်ပြန်ထားတာကြောင့် အခုလို ကာကွယ်ဆေးထုတ်ဝေဖို့က အလွန်အရေးကြီးနေပါတယ်။
ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ WeChat အကောင့်မှာ ယခုသီတင်းပတ်အတွင်း ရှူသွင်းရတဲ့ကာကွယ်ဆေးကို စတင်ပေးဝေနေပြီလို့ ကြေညာထားပါတယ်။
တရုတ်အစိုးရရဲ့အချက်အလက်များအရ နိုင်ငံ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးထိုးထားပါတယ်။
တရုတ်ဟာ ပြည်တွင်းထုတ်ကာကွယ်ဆေးများကိုသာ အဓိကထားထိုးနှံခဲ့ကြပြီး ပြည်ပက တင်သွင်းခြင်းမရှိပါဘူး။
ရှန်ဟိုင်းရဲ့ ကာကွယ်ဆေးအသစ်က အခြားနိုင်ငံတွေမှာပါ လိုက်လံထုတ်လုပ်စေနိုင်လိမ့်မယ်လို့ 'အာဝင်လို'က မျှော်လင့်နေပါတယ်။
Source: Reuters
#Yangon_Media_Group
Published 1 Nov 2022
လူပေါင်း ၁၃၇ ဦးသေဆုံးခဲ့ရတဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က မော်ဘီ မြစ်ကူးကြိုးတံတား ပြတ်မကျခင် စက္ကန့်ပိုင်းအလို မြင်ကွင်းကို CCTV ကင်မရာက မှတ်တမ်းတင်လိုက်နိုင်ပါတယ်။
အဲဒီမှတ်တမ်းမှာ တံတားကြိုးမပြတ်ခင် စက္ကန့်ပိုင်းကလေးမှာ လူငယ်အချို့က တံတားကို တမင်သက်သက် လှုပ်ခါနေကြတာကိုတွေ့ရပါတယ်။
ဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိ ဂူဂျာရတ်ပြည်နယ်က ဒီအဖြစ်ဆိုးကို သူ့တစ်သက်မှာ ဒီလောက်ထိခိုက်ကြေကွဲရတာမျိုး မကြုံဖူးဘူးလို့ မိုဒီက ဆို့နင့်စွာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Source AFP
#Morbi_Bridge
#India_Bridge_Tragedy
#India_ Gujarat
#Local_News
Published_31 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ ခြောက်လကျော် ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် ကန်ဒေါ်လာ ၃၆၅ သန်းကျော်မြင့်တက်လာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 31 Oct 2022
ဆိုးလ်မြို့တော်မှာ ဟော်လိုဝင်ပွဲတော်လူအုပ်ပြုံတိုးမှုကြောင့် လူပေါင်း ၁၅၀ကျော်သေဆုံးခဲ့ရပြီးနောက် တိုကျိုမြို့လယ် ရှီဘူယာမှာ အောက်တိုဘာ ၃၁ ရက် ယနေ့ညက ဟော်လိုဝင်လူအုပ်ကြီးကို ရဲက ထိန်းသိမ်းပေးနေကြရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါတွေကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ပထမဆုံးဟော်လိုဝင်ပွဲတော်ကို ဂျပန်နိုင်ငံမြို့တော်မှာ ပြန်လည်ကျင်းပခဲ့ရာမှာ လုံခြုံရေးတွေ တင်းကြပ်စွာနှင့် လူအုပ်ကိုထိန်းနေကြတာဖြစ်ပါတယ်။
တိုကျို ရဲတွေက လူတွေကို အမိန့်တွေ လေးစားလိုက်နာကြဖို့ အော်ဟစ်ပြောဆိုနေကြပါတယ်။
ရှီဘူယာဘူတာရုံရှေ့မှာ လူတွေဟာ ပြည့်ကျပ်နေတာကို တွေ့ကြရပါတယ်။
လူငယ်တွေဟာ ဟော်လိုဝင် အဝတ်အစားတွေနှင့် လမ်းပေါ်မှာ ပျော်ရွှင်နေကြချိန်မှာ ရဲတွေက စည်းကမ်းတကျရှိကြဖို့ ထပ်ခါတလဲလဲ အော်ဟစ်သတိပေးနေကြရပါတယ်။
ပြီးခဲ့တဲ့ စနေညက တောင်ကိုးရီးယာနိုင်ငံ ဆိုးလ်မြို့တော်မှာ ဟော်လိုဝင်ပွဲ လူအုပ်ပြုံတိုးမှုကြောင့် လူပေါင်း ၁၅၀ကျော် သေဆုံးခဲ့ရပြီး အများစုမှာ ဆယ်ကျော်သက်ရွယ် အမျိုးသမီးတွေဖြစ်ကြပါတယ်။
Source: AFP
#Tokyo_ Halloween_crowds
#Japan_Halloween_Security
#Haloween_Tragedy
#World_Auction
Published 31 October 2022
လာမယ့်လ လေလံတင်ပွဲမတိုင်ခင် စင်္ကာပူမှာ တိုင်ရန်နိုဆောရပ်စ်အရိုးစုပြပွဲ ပြုလုပ်သွားမှာဖြစ်ရာ ကျွမ်းကျင်သူများက အခုလိုငွေအင်အားနဲ့ ရှေးဟောင်းအရိုးများကို အရောင်းအဝယ်လုပ်တာဟာ သိပ္ပံပညာအတွက် အန္တရာယ်များတယ်လို့ မြင်နေကြပါတယ်။
#Yangon_Media_Group
#Local_News
Published-31 October 2022
ရွှေဈေးကွက်အတွင်း မှောင်ခိုဈေးကွက်မရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကို ပြောပါတယ်။
#Yangon_Media_Group
Page 1295 of 1765