#DailyNews
Published - 22 August 2022
၁။ ကြက်သွန်ဈေး ပြင်ပဈေးကွက်တွင် ကျပ် ၃၀၀၀ ကျော်ရှိနေ
၂။ စားအုန်းဆီဈေးနှုန်း တစ်ပိသာ ၁၂၀၀၀ ဝန်းကျင်ထိမြင့်တက်နေ
၃။ ပုဂံဒေသတွင် ဟိုတယ်(၃)ပုံ(၁)ပုံသာ ပြန်ဖွင့်နိုင်သေး၊ လာမယ့်ခရီးသွားရာသီအတွက် ပြင်ဆင်နေ
၄။ ကနေဒါနိုင်ငံဟတ်ဒ်ဆန် ပင်လယ်အော်၏ နွေရာသီပတ်ဝန်းကျင်သို့ ဘယ်လူဂါဝေလငါးများ ပြောင်းရွှေ့လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_22 August 2022
လတ်တလောမှာ အင်းလေးဒေသထွက် စားသောက်ကုန်တွေအရောင်းအေးနေပေမယ့်လည်း ထိုင်းနိုင်ငံဘက်ကတော့ မှာယူမှုတွေရှိနေတယ်လို့ အင်းလေးဒေသထွက် စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 22 August 2022
ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ MoU အလုပ်သမား ၁၉၇ ဦးသည် ယနေ့သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထပ်မံထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမား အမျိုးသား ၁၀၀ ဦးနှင့်အမျိုးသမီး ၉၇ ဦး(စုစုပေါင်း ၁၉၇ ဦး)သည် ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြပြီးနောက် ကော့သောင်းနယ်စပ်ဂိတ်၌ စစ်ဆေးမှုများခံယူကာ စက်လှေများဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
၎င်းတို့အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီသို့ ကုမ္ပဏီတာဝန်ရှိသူများက တစ်စုတစ်စည်းတည်းဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမားများသည် ထိုင်းနိုင်ငံရှိ Golden line Business Co,Ltd ၌ ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ် အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီ Hnin Oo Wai Co,Ltd မှ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား ကော့သောင်းခရိုင်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published-22 August 2022
မကြာခင် စပါးသစ်ထွက်ရှိတော့မည်ဖြစ်သော်လည်း ဈေးကွက်တွင် ဆန်ဈေးကျဆင်းနိုင်ခြေမရှိကြောင်း ဆန်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် ဈေးကွက်ထဲ၌ ဆန်ဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်နေပြီး ပြည်တွင်းစားသုံးဝယ်ယူ သိုလှောင်မှုများကြောင့် ဈေးမြင့်တက်နေခြင်းဖြစ်ကာ သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေခြင်းသည်လည်း ဆန်ဈေးကို ပိုမြင့်စေခြင်းဖြစ်သည်။
ရန်ကုန်ဈေးကွက်တွင် မြောင်းမြ ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ၅၉၀၀၀ ကျပ် မှ ၆၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၇၈၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်၊ ဈေးတက်လာကြောင်း၊ ဆန်ကြမ်းဖြစ်သည့် ဧည့်မထဆန်တစ်အိတ်လျှင် ၃၆၅၀၀ ကျပ် မှ ၃၈၀၀၀ကျပ်၊ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၄၂၀၀၀ ကျပ် မှ ၄၄၀၀၀ ကျပ်၊ အသီးသီးဈေးတက်လာကြောင်းသိရသည်။
လက်ရှိအချိန်သည် မိုးစပါးစိုက်ပျိုးထားသည့် အချိန်ဖြစ်ပြီး ယခင်စပါးလက်ကျန်တွေကို မိုးစပါးစိုက်ပျိုးရန် အရင်းအနှီးပြန်လုပ်ရခြင်းကြောင့် တောင်သူလက်ထဲတွင် စပါးလက်ကျန်မရှိတော့သည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်း တတ်ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိစပါးဈေးနှုန်းကို မသတ်မှတ်ရသေးသည့်အတွက် ယခင်သတ်မှတ်ထားသည့် ဈေးနှုန်း ၉ သိန်းကျော် ဆယ်သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။
Ymg/STH
#Yangon_Media_Group
#Local_News
Published_22 August 2022
ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အငြင်းပွားနေသည့် ခြံအမှတ်(၅၄)ကိစ္စ ဦးအောင်ဆန်းဦးတောင်းဆိုသည့်အတိုင်း တရားရုံးကခွင့်ပြုကြောင်း ယနေ့ သြဂုတ်လ ၂၂ ရက်တွင် အမိန့်ချလိုက်သည်။
ဦးအောင်ဆန်းဦးက ခြံအမှတ် ၅၄ ကို လေလံပစ်၍ တစ်ဝက်စီ အမွေခွဲဝေလိုကြောင်း မီဒီယာများအား အတိအလင်းပြောကြားထားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ခြံအမှတ် (၅၄)၏ နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကိုရယူရန်နှင့် တစ်ထပ်တိုက်နှင့်မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးရယူရန် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဦးအောင်ဆန်းဦးကအယူခံလျှောက်ထားခဲ့ရာ တရားလွှတ်တော်ချုပ်က ၎င်းအယူခံကို ပလပ်ကြောင်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဦးအောင်ဆန်းဦးကလည်း ၎င်း၏ ရှေ့နေများနှင့် တိုင်ပင်ကာ ၂ဝ၁၉ ခုနှစ် ဇန် နဝါရီလ ၁၁ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူ ကြီးချုပ်ထံ အထူးအယူခံတင်သွင်းခဲ့ခြင်း ဖြစ်သည်။
"အခုတော့ ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်း တရားရုံးက ရစေလို အမိန့်ချလိုက်တယ်။ ဒီနေ့ပဲ အမိန့်ချလိုက်တာ"ဟု အဆိုပါ အမှုကိုလိုက်ပါသည့် ရှေ့နေတစ်ဦးက YMG ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံနံပါတ် ၅၄ မှာ ဗိုလ်ချုပ်ဆောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်အမည်ပေါက် ခြံတစ်ခြံလည်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_22 August 2022
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ-လှည်းကူး မြို့နယ်အတွင်း ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၁၊ ၂၊ ၃) တို့တွင် လုပ်ကိုင်ခွင့်ရရှိထားသည့် လုပ်ကွက်နေရာများ၌ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းမလုပ်ပါက ပြန်သိမ်းမည်ဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက သိရသည်။
လုပ်ကိုင်ခွင့်ရထားသူများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ကြရန် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်က ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ယခုအခါ မြေကွက် ၆၀ ကျော်တွင် လာရောက်လုပ်ကိုင်ခြင်းမရှိသောကြောင့် ယင်းသို ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
လုပ်ပိုင်ခွင့်ရရှိထားသူများအနက် ဌာနဆိုင်ရာများလည်း ပါဝင်ကြောင်း၊ယင်းကြောင့် လုပ်ပိုင်ခွင့်ရသူများအနေဖြင့် သက်ဆိုင်ရာက ထုတ်ပေးထားသည့် အထောက်အထားကို ခိုင်လုံစွာတင်ပြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ကြရန် ကော်မတီက အကြောင်းကြားထားကြောင်းလည်း သိရသည်။
လုပ်ပိုင်ခွင့်ရသူများ လုပ်ငန်းအမြန်လုပ်ကိုင်ရန် ကော်မတီက ထုတ်ပြန်ထားသော နေရာများမှာ စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၁) တွင် ၂ ကွက် ၊ အထူး ဇုန် ၂ တွင် ၅၂ ကွက် ၊ အထူးဇုန် ၃ တွင် ၇ ကွက် စုစုပေါင်း ၆၁ ကွက် ရှိကြောင်းသိရသည်။
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်နှင့် မှော်ဘီမြို့နယ်အတွင်း ခရိုင်ချင်းဆက် လမ်း၏ မြောက်ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရန်ကုန်-ပြည်လမ်းအကြား တည်ရှိသည်။
ယင်းတွင် အထူးဇုန် (၁) ၏ အကျယ်မှာ ၃၇၈၀ ဧက၊ အထူးဇုန် (၂)၏ အကျယ်မှာ ၄၉၀၁ ဧက၊ အထူးဇုန် (၃)၏ အကျယ်မှာ ၃၇၇၂ ဧကရှိပြီး ယခုအခါ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published-22 August 2022
အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များကို လက်မှတ်ရောင်းချရာတွင် အသေးစိတ်အချက်အလက်များကို ရယူထားရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ကားလက်မှတ်ဖြတ်ရာတွင် ခရီးသည်၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်အပြည့်အစုံကို ရယူပြီးမှသာ လက်မှတ်ရောင်းချရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ယင်းအပြင် လမ်းခရီးမှာလိုက်ပါမည့် ခရီးသည်များ၏ အချက်အလက်များကို ရယူပြီး Seating Plan တွင် မှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း သိရသည်။ ခရီစဉ်မထွက်ခွာမီ ယာဉ်ပေါ်ကိုခရီးသည် တင်ဆောင်ချိန်၌လည်း ခရီးသွားလက်မှတ်၊ နိုင်ငံသားကတ်နှင့် Seating Plan တိုက်ဆိုင်စစ်ဆေးပြီးမှသာ တင်ဆောင်ရန် ညွှန်ကြားထားသည်။
ရန်ကုန်တိုင်းအခြေပြု၍ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ကနေ ပြေးဆွဲနေသည့်အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများတွင် လူမဲ့တန်ဆာတင်ဆောင်မှုကိုလည်း တားမြစ်ထားကြောင်းသိရသည်။
Ymg/STH
#Yangon_Media_Group
#World_Military
Published 22 August 2022
တောင်ကိုရီးယားနဲ့ အမေရိကန်တိုက တနင်္လာနေ့မှာ သူတို့ရဲ့နှစ်စဉ်စစ်ရေး ပူးပေါင်းလေ့ကျင့်မှုများနဲ့ ကွင်းဆင်းလေ့ကျင့်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာအရာရှိများက အသိပေးလိုက်ပါတယ်။
ဒါဟာ မြောက်ကိုရီးယားဘက်မှ နောက်ထပ်လက်နက်စမ်းသပ်ပစ်လွှတ်လာနိုင်တဲ့ အခြေအနေအတွက် မဟာမိတ်အဖွဲ့များက အသင့်ပြင်ဆင်နေတဲ့သဘော မြင်နေရပါတယ်။
နွေရာသီစစ်ရေး လေ့ကျင့်မှုအဖြစ် ယခုနှစ်မှာ Ulchi Freedom Shield လို့ အမည်ပေးထားကာ စက်တင်ဘာ ၁ ရက်နေ့မှာ ပြီးဆုံးသွားဖို့ သတ်မှတ်ထားပါတယ်။
ဒီမတိုင်ခင်မှာတော့ မေလကမှ သမ္မတရာထူးရရှိထားတဲ့ တောင်ကိုရီးယားသမ္မတ'ယွန်းဆော့ယော'က နှစ်နိုင်ငံစစ်ရေးပူးတွဲလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်သွားရန်နဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားသွားရန် ကတိပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း ကိုဗစ်ကပ်ရောဂါအခြေအနေအပြင် အရင်သမ္မတလက်ထက်က မြောက်ကိုရီးယားနဲ့ ပြန်လည်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တာကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုက ယုတ်လျော့သွားခဲ့ပါသေးတယ်။
စစ်ရေးပြခြင်းက ကျူးကျော်ဖို့အတွက် လေ့ကျင့်ပြင်ဆင်ခြင်းဖြစ်တယ်လို့ မြောက်ကိုရီးယားက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ စစ်ရေးလေ့ကျင့်မှု အကြိုစတင်ပြုလုပ်ပြီးနောက်မှာပဲ ပြီးခဲ့တဲ့အပတ်မှာ မြောက်ကိုရီးယားက အွန်ချွန်အနောက်ကမ်းရိုးတန်းမြို့ကနေ ပဲ့ထိန်းဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ယခုနှစ်အတွင်း မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ၇ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကိုလည်း အချိန်မရွေးပစ်လွှတ်နိုင်တဲ့ အနေအထားရှိကြောင်း ဆိုးလ်မှ တာဝန်ရှိသူများက ပြောကြားထားပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်ဖယ်ရှားဖို့ အစီအစဉ်ရှိပါက တောင်ကိုရီးယားအစိုးရက စီးပွားရေးထောက်ပံ့မှုများ ပံ့ပိုးသွားမှာဖြစ်ကြောင်း သမ္မတကအသိပေးလိုက်ပေမယ့် မြောက်ကိုရီးယားက လက်မခံဘဲ လူသိထင်ရှားတုံ့ပြန်ဝေဖန်လိုက်ပါတယ်။
မဟာမိတ်အဖွဲ့စစ်ရေးလေ့ကျင့်မှုအတွင်း ကွင်းဆင်းလေ့ကျင့်ခြင်းအစီအစဉ် ၁၁ မျိုးပြုလုပ်သွားမှာဖြစ်ပြီး စစ်သားထောင်နဲ့ချီပါဝင်မယ့် တပ်မတော်အဆင့်လေ့ကျင့်မှုလည်း ပါဝင်မှာဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဆိုးလ်မြို့တော်ကို ပစ်မှတ်ထားတဲ့ မြောက်ကိုရီးယားဒုံးကျည်ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ရန် ဒုံးကျည်ခြေရာခံစနစ်များနဲ့ ဟန့်တားဖျက်ဆီးရေးစနစ်များကို အဆင့်မြှင့်ပြုလုပ်သွားမယ်လိုလည်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား ဆက်ဆံရေးဆိုးရွားလာခဲ့ပေမယ့် ၂၀၁၇ ခုနှစ်နောက်ပိုင်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ပူးပေါင်းပြီး ဟာဝိုင်အီကမ်းရိုးတန်းမှာ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Technology
Published 22 August 2022
ကမ္ဘာပေါ်က လက်ကိုင်ဖုန်းတွေမှာပါတဲ့ ကင်မရာတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုကောင်းလာကြပြီး အခုဆိုရင် လေဖြတ်ခြင်းအန္တရာယ်ရှိ/မရှိကိုပါ ကင်မရာဖြင့် သိရှိနိုင်တော့မှာဖြစ်ပါတယ်။
သုတေသီများက လူတွေရဲ့လည်ပင်းထဲက သွေးကြောအကျယ်ကို တိုင်းတာနိုင်မယ့် နည်းပညာအား တီထွင်လိုက်ပါတယ်။
ထိုနည်းပညာကတော့ ခေတ်မီစမတ်ဖုန်းဖြင့် လည်ပင်းကို စက္ကန့် ၃၀ ကြာ စစ်ဆေးဖတ်ရှုရတာဖြစ်ပါတယ်။
လည်ပင်းသွေးကြောကျဉ်းမြောင်းခြင်းက လေဖြတ်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ထိုင်ဝမ်မှ သုတေသီများက 2014 iPhone 6 ဖုန်းဖြင့် သက်ကြီးလူနာအယောက် ၂၀၀ ကျော်ရဲ့လည်ပင်းတွေကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။
လူနာတွေကို ပက်လက်လှန်လှဲခိုင်းပြီး လက်ကိုင်ဖုန်းတပ်ဆင်ထားတဲ့သေတ္တာခွံထဲ ဦးခေါင်းကိုထည့်သွင်းစေပါတယ်။
ထို့နောက် အဆိုပါနည်းပညာဖြင့် သွေးကြောကျဉ်းပြီး လေဖြတ်ခြင်းအန္တရာယ်ရှိတဲ့ လူနာတွေ ၁၀ ယောက်မှာ ၉ ယောက်နှုန်းတွေ့ရှိခဲ့ပါတယ်။
အဆိုပါ တွေ့ရှိချက်က တကယ်အံ့ဩဖွယ်ရာတွေ့ရှိမှုဖြစ်တယ်လို့ ထိုင်ဝမ်တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ'ရှန်လီကောင်'က ပြောပြခဲ့ပါတယ်။
ဗီဒီယိုဖြင့် ရှာဖွေတဲ့နည်းလမ်းက လွယ်ကူတာကြောင့် လက်ကိုင်ဖုန်းဖြင့် အသုံးပြုနိုင်အောင်ဖန်တီးပြီး လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်တော့မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ လေဖြတ်ခြင်းအန္တရာယ်ကို ရောဂါစစ်ဆေးရာမှာ ဈေးကြီးတဲ့ အာထရာဆောင်း၊ စီတီ၊ အမ်အာရ်အိုင်နည်းလမ်းများ အသုံးပြုနေရပါတယ်။
စမတ်ဖုန်းဖြင့် စစ်ဆေးရုံနဲ့ ဆရာဝန်တွေဆီ သွားစရာမလိုတော့ဘဲ ၅ မိနစ်အတွင်း မိမိဘာသာ စစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။
လေဖြတ်ခြင်းဆိုတာက ဦးနှောက်ကို သွေးရောက်ရှိမှု ပြတ်တောက်ကာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အရေးပေါ်အခြေအနေဖြစ်ပါတယ်။
ယူကေရော အမေရိကန်မှာပါ လေဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးမှုနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ အဓိကဖြစ်ပွားနေရပါတယ်။
လေဖြတ်ခြင်းအန္တရာယ်ရှိနေတဲ့သူတွေကို ရောဂါစောစီးစွာရှာဖွေသိရှိဖို့က အလွန်အရေးကြီးကြောင်း ဒေါက်တာ'ကောင်'က ပြောပြပါတယ်။
အရင်က ရောဂါလက္ခဏာမရှိတဲ့သူတွေမှာ လေဖြတ်ခြင်းဖြစ်ပွားသူ နှစ်စဉ် ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းရှိနေပါတယ်။
Apple iPhone 6 ဖြင့် ဗီဒီယိုစမ်းသပ်ရိုက်ကူးရာမှာ ဗီဒီယိုလှုပ်ရှားမှုနည်းပညာဖြင့် လည်ပင်းသွေးကြောတွေကို ပစ်ဇယ် ၁ ကွက်ချင်းစီ ဆန်းစစ်သွားတာဖြစ်ပြီး အဆီစုပုံခြင်းကြောင့်ဖြစ်လာတဲ့ လက္ခဏာလေးတွေကို ရှာဖွေပေးပါတယ်။
အဆိုပါ စမ်းသပ်မှုတွင် သွေးကြောကျဉ်းခြင်းဖြစ်နေတဲ့ဖြစ်စဉ် ၈၇ ရာခိုင်နှုန်းကို ဗီဒီယိုနည်းပညာဖြင့် မှန်ကန်စွာတွေ့ရှိခဲ့ပါတယ်။
ဆေးလိပ်သောက်ခြင်း၊ အစားအစာအဟာရဓာတ်မပြည့်ဝခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ကလည်း သွေးပေါင်ချိန်တိုးခြင်းနဲ့ ကိုလက်စ်ထရောပမာဏမြင့်တက်ခြင်းတို့ကို ဖြစ်စေကာ လေဖြတ်ခြင်းအန္တရာယ်များစေပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 22 August 2022
ကမ္ဘာတဝန်းက ကင်ဆာရောဂါဖြစ်ပွားမှုများကို လေ့လာကြည့်တဲ့အခါ တဝက်နီးပါးခန့်က ဆေးလိပ်နဲ့အရက်ကြောင့်ဖြစ်တယ်လို့ ကမ္ဘာ့စမ်းသပ်ချက်က ဩဂုတ် ၁၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ရင်တော့ ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဘီလ်ဂိတ်စ်ဖောင်ဒေးရှင်းက ထောက်ပံ့ပြီး Lancet ဂျာနယ်မှာ ဖော်ပြခဲ့ရာမှာ ကမ္ဘာ့ပေါ်မှာ ကင်ဆာကြောင့်သေဆုံးခြင်းရဲ့ ၄၄.၄ ရာခိုင်နှုန်းက အကြောင်းအရာ တစ်ခုတည်းကြောင့် ဖြစ်ပါတယ်။
ထိုလေ့လာမှုမှာ ကမ္ဘာတဝန်းမှ သုတေသီပေါင်း ထောင်နဲ့ချီပြီး ပါဝင်ခဲ့ပါတယ်။
ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်း ၃၄ မျိုးတွေ့ရှိခဲ့ကာ ကင်ဆာဖြစ်နိုင်ချေအများဆုံး အကြောင်းအရာက ဆေးလိပ်ဖြစ်ပြီး ၃၃.၉ ရာခိုင်နှုန်း ပါဝင် ပတ်သက်နေပါတယ်။
သူ့နောက်မှာတော့ အရက်က ၇.၄ ရာခိုင်နှုန်းနဲ့ တည်ရှိနေပါတယ်။
ကင်ဆာကြောင့် သေဆုံးရတဲ့ အမျိုးသားတဝက်ကျော်လောက်က ထိုအကြောင်းအရာတွေကြောင့်ဖြစ်ပြီး အမျိုးသမီးတွေကတော့ ၃ ပုံ ၁ ပုံခန့်ရှိပါတယ်။
၂၀၁၉ ခုနှစ်တုန်းက တစ်ကမ္ဘာလုံးအရ ကင်ဆာဖြစ်ရခြင်းအကြောင်းအရာတွေဟာ နေထိုင်မှုပုံစံကြောင့်ဖြစ်ပြီး ထိုနေထိုင်မှုပုံစံကို ပြုပြင်ပြီး လျှော့ချအောင်ပြုလုပ်နိုင်ကြောင်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။
"ကင်ဆာဖြစ်လာနိုင်တဲ့ ပြဿနာတွေက ကမ္ဘာနဲ့တဝှမ်းကြီးထွားလာပါတယ်၊ ဆေးလိပ်သောက်ခြင်းကလည်း ကင်ဆာဖြစ်နိုင်ချေအရှိဆုံး အချက်ဖြစ်နေဦးမှာဖြစ်ပြီး အခြားအကြောင်းအရာတွေကတော့ အပြောင်းအလဲရှိနေနိုင်ပါတယ်"လို့ ဝါရှင်တန်ဆေးတက္ကသိုလ်မှ ဒေါက်တာ'ခရစ္စတိုဖာမာရေး'က ပြောပြခဲ့ပါတယ်။
ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းတဝက်လောက်က ဆေးလိပ်မဟုတ်တာကြောင့် ရောဂါစောစောသိပြီး ထိထိရောက်ရောက်ကုသမှုခံယူမယ်ဆိုရင် ကာကွယ်နိုင်ချေရှိနေဦးမှာပါ။
Source: The Straits Times Monday
#Yangon_Media_Group
Published_ 21 Aug 2022
မြန်မာသူရ ကျောက်မျက် ကုမ္ပဏီပိုင်ရှင် နှင့် ယာဉ်မောင်းတို့ကို ဖမ်းဆီးပြီး သူ၏ပိုင်ဆိုင်မှုများကိုလည်း အကြမ်းဖက်မှုဥပဒေအရ ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ဩဂုတ် ၂၁ ရက် ဒီကနေ့မှာ နစက,က သတင်းထုတ်ပြန်လိုက်ပါတယ်။
ထို့ပြင် ဖားကန့်မြိုနယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက် ကုမ္ပဏီ ခြံဝန်းအတွင်းရှိ နေအိမ်အိပ်ခန်းအတွင်းမှ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်အိမ် ၂ ခုတိုအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုမွန်သူအောင်နှင့် ကို ကျော်သူရတို၏ ထွက်ဆိုချက်များအရ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ လက်နက်ကိုင် PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးမှု (၃၅) ကြိမ်၊ ငွေကျပ် ၁၉၄၇ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် တရုတ်ယွမ် ၁၉၀၀၀။ ကျောက်မျက်လုပ်ငန်းရှင်များကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အဖွဲတွေကို ငွေကြေးထောက်ပံ့ပေးမှု (၃)ကြိမ်၊ ငွေကျပ် ၁၃၃ သိန်း၊အိပန်ဆယ်လိုအား ငွေကြေးထောက်ပံ့ပေးမှု(၇)ကြိမ်၊ ငွေကျပ်သိန်း ၃၉၀၀ ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု (၃)ကြိမ်၊ ငွေကျပ်သိန်း ၁၂၀ ။ မန္တလေးမြိုအတွင်း ဆန္ဒပြသူတွေကို ငွေကျပ်သိန်း ၅၀ ဖြစ်ကြပြီး စုစုပေါင်းငွေကျပ် ၆၁၅၀ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၊ တရုတ်ယွမ် ငွေ ၁၉၀၀၀ တိုအား ထောက်ပံ့ကူညီခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။
အဲဒါကြောင့် အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေအရ ပြစ်မှုနှင့်သက်ဆိုင်သော နေအိမ်၊ ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်း နိုင်သော ပစ္စည်းများအား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ နိုင်ငံဘဏ္ဍာအဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့မှုများမှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် ချမ်းအေးသာစံမြိုနယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦ ၄ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၅ စီး။ ချမ်းအေးသာစံမြိုနယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၈(ဘီ)လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အဦ ၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၂ စီး၊ မီးစက် ၂ လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန် ၈၀ ခန့်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြိုနယ်၊ ဥတ္တသီရိရပ်ကွက်၊ စစ်ကိုင်းလမ်းနှင့် သဇင်(၆)လမ်းထောင့်ရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံး။ ဒက္ခိဏသီရိမြိုနယ်၊ ကြာပင်အုပ်စု၊ ကျောက်မျက်ကွက်သစ်၊ လုံးခင်းလမ်းရှိ ခြံဝန်းနှင့် အဆောက်အဦ ၂ လုံး။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို၊ ရွှေအိုက်ရပ်ကွက်၊ ရွှေလမ်းမကြီးဘေး၊ A လမ်း နှင့် B လမ်းကြားရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံး။ ဖားကန့်မြိုနယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်းအတွင်း၌ အဆောက်အဦမျိုးစုံ ၁၈ လုံး၊ ကျောက်စိမ်းဖြတ်သားနှင့် အရိုင်းတုံး မျိုးစုံ ၁၉၃ တန်၊ မီးခံသေတ္တာ ၂ လုံး၊ MITSUBISHI အမျိုးအစားပစ္စည်းတင် မော်တော်ယာဉ် ၁ စီး။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ၁၀ ဧကကျယ်ဝန်းသည့် ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်အဦမျိုးစုံ ၇ လုံး၊ ကျောက်ဖောက်စက် ၄ လုံး၊ ကျောက်ဖြတ်စက် အကြီး ၄ လုံး၊ ကျောက်ဖြတ်သား တန် ၃၀၊ မြေသယ်ယာဉ် မျိုးစုံ ၁၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဘက်ဟိုးယာဉ် ၅ စီး။
မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ပိုင်ဆိုင်သည့် နေအိမ်၊ ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၁၈၄၄၉ ခန့်အား နိုင်ငံဘဏ္ဍာအဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်မျက်လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် အခြားစီးပွားရေးလုပ်ငန်းရှင်များသည်လည်း အလားတူ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published_21 August 2022
ကရင်ပြည်နယ်အတွင်း ဓာတ်အားပေးတာဝါတိုင် နှစ်ခု ဖောက်ခွဲခံရ၍ မြို့နယ်လေးခုတွင် ဓာတ်အားပြတ်တောက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ သိရသည်။
သြဂုတ်လ ၂၀ ရက် ည ၁၁ နာရီခန့်က ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်၊ကော့နွဲရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင်နှစ်ခု မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံလိုက်ရခြင်းကြောင့် ကရင်ပြည်နယ်အတွင်းရှိမြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ပျက်စီးသွားသော တိုင်များမှာ မော်လမြိုင်-မြဝတီဓာတ်အားလိုင်း ၂၃၀ KV တာဝါတိုင်အမှတ် ၁၇၂ နှင့် ၁၇၃ တို့ဖြစ်ပြီး တိုင်အမှတ် ၁၇၂ တွင် အောက်ခြေအနည်းငယ် ပျက်စီးကာ တိုင်အမှတ် ၁၇၃ မှာ မြေပြင်သို့ လဲကျပျက်စီးသွားကြောင်း၊လျှပ်စစ်ပြတ်တောက်နေသော မြို့နယ်များမှာ ကျုံဒိုး၊ကော့ကရိတ်၊မြဝတီနှင့် ကြာအင်းဆိပ်ကြီးတို့ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1296 of 1642