#WorldHealth
Published 25 May 2022
လူသားတွေအနေနဲ့ ကိုဗစ်ရောဂါမကူးစက်အောင် ခပ်ကင်းကင်းမနေထိုင်နိုင်ပေမယ့် အသစ်ဖန်တီးထုတ်လုပ်ထားတဲ့ စားပွဲတင် လေကန့်လန့်ကာကတော့ အသက်ရှူမှုတ်ထုတ်လိုက်တဲ့လေမှုန်များကို တားဆီးဟန့်တားပေးနိုင်ကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
လေလမ်းကြောင်းများ ဖန်တီးပေးတဲ့ လေကန့်လန့်ကာက ခွဲစိတ်ခန်းတွေမှာ လူနာတွေကိုကာကွယ်ပေးဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။
ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်မှ သုတေသီတွေက စားပွဲတင်လေကန့်လန့်ကာစက်အသစ်ကိုတီထွင်စမ်းသပ်ရာမှာ ဓာတ်ခွဲခန်းပညာရှင်တစ်ဦးက လူနာထံကနေသွေးဖောက်ယူတဲ့ ပုံစံမျိုးနဲ့ စမ်းသပ်ခဲ့ကြပါတယ်။
ရှူထုတ်လိုက်တဲ့လေမှုန်တွေက လေကန့်လန့်ကာကိုဖြတ်မသွားဘဲနဲ့ လမ်းကြောင်းပြောင်းထွက်သွားကြောင်း AIP Advances ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ကြပါတယ်။
လေကန့်လန့်ကာကိုဖြတ်ပြီး လက်ထည့်လိုက်ရင်တောင် လေလမ်းကြောင်းကို မနှောင့်ယှက်နိုင်သလို ကာကွယ်နိုင်စွမ်းကိုလည်း မထိရောက်စေပါဘူး။
စွမ်းဆောင်ရည်မြင့် လေမှုန်စစ်ထုတ်ပစ္စည်း(HEPA)ကို လေစုပ်ယူအပေါက်ထဲမှာ တပ်ဆင်ထားပါတယ်။
တကယ့်လက်တွေ့စမ်းသပ်ရာမှာ ထိရောက်မှုရှိတယ်ဆိုရင် ဆေးရုံဆေးခန်းတွေမှာသာမက ခပ်ခွာခွာ နေထိုင်ဖို့မတတ်နိုင်တဲ့ ဧည့်ကြိုကောင်တာလို နေရာတွေမှာပါ ရောဂါပိုးကာကွယ်ဖို့အသုံးဝင်လာမှာဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Published 25 May 2022
အမေရိကန် ပြည်ထောင်စု တက္ကဆပ်ပြည်နယ် တောင်ပိုင်းရှိ မူလတန်း ကျောင်းတစ်ကျောင်းတွင် ဆယ်ကျော်သက်တစ်ဦးက မေလ ၂၄ရက် အင်္ဂါနေ့က သေနတ်ဖြင့် ပစ်ခတ်ရာ ကလေးငယ်(၁၈)ဦးနှင့် လူကြီး(၃)ဦးသေဆုံးခဲ့ရပါတယ်။ သေနတ်သမားလည်း သေဆုံးသွားတယ်လို့ အရာရှိတွေကပြောပါတယ်။ ဒါဟ အမေရိကန်ပြည်ထောင်စုမှာ ပျံ့နှံနေတဲ့ လူအမြောက်အများကို သေနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်မှုတွေထဲမှာ နောက်ဆုံးအကြမ်းဖက်မှုဖြစ်ပါတယ်။
သေနတ်သမားလို့သံသယဖြစ်ရသူမှာ အသက်၁၈နှစ်အရွယ် ဆာဗာဒါရာမို့စ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ ပြန်လည်တုန့်ပြန်ရင်း ရဲအရာရှိတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့တ်ကပြောပါတယ်။။ အခင်းဖြစ်ပွားရာမှာ အရာရှိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာမပြင်းထန်ဘူးလို့ သူကဆက်ပြောပါတယ်။
သေနတ်သမားဟာ တစ်ယောက်တည်းကျူးလွန်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။
ကလေး(၁၄)ဦးနှင့် ကျောင်းဆရာတစ်ဦးကနဦးသေဆုံးခဲ့ရပြီး နာရီအနည်းငယ်အကြာ အက်ဘော့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တက္ကဆပ်ဆီးနိတ်အမတ်ရိုလန်ဂူတီယာရက်ဇ်က ကလေး၁၈ဦးနှင့်လူကြီး၃ဦးအထိ သေဆုံးသွားပြီလို့ ပြည်နယ်ရဲဌာနကို ကိုးကားပြီး စီအင်န်အင်န်ကို ပြောခဲ့ပါတယ်။
နယူးယောက်က လူမည်းရပ်ကွက် ဘတ်ဖလိုမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ(၁၀)ဦးသေဆုံးခဲ့ရပြီး ၁၀ရက်အကြာမှာ ယခု မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပေါ်ခဲ့တာပါ။
အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ တွေ့နေမြင်နေကျလို ဖြစ်လာနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ယခုနောက်ဆုံးတက္ကဆပ်မူလတန်းကျောင်းပစ်ခတ်မှုမှာ သေနတ်သမားရဲ့ ရည်ရွယ်ချက်ကို လတ်တလော မသိရသေးပါ။
ဆန်အန်တိုနီယိုရဲ့ အနောက်ဖက် မိုင်၈၀ခန့်အကွာမှာရှိတဲ့ တက္ကဆပ်ကယူဗယ်ဒီမြို့ ရော့ဘ်မူလတန်းကျောင်းပစ်ခတ်ခဲ့မှု အခြေအနေ အသေးစိတ်ကို အရာရှိတွေက သိပ်မသိကြသေးဘဲရှိပါတယ်။
သေနတ်သမားဟာ ကားကိုစွန့်ပစ်ထားခဲ့ပြီး ကျောင်းထဲကို ရိုင်ဖယ်သေနတ်ဖြစ်နိုင်တဲ့ သေနတ်ကို ကိုင်ဆောင် ဝင်ရောက်လာခဲ့တယ်လို့ ယုံကြည်ရတယ်လို့ အက်ဘော့က ပြောပါတယ်။
ရာမို့စ်ဟာ မူလတန်းကျောင်းထဲကို သေနတ်နှင့်ဝင်မလာခင် သူ့အဖွားကို အရင်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ ရဲသတင်းအရင်းအမြစ်ကို ကိုးကားပြီး စီဘီအက်စ်က သတင်းထုတ်လွှင့်ပါတယ်။
“သူဟာ ကျောင်းကို မဝင်လာခင် သူ့အဖွားကိုပစ်သတ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဒီပစ်ခတ်မှုနှစ်ခုအကြား ဘယ်လိုချိတ်ဆက်မှုရှိတယ်ဆိုတာကိုတော့ သတင်းအချက်အလက်ထပ်မရသေးပါဘူး” လို့ အက်ဘော့ကပြောပါတယ်။
ဆန်အန်တိုနီယိုတက္ကသိုလ်ဆေးရုံမှာ ပစ်ခတ်မှုကြောင့် လူနာနှစ်ဦးရောက်လာပြီး သူတို့ဟာ အသက်၆၆နှစ်အရွယ် အမျိုးသမီးကြီးနှင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တို့ဖြစ်ပါတယ်။ နှစ်ဦးစလုံးစိုးရိမ်ရတယ်လို့ အဲဒီဆေးရုံက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဝမ်းနည်းကြေကွဲစရာဖြစ်ရပ်အတွက် မေ၂၈ရက် နေဝင်ချိန်အထိ အလံကို တိုင်တစ်ဝက်လွှင့်ထူကြဖို့ အမိန့်ပေးထားပါတယ်။ သူဟာ နိုင်ငံကိုအဲဒီကိစ္စမိန့်ခွန်းပြောမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်တွေဟာ ဒုတိယတန်း၊တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူတွေဖြစ်တယ်လို့ ယူဗယ်ဒီကျောင်းခရိုင်ရဲမှူး ပီတီ အာရက်ဒွန်ဒိုကပြောပါတယ်။ အမေရိကန်ကျောင်းတွေမှာ အဲဒီအတန်းတက်နေတဲ့ကလေးတွေဟာ အသက်အရွယ်အားဖြင့် ၇နှစ်ကနေ ၁၀နှစ်အကြား ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။
Source Reuters
Published 24 May 2022
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကို ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ အထူးရထားအသစ်အဖြစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ကနေ ရထားတစ်စီးဟာ တနင်္လာနေ့က ထွက်ခွာလာပါတယ်။ ဒါဟာ တရုတ်-အာဆီယံ ကုန်သွယ်ရေးစင်္ကြသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပါတယ်။
စက်ပစ္စည်းတွေ၊အီလက်ထရွန်းနစ်နှင့်မော်တော်ကား အစိတ်အပိုင်းတွေပါဝင်တဲ့ TEUကွန်တိန်နာအလုံး(၆၀)ကို သယ်ဆောင်လာတဲ့ ရထားဟာ အနောက်တောင်ယူနန်ပြည်နယ်က လင်ချမ်းကိုဖြတ်သန်းပြီး မြန်မာနိုင်ငံမန္တလေးမြို့ကို ၁၅ရက်အကြာမှာ ရောက်ရှိပါမယ်။
ယခုကုန်ရထားလမ်းကြောင်းဟာ ပုံမှန်လမ်းကြောင်းတွေထက် ရက်ပေါင်း၂၀ အချိန်သက်သာပြီး ထောက်ပို့စရိတ်တွေကိုလည်း ၂၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။
ချုံကျင့်နှင့် အနီးတစ်ဝိုက်က ကုန်ပစ္စည်းတွေဟာ ဒီလမ်းကြောင်းအသစ်ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို တင်ပို့နိုင်မှာဖြစ်ပြီး ဥရောပ၊အာဖရိက၊အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသတွေဆီ ရောက်ရှိမှာဖြစ်ပါတယ်။
အဲဒီအပြင် လမ်းကြောင်းသစ်ဟာ ချုံချင့်ကို အာဆီယံနှင့် RCEPအဖွဲ့ဝင်နိုင်ငံတွေနှင့် ချိတ်ဆက်မှု မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
Source CCTV
#WorldTravel
Published 24 May 2022
ဂျပန်နိုင်ငံက ကျည်ဆံရထားတွေပေါ်မှာ အိမ်မွေးခွေးလေးတွေကို လှောင်အိမ်ဖြင့်ခေါ်ဆောင်ရလေ့ရှိပေမယ့် ပြီးခဲ့တဲ့စနေနေ့ကစပြီး အိမ်မွေးတိရိစ္ဆာန်တွေအတွက် အထူးစီစဉ်ထားတဲ့ရထားတွဲပေါ်မှာ ခြေဆန့်လက်ဆန့်လိုက်ပါစီးနင်းနိုင်ပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 24 May 2022
အာရှရဲ့ အကြီးဆုံးကွန်ပျူတာ ကုန်သွယ်ပြပွဲတွေထဲက တစ်ခုဖြစ်တဲ့ ကွန်ပျူတက်ခ် Computex ပြပွဲကို ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တော်မှာ မေ၂၄ရက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ထိုင်ဝမ်ဟာ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေမှာ ယင်းရဲ့နေရာကိုပိုမိုခိုင်မြဲစေဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယူကရိန်းစစ်နှင့်ကိုရိုနာဗိုင်းရပ်စ်တို့ကြောင့် ထောက်ပို့ကွင်းဆက်တွေပြတ်တောက်နေမှုအပေါ် စိတ်ပူပန်မှုတွေရှိနေလင့်ကစား ထိုင်ဝမ်အဆင့်မြင့်နည်းပညာလုပ်ငန်း စောင့်ကြည့်နေသူတွေက အနာဂတ်မှာ နည်းပညာလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာမယ့်အပေါ် အကောင်းမြင်နေကြပါတယ်။
Source AFP
#LocalNews
Published_24 May 2022
မျောက်ကျောက် (Monkeypox) ရောဂါမှာ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အဆိုပါ ကျောက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း၊ ရှိရင်းစွဲ ကူးစက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေး ညှိနှိုင်းအစည်းအဝေးအတွင်း ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ကလေးငယ်များတွင် ရေကျောက်ရောဂါ (chickenpox) ဖြစ်ပွား တွေ့ရှိမှုများရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး၊ ယခုအခါ ဖြစ်ပွားမှုမရှိတော့သော ကျောက်ကြီးရောဂါ (smallpox)၊ အလွန်ပြင်းထန်ခြင်းမရှိသော ရေကျောက်ရောဂါနှင့် လတ်တလော နိုင်ငံအချို့တွင် ကူးစက်မှုအသစ်များအဖြစ် တွေ့ရှိရသော monkeypox ရောဂါတို့၏ ရောဂါဖြစ်ပွားရာတွင် တွေ့ရှိရသော ရောဂါလက္ခဏာများတွင် ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရေး ကျန်းမာရေး အသိပညာများ မြှင့်တင်ပေးရမည် ဖြစ်ကာ ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း ယင်းကဆိုသည်။
မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါသည် တိရစ္ဆာန်များတွင် ဖြစ်ပွားမှုမှ လူသို့ကူးစက်တတ်သည်ဖြစ်၍ One Health Approach အရ မွေးမြူရေးနှင့် ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်သွားရန် ၊ နိုင်ငံတကာတွင် ကူးစက်ဖြစ်ပွားမှုများကို ဆက်လက်စောင့်ကြည့်၍ နိုင်ငံတွင်း လက်ရှိရောဂါ စောင့်ကြပ်ကြည့်ရှုမှု စနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်နေကြောင်းလည်း သိရသည်။
လတ်တလောတွင် အာဖရိက၊ အမေရိက၊ ဥရောပရှိ နိုင်ငံအချို၌ မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါ ဖြစ်ပွားမှုများ တွေ့ရှိလာရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးချက် ထုတ်ပြန်ထားသည်။
ymg/mt
#yangon_Media_Group
#LocalNews
Published_24 May 2022
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ခွင့်ပြုချက်မဲ့ လူနေတဲအိမ်တွေ အပါအဝင် ခြံဝင်းတွေကို ဖယ်ရှားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စီစဉ်နေပါတယ်။
#Yangon_Media_Group
#LocalNews
Published_24 May 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကန်ပြင်ကျေးရွာတွင် နေထိုင်သော အသက် ၂၁ နှစ် နှင့် ၁၈ နှစ်အရွယ်ရှိ ဇနီးမောင်နှံနှစ်ဦး တစ်ပြိုင်နက်တည်းကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဒီနေ့မေလ ၂၄ ရက် မနက်ကမှ သိရတာ၊ ကောင်လေးက ထွန်းအေးကျော်၊ ကောင်မလေးက အသက် (၁၈)နှစ်ပဲ ရှိသေးတယ်။ မယုယုလှိုင်တဲ့။ ဘာကြောင့် သေရတယ်ဆိုတာတော့ မသိဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဇနီးမောင်နှံမှာ မကြာသေးခင်ကမှ ထိုင်းနိုင်ငံတွင်အိမ်ထောင်ကျ၍ ပြန်လာခဲ့ကာ မောင်ထွန်းအေးကျော်၏နေအိမ်တွင် နေထိုင်ကြခြင်းဖြစ်ကြောင်း၊ ယင်းတို့နှစ်ဦးရုပ်အလောင်းကို စစ်တွေဆေးရုံကြီး၏ ရင်ခွဲရုံတွင်ရင်ခွဲစစ်ဆေး၍ စစ်တွေမြို့သုဿန်တွင် ညနေ ၅ နာရီ အချိန် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -24 May 2022
ရွှေတိဂုံစေတီတော်၊ တန်ဆောင်းတွေမှာရှိတဲ့ ပျက်စီးနေတဲ့ မြန်မာမှုပန်းပုရုပ်ကြွတွေကို အစား ထိုးလဲလှယ် သွားဖို့ရှိတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 24 May 2022
တရုတ်နိုင်ငံ၊ ချုံချင့်မြို့ကနေ ကွန်တိန်နာ အလုံးပေါင်း (၆၀)သယ်ဆောင်လာသည့် ရထားတွဲသည် ဇွန်လအတွင်း မန္တလေးမြို့သို့ရောက်ရှိလာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ရထားတွဲသည် တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်းကနေ ခုတ်မောင်းမည်ဖြစ်ပြီး မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ စတင်ထွက်ခွာလာခဲ့ တာဖြစ်ပါတယ်။
ရထားတွဲ၌ စံချိန်မီကွန်တိန်နာပေါင်း အလုံး (၆၀) သယ်ဆောင်လာပြီး စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ရထားတွဲသည် ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့်ပြည်ထွက်၍ ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် (၁၅)ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ရောက်ရှိမည်ဖြစ်ပြီး ဒါဟာ တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ)စတင် လည်ပတ်ခြင်းကို ကိုယ်စားပြုနေတယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။
ခရီးစဥ်ခန့်မှန်းတွက်ချက်မှုအရ ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှု ကြာချိန်သည် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်မှာဖြစ်တယ်လို့ တရုတ်သံရုံး၏ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/kg
#Yangon_Media_Group
#LocalNews
Published_24 May 2022
ရန်ကုန်မှာ လက်ရှိကျန်နေသေးတဲ့ လက်ဝှေ့ကလပ်တွေ ပျောက်မသွားဖို့ ထိန်းသိမ်းနေရတယ်လို့ နဂါးမာန် မြန်မာ့ရိုးရာလက်ဝှေ့အသင်း နည်းပြချုပ်ကိုကျော်စိုးက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 24 May 2022
ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ကနေ တရုတ်-လာအိုမီးရထားသည် တရုတ်နိုင်ငံ ချုံချင့်မြို့ မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ စတင်ထွက်ခွာသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
မေလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပထမဆုံး “မီးရထားဖြင့် ပြည်ဝင်ပြည်ထွက် မြန်ဆန်စွာ ဂိတ်ဖြတ်သန်းခြင်း” ပုံစံကို အသုံးပြု၍ ပြည်ထွက်လာသော ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် တရုတ်-လာအိုမီးရထားသည် တရုတ်နိုင်ငံ ချုံချင့်မြို့မှ အဆင်ပြေချောမွေ့ စွာ စတင်ထွက်ခွာလာခဲ့ပြီး (၄)ရက်အကြာတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
“railway express” ပုံစံကို အကောင်အထည်ဖော်ဆောင်ပြီးနောက် ရထားသည် စတင်ထွက်ခွာသည့်နေရာမှ အကောက်ခွန်ဌာနသို့ လျှောက်ထားမှုများ ဆောင်ရွက်နိုင်ပြီး အကောက်ခွန်ကြေညာခြင်း၊ စစ်ဆေးခြင်း၊ သယ်ယူပို့ဆောင်မှုအသေးစိတ်အခြေအနေ စာရွက်စာတမ်းများ ပေါင်းစပ်ခြင်း၊ သွားခွင့်ပြုခြင်း စသည့်လုပ်ထုံးလုပ်နည်းများအား တစ်နေရာတည်းတွင် ပြီးမြောက်စေရန် ဆောင်ရွက်နိုင်ကာ ပြည်ထွက်သည့်ဂိတ်ပေါက်တွင် ဂိတ်ဖြတ်သန်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထပ်မံပြုလုပ်ရန် မလိုအပ်တော့ဘဲ တိုက်ရိုက်ဖြတ်သန်းသွားလာနိုင်မှာဖြစ်သည့်အတွက် ဂိတ်ဖြတ်သန်းသည့်အချိန် (၂၄) နာရီကို သက်သာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စုစုပေါင်း သွားလာချိန်ကို ၁ ရက်မှ ၂ ရက်အထိ တိုတောင်းစေပြီး ကွန်တိန်နာတစ်လုံးလျှင် ယွမ် ၂၀၀ ကျော် သက်သာစေမှာဖြစ်တယ်လို့ သိရပါတယ်။
ချုံချင့်အကောက်ခွန်ဌာန၏ စာရင်းဇယားများအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် တရုတ်-လာအိုမီးရထားသည် စုစုပေါင်း (၅၄)ကြိမ် ခုတ်မောင်းပြေးဆွဲခဲ့ပြီး ပုံမှန်ကုန်သေတ္တာ (၁၄၂၂)ခုကို ပို့ဆောင်ခဲ့ရာ ကုန်ပစ္စည်းတန်ဖိုးမှာ ယွမ်သန်း( ၂၅၀)ကျော်ရှိကြောင်း သိရပါတယ်။
အဆိုပါ ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် ကွန်ရက်ကနေ ကုန်ပစ္စည်းများကို လာအို၊ ထိုင်း၊ မလေးရှား၊ မြန်မာ စသည့် အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများသို့ သယ်ယူပို့ဆောင်ပေးပြီး ယူရေးရှား အလယ်ပိုင်းအထိ ဆက်လက်ဖြန့်ကျက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/kg
#Yangon_Media_Group
Page 1290 of 1466