#LocalNews
Published - 10 June 2022
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)သည် ပြီးခဲ့သည့် ဧပြီလအစောပိုင်းတွင် ကယားပြည်နယ်သို အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို ပထမဦးဆုံး ကူညီထောက်ပံ့မှုပေးအပ်ရောက်ရှိခဲ့သော နိုင်ငံတကာအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ပြီး ယနေ့(ဇွန်၁၀ရက်)အထိ ကယားပြည်နယ်ရှိ လူဦးရေ စုစုပေါင်း ၅၄, ၂၀၀ ဦးကိုအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း UNHCR က ထုတ်ပြန်ခဲ့သည်၊၊
မေလ နှင့် ဇွန်လအစောပိုင်းတွင်ဆောင်ရွက်ခဲ့သည့် အဓိကအရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများကူညီထောက်ပံ့မှုများမှတဆင့် ခန့်မှန်းခြေအားဖြင့် လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်များအတွင်း နေထိုင်သူပေါင်း ၂၅,၂၀၀ ဦး အကျိုးခံစားခွင့်ရရှိခဲ့ကြသည်ဟု ဆိုသည်၊၊
UNHCR အနေဖြင့်စောင်များ၊ ဆိုလာမီးအိမ်များ၊ ခြင်ထောင်များ၊ ရေပုံးများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံး ပစ္စည်းများ၊ တာပေါ်လင်စများ၊ ဖျာများ စသည်တို့ကို ကူညီမှုလိုအပ်နေသော အမျိုးသမီးများ၊ အမျိုးသားများနှင့် ၎င်းတို့၏ မိသားစုများထံ ဖြန့်ဝေပေးခဲ့ပါသည်။
UNHCR ၏ ကူညီထောက်ပံ့မှု အစီအစဉ်များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် အထူးသဖြင့် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲသောဒေသများရှိ အကူအညီလိုအပ်နေသော လူမှုအသိုက်အဝန်းများထံ အရေးပေါ်ကယ်ဆယ်ရေး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းများကို လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 10 June 2022
မြန်မာအမျိုးသားလေကြောင်းသည် ရန်ကုန်- ဘန်ကောက်- ရန်ကုန်ခရီးစဉ်များကို နေ့စဉ်ပျံသန်းပြေးဆွဲလျက် ရှိရာ ဇွန် ၁၅ ရက်မှစတင်၍ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ခရီးစဉ်နှစ်ကြိမ်နှုန်းဖြင့် တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းမှ သိရသည်။
ရန်ကုန်- ဘန်ကောက်- ရန်ကုန် ခရီးစဉ်ကို ရန်ကုန်မြို့မှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ဘန်ကောက်သို့ နံနက် ၈ နာရီခွဲတွင် ဆိုက်ရောက်ကာ ဘန်ကောက်မှ ရန်ကုန်သို့ နံနက် ၉ နာရီခွဲ ပြန်လည်ထွက်ခွာပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ကွာလာလမ်ပူ၊ ကိုရီးယား အင်ချွန်းခရီးစဉ်ကို တစ်ပတ် နှစ်ကြိမ် တိုးချဲ့ပျံသန်းသွားရန်ရှိပြီး ဗုဒ္ဓဂယာခရီးစဥ်ကိုလည်း ပျံသန်းပြေးဆွဲရန် စီမံဆောင်ရွက်လျက်ရှိကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကိုလည်း ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ပြီး လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ် ပြေးဆွဲလာသောကြောင့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် အခြားခရီးစဉ်များကိုလည်း ယင်းကဲ့သို တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ymg/NN
#Yangon_Media_Group
#DailyNews
Published - 10 June 2022
၁။ သင်ရိုးညွှန်းတမ်းဖတ်စာများကို မျက်မမြင်စာဖြင့် ဖတ်နိုင်အောင်ဆောင်ရွက်နေ
၂။ နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်းအေးနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပါကစ္စတန်နှင့်အိန္ဒိယ ပန်းရောင်အချိုရည်ကြောင့် ပြည်သူတွေပေါင်းစပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Asia_Business
Published 10 June 2022
ထိုင်းနိုင်ငံမှာ ဆေးခြောက်စိုက်ပျိုးခြင်းနဲ့ လက်ဝယ်ပိုင်ဆိုင်ခြင်းတို့ကို ကြာသပတေးနေ့ကစပြီး တရားဝင်ခွင့်ပြုလိုက်ပါပြီ။
ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဝန်ကြီးက ဆေးခြောက်ပျိုးပင် ၁ သန်းကိုလည်းဖြန့်ဝေဖို့ စီစဉ်နေပါတယ်။
ဆေးခြောက်ပင်ရဲ့အစိတ်အပိုင်းအားလုံးကို မူးယစ်ဆေးဝါးအမျိုးအစားအဖြစ်ကနေဖယ်ရှားဖို့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က ဆုံးဖြတ်လိုက်တာကြောင့် ထိုင်းနိုင်ငံက ဆေးဘက်ဆိုင်ရာနဲ့ စက်မှုလုပ်ငန်းများမှာ အသုံးပြုနိုင်ရန်အတွက် ဆေးခြောက်ပင်အသုံးပြုခြင်းကိုခွင့်ပြုလိုက်တဲ့ ပထမဆုံးအာရှနိုင်ငံဖြစ်လာပါတယ်။
ဒါပေမဲ့ ဆေးခြောက်ကို တစ်ကိုယ်ရည်စိတ်အပန်းဖြေရာမှာ အသုံးပြုခြင်းကို တရားဝင်ခွင့်ပြုထားတဲ့ ဥရုဂွေးနဲ့ ကနေဒါနိုင်ငံတို့ရဲ့လမ်းစဉ်ကိုတော့ လျှောက်လှမ်းသွားမှာ မဟုတ်ပါဘူး။
လူတွေရဲ့စိတ်ခံစားမှု မှိန်းမောခြင်းကိုမဖြစ်စေတဲ့ အပင်အစိတ်အပိုင်းတွေကနေ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုသာ အရင်က ကဖေးတစ်ခုမှာ ရောင်းချခွင့်ပြုခဲ့ရာ ကြာသပတေးနေ့ကတော့ ထိုခွင့်ပြုချက်ကိုထောက်ခံတဲ့ ထိုင်းနိုင်ငံကလူအချို့က ကဖေးဆိုင်ကနေ ဆေးခြောက်ဝယ်ယူပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ဟိုက်လန်းကဖေးကို စောစောရောက်တဲ့လူတွေကတော့ အမျိုးမျိုးသောအပင်ထိပ်ဖူးတွေကို ရွေးချယ်ဝယ်ယူနိုင်ခဲ့ပါတယ်။
"ကျွန်တော်ဆေးခြောက်ရှူတယ်ဆိုတာကို အသံကျယ်ကျယ်နဲ့ပြောနိုင်ပါပြီ၊ အရင်တုန်းက တရားမဝင်သတ်မှတ်ထားတုန်းကလို ဖုံးကွယ်နေစရာမလိုတော့ပါဘူး" လို့ ပထမဆုံးလာဝယ်တဲ့ဧည့်သည်က ပြောပြသွားပါတယ်။
"အစိုးရရဲ့တာဝန်ကတော့ ဆေးဘက်ဆိုင်ရာအတွက်အသုံးပြုဖို့ကိုပဲ ကြေညာရမှာပေါ့၊ ဒါပေမဲ့ ဒီလိုခွင့်ပြုချက်ရအောင် ကျွန်တော်တို့အကြာကြီးစောင့်လိုက်ရပြီး နောက်ဆုံးတော့တရားဝင်ဖြစ်သွားပါပြီ၊ ဆေးခြောက်က ဆိုးကျိုးထက်ကောင်းကျိုးကပိုများတယ်ဆိုတာ အစိုးရကသဘောပေါက်ထားပါတယ်" လို့ ဆေးခြောက်တရားဝင်ဖြစ်ဖို့ တက်ကြွလှုပ်ရှားသူနဲ့ ကဖေးဆိုင်ပိုင်ရှင်ဖြစ်တဲ့ 'ရက်တာပွန်ဆန်ရက်'က ပြောပြသွားပါတယ်။
လူမြင်ကွင်းမှာ ဆေးခြောက်ရှူတဲ့လုပ်ရပ်ကိုတော့ ထိုင်းအစိုးရက အနှောင့်လုပ်ရပ်လို့သတ်မှတ်ကာ ထောင်ဒဏ် ၃ လနဲ့ ၂၅,၀၀၀ ဘတ်(၇၈၀ ဒေါ်လာ) ဒဏ်ကြေးကျခံရနိုင်ပါတယ်။
ဆေးခြောက်ပင်ကထုတ်ယူတဲ့ ဆီလိုမျိုးအရာတွေမှာ လူတွေရဲ့စိတ်ခံစားမှုမှိန်းမောခြင်းဖြစ်စေတဲ့ THC ၀.၂ ရာခိုင်နှုန်းထက်ကျော်ပြီး ပါဝင်တယ်ဆိုရင် တရားမဝင်ဘူးလို့ သတ်မှတ်ထားဆဲဖြစ်နေမှာပါ။
ဆေးခြောက်ဥပဒေအသစ်ထုတ်ပြန်ပြီး စည်းမျဉ်းများရှင်းရှင်းလင်းလင်းမဖြစ်ခင်အထိ ခရီးသွားဧည့်သည်တွေအနေနဲ့ သတိထားသုံးစွဲသင့်ကြောင်း ချင်းမိုင်တက္ကသိုလ် အပင်နှင့်မြေဆီသိပ္ပံဌာနမှ ပရော်ဖက်ဆာ'ဆာရာနာဆွမ်မာနို'က ပြောပြပါတယ်။
ထိုင်းနိုင်ငံက ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာဈေးကွက်မှာဖြန့်ဖြူးချင်နေတာဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာဧည့်ခရီးလုပ်ငန်းကောင်းလည်းရှိထားပြီး သူတို့ဆီကအပူပိုင်းရာသီဥတုကလည်း ဆေးခြောက်စိုက်ပျိုးဖို့သင့်တော်ပါတယ်။
"ကျွန်တော်တို့အနေနဲ့ ဆေးခြောက်ကိုဘယ်လိုသုံးရမလဲဆိုတာ သိရှိရပါမယ်၊ သုံးတတ်မယ်ဆိုရင် ဆေးခြောက်ကရွှေလိုပဲတန်ဖိုးရှိပြီး အရောင်းမြှင့်တင်သင့်ပါတယ်" လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီး'အန်နူတင်ချန်ဝီရာကူလ်'က ပြောကြားလိုက်ပါတယ်။
ဆေးခြောက်အမှုနဲ့ ရင်ဆိုင်နေရသူများကို လွှတ်ပေးပြီး ဆေးခြောက်နဲ့ပတ်သက်လို့ သိမ်းဆည်းထားတဲ့ပစ္စည်းနဲ့ငွေတွေကို ပိုင်ရှင်တွေထံပြန်လည်ပေးအပ်သွားမယ်လို့ နိုင်ငံတကာမူးယစ်ဆေး မူဝါဒလုပ်ငန်းစုမှ အာရှဆိုင်ရာညွှန်ကြားရေးမှူး'ဂလော်ရီယာလိုင်'က ပြောကြားလိုက်ပါတယ်။
ဆေးခြောက်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများမှ ထိုင်းနိုင်ငံရဲ့စီးပွားရေးအကျိုးအမြတ်များရရှိလာဖို့ မျှော်လင့်နေကြပါတယ်။
Source: AP News.
#Yangon_Media_Group
#LocalNews
Published - 10 June 2022
ကမ္ဘာ့ဘဏ်၏ စီးပွားရေးတိုးတက်မှုဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများအတွင်း မြန်မာနိုင်ငံကို ထည့်သွင်းထားခြင်းမရှိဘဲ ချန်လှပ်ထားသည်ကို ကမ္ဘာ့စီးပွားရေးအလားအလာ (ဇွန် ၂၀၂၂) အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့်မသေချာ၊ မရေရာမှုတွေ မြင့်မား နေခြင်းကြောင့် ၂၀၂၁ အလွန် မြန်မာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်မှ ဖယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြပြောဆိုထားသည်။
ယင်းအပြင် နောက်ဆုံးခန့်မှန်းချက်ဖြစ်သည့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကျဆင်းမှုနှုန်း အနုတ် ၁၈ ရာခိုင်နှုန်းရှိမည်ဟု တွက်ချက်ပြီးနောက် ၂၀၂၂ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်မှ မြန်မာ့စီးပွားရေးကို ခန့်မှန်းထားခြင်း မရှိတော့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှအပ ကျန်အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံအားလုံး စီးပွားရေးတိုးတက်မှုရှိနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး အရှေ့အာရှနှင့်ပစိဖိတ်ဒေသ (EAP) နိုင်ငံအတွင်း စီးပွားရေးအလားအလာခန့်မှန်းချက်မှ ဖယ်ထုတ်ခြင်းခံရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းရှိနေပြီး လာအို ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် အရှေ့တီမော ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 10 June 2022
ပြည်ပရောက်မြန်မာလုပ်သားများအနေဖြင့် NUG မှထုတ်ပေးမည့် OERC ကတ်အားလျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ခြင်းတွေ့ရှိပါက နိုင်ငံသားအဖြစ်မှရပ်စဲ၍ ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့်အတွက် အသိအမှတ်ပြုသက်သေခံကတ်အဖြစ် ထုတ်ပေးထားသည့် OWIC အစား ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ် အကိုင်အသိအမှတ်ပြုကတ် (OERC)ကို NUG ဘက်မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ယင်းကြောင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေထိုင်သူ မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါ OERC ကတ်အား လျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်း စိစစ်တွေ့ရှိပါက Black List စာရင်းရေးသွင်း၍ နိုင်ငံကူးလက်မှတ်ပယ်ဖျက်ခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းခံရ၍ ပြည်ဝင်ခွင့်ပိတ်ပင်သွားမည်ဖြစ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ပြီး OWIC သက်တမ်း (၅) နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်/ပြည်ထွက်များ အသုံးပြုနိုင်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 10 June 2022
နယ်ကနေ ရန်ကုန်ကလေးဆေးရုံကြီးကို လာရောက်ကုသနေရသည့် ကလေးလူနာများအတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်၊၊
ဆေးရုံကြီးက လိုအပ်သည့်ဆေးနှင့်နေ့လည်စာ အခမဲ့ပေးသော်လည်း မျက်စိကင်ဆာဖြစ်နေသည့် ကလေးလူနာအတွက် ခွဲစိတ်ကုသရမယ့်စရိတ်၊ သွားလာစရိတ်၊ စားစရိတ်တွေလိုအပ်နေသည်ဟု ဆိုပါသည်၊၊
"နယ်ကနေဆေးရုံလာတက်တဲ့ ကလေးလူနာတွေအတွက်ကတော့ အလှူရှင်တွေလိုပါတယ်၊၊ ကလေးလူနာဖြစ်လို့ မသွားနိုင်မလာနိုင်တော့ တက်စီနဲ့ပဲနေ့စဥ်ဆေးရုံကို အသွားအပြန်ပြရတော့ တက်စီခတွေ ကုန်ကျပါတယ်၊၊ တစ်ရက်ကိုတက်စီခ ၅၀၀၀/ ၁၀၀၀၀ ကုန်ကျပါတယ်၊၊ စားစရိတ်က ဆေးရုံကနေ့ခင်းပိုင်း အခမဲ့ကျွေးတယ်၊၊ ညနေကျတော့ဝယ်စားရတယ်၊၊ အခုမျက်စိကင်ဆာက မျက်စိခွဲထုတ်ရမှာဆိုတော့ ခွဲစိတ်စရိတ်သုံးသိန်းလောက်တော့ ကုန်ဖို့ရှိပါတယ်၊၊မျက်စိခွဲထုတ်လိုက်ရင်တော့ အသက်အန္တရာယ်မရှိတော့ဘူးလို့ ပြောပါတယ်၊၊ ဖုန်း 09441460973 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်"လို့ မျက်စိကင်ဆာဖြစ်ပွားနေတဲ့ ကလေးငယ် ကောင်းခန့်ပိုင်ရဲ့မိခင်က YMG ကို ပြောပါတယ်၊၊
ကလေးလူနာတွေအတွက် ဝေဠုကျော်ဖောင်ဒေးရှင်း ကလည်းတတ်နိုင်သလောက်လှူဒါန်းနေပြီးနေ့စဥ် အကူအညီတောင်းခံထားသည့် ကလေးလူနာများရှိကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက ပြောပါသည်၊၊
လှူဒါန်းလိုသူများ ဝေဠုကျော်ဖောင်ဒေးရှင်းက တစ်ဆင့်လှူဒါန်းနိုင်သလို ကိုယ်တိုင်ကိုယ်ကျလည်း သွားရောက်လှူဒါန်းနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _ 10 June 2022
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက်ရှိပြီး မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာအနုပညာရပ်များကိုပါ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြောသည်။
"ပညာထူးချွန်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ နိုင်ငံ့သားကောင်းများသည် နိုင်ငံတော်အတွက် အားထားရမည့်သူများဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွေမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်တဲ့ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်ချက်နဲ့သင်ကြားပေးလျက် ရှိပါတယ်။ မြန်မာတိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာအနုပညာရပ်တွေပါ သင်ကြားပေးသွားမှာဖြစ်တဲ့အပြင် ယဉ်ကျေးမှုအမွေအနှစ်တွေကိုပါ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖိုလိုပါတယ်" ဟုဒုတိယဝန်ကြီးကပြောသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ ဇွန်လ ၉ ရက်တွင်ကျင်းပခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင်
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပါဝင်အစွမ်းပြခွင့် ရရှိမည်ဖြစ်ပြီး တက္ကသိုလ်အဆင့် အနုသုခုမပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ယူ၍ ကိုယ်ကျင့်တရားကောင်းမွန်သောထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင်ကောင်းများ ဖြစ်ကြပါစေဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြောကြားခဲ့သည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 10 June 2022
အဆောက်အဦများတည်ဆောက်ပြုပြင်သည့် ကုန်ကျစရိတ်များကို Estimate တွက်ချက်နိုင်အောင် ရှေးဟောင်းသုတေသနဝန်ထမ်းများကို သင်တန်းပေးနေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်၊၊
ရှေးဟောင်းသုတေသနဌာနအနေဖြင့် ရှေးဟောင်းအဆောက်အဦများကို ရှေးမူမပျက်ပြန်လည်ပြုပြင်ရသည့်လုပ်ငန်းများဆောင်ရွက်ရပြီး ယင်းအတွက်အဆောက်အဦတည်ဆောက်ပြုပြင်သည့် ကုန်ကျစရိတ် Estimate တွက်ချက်ခြင်း သင်တန်းကိုပေးခြင်းဖြစ်သည်၊၊
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် အဆောက်အဦအသစ် Drawing မှ Computer Excel ဖြင့် Estimate တွက်ချက်ခြင်းသင်တန်းများပေးခဲ့ခြင်းဖြစ်သည်၊၊
သင်တန်းဆင်းပွဲတွင် "အဆောက်အဦအသစ်အတွက် Estimate တွက်ချက်ခြင်း သင်ကြား တတ်မြောက်လျှင် အဆောက်အဦ အဟောင်းကို ပြုပြင်မွမ်းမံရာတွင်လည်း တွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ Civil ဘာသာရပ် မဟုတ်သည့် ဝန်ထမ်းများ တတ်မြောက်သွား၍ ဝမ်းသာရပါကြောင်း၊ အလားတူ အင်ဂျင်နီယာ မဟုတ်သည့် ဝန်ထမ်းများလည်း တက်ရောက်သင်ကြားနိုင်ပါကြောင်း၊ သင်တန်းသားများ အနေနှင့် စိတ်ပါဝင်စားစွာဖြင့် ကြိုးစား သင်ယူကြရန် လိုအပ်ပါကြောင်း"ဟုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းလွင်ကထည့်သွင်းပြောကြားခဲ့သည်၊၊
မေလ(၂၆)ရက်မှဇွန်လ(၈)ရက်အထိသင်တန်းသုံးကြိမ်ဖွင့်ခဲ့ပြီးသင်တန်းသား (၇)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _10 June 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေပြီး ဇွန်လ ၈ ရက်တွင် မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော စတီးရေပိုက်ခေါင်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ကရင်ပြည်နယ် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဇွန်လ ၉ ရက်တွင် လုံးခင်းကျေးရွာဘက်မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်၌ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ(၂၉၁)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၈၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသော လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၇၀,၀၀၀)နှင့် ရွှေဘိုမြိုနယ်အတွင်း တရားမဝင် စက်သုံးဆီ (၉၆၀၀)ဂါလန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၆၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၄၇၀,၀၀၀)ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိသည့် အမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၇၅၅,၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ တစ်ဆင့် သိရသည်။
ymg/NN
#Yangon_Media_Group
#WorldHealth
Published 10 June 2022
အဝလွန်ခြင်းက နှလုံးတည်ဆောက်ပုံအားနည်းနိုင်ပြီး နှလုံးအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်ကြောင်း လေ့လာချက်တစ်ခုမှာတွေ့ရှိထားပါတယ်။
ခန္ဓာကိုယ်အဆီများရာကနေ သွေးလည်ပတ်မှုစနစ်မှာလည်း ပြဿနာတွေဖြစ်နိုင်ပါတယ်။
အဆိုပါသုတေသနကို ဗြိတိန်လူမျိုး ၄၉၀,၀၀၀ နီးပါးဆီကနေ ဆန်းစစ်လေ့လာထားတာဖြစ်ပါတယ်။
BMI များသူတွေနဲ့ ခါးတင်ပါးအချိုးများသူ ၃၀ ရာခိုင်နှုန်းလောက်မှာ နှလုံးအားနည်းခြင်းမျိုးဖြစ်နိုင်ချေရှိနေပါတယ်။
အခြားရောဂါအန္တရာယ်များဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ ကိုလက်စ်ထရောများခြင်းတို့ကိုပါ ထည့်သွင်းပြီးတာတောင် ယခုလိုဖြစ်နိုင်ချေများနေတာဖြစ်ပါတယ်။
BMI ၂၅ မှတ်ထက်များသူတွေကို နှလုံးဓာတ်မှန်ရိုက်ကြည့်ပြီး ကျန်းမာရေးကောင်းမွန်တဲ့သူတွေနဲ့နှိင်းယှဉ်ကြည့်ခဲ့ကြပါတယ်။
အဝလွန်သူတွေမှာ နှလုံးကြွက်သားများထူခြင်း၊ ဒဏ်ရာအမာရွတ်ရှိခြင်း၊ နှလုံးအခန်းညှစ်ထုတ်နှုန်းအားနည်းခြင်းတို ပိုမိုဖြစ်ပွားတာကိုတွေ့ရှိခဲ့ရပါတယ်။
ဒီအခြေအနေတွေက နှလုံးကနေ တစ်ကိုယ်လုံးဆီသို့သွေးရောက်ရှိအောင် ထိရောက်စွာညှစ်ထုတ်နိုင်ဖို့ ခက်ခဲနေပြီး နှလုံးအားနည်းခြင်း စတင်ဖြစ်ပွားလာပါတော့တယ်။
နှစ်စဉ်ယူကေမှာ နှလုံးအားနည်းသူ ၉ သိန်းနဲ့ အမေရိကန်မှာ ၆ သောင်းရှိလာကာ ဗြိတိန်နိုင်ငံရှိလူသေဆုံးမှုနှုန်းရဲ့ ၄ ပုံ ၁ ပုံလောက်ဟာ နှလုံးသွေးကြောရောဂါတွေကြောင့်ဖြစ်နေပါတယ်။
လန်ဒန်ကွင်းမယ်ရီတက္ကသိုလ်မှ သုတေသီတွေက ဗြိတိန်လူမျိုး ၃၁,၁၀၇ ယောက်ကို CMR scan ဖြင့် ရောဂါရှာဖွေကာ နှလုံးအခြေအနေများကို တင်ပြခဲ့ကြပါတယ်။
စမ်းသပ်မှုအစမှာ သူတို့ရဲ့ BMI နဲ့ ခါးတင်ပါးအချိုးကို တိုင်းတာခဲ့ကြပါတယ်။
ကျွမ်းကျင်သူတွေက အဝလွန်ခြင်းနဲ့ နှလုံးအနေအထားပြောင်းလဲသွားပုံများကြား ဆက်စပ်မှုများကို ဆက်လက်စုံစမ်းလေ့လာဖို့ တောင်းဆိုခဲ့ကြပါတယ်။
"အဝလွန်ခြင်းက နှလုံးသွေးကြောရောဂါများဖြစ်နိုင်ပြီး နှလုံးအားနည်းခြင်းဖြစ်တတ်တယ်ဆိုတာကို သိပြီးသားဖြစ်ပါတယ်၊ ဒါပေမဲ့ အခုဆိုရင် အဝလွန်ခြင်းကိုယ်တိုင်ကိုက နှလုံးအားနည်းခြင်းကို စတင်ဖြစ်ပွားစေတယ်လို့ သိလာရပါတယ်"လို့ ကွင်းမယ်ရီမှဒေါက်တာ'ဇာရာရေစီအက်စ်တာဘရက်ဂ်'က ပြောပြပါတယ်။
ယခုလေ့လာမှုကနေ အဝလွန်ခြင်းနဲ့ နှလုံးတည်ဆောက်ပုံအပြောင်းအလဲတို့ကြား ဆက်စပ်ပုံကို ပိုမိုသိရှိနားလည်လာအောင် လေ့လာနိုင်မှာဖြစ်ပါတယ်လို့ ပရော်ဖက်ဆာ'ဂျိမ်းစ်လိုက်ပါ'က ဆိုပါတယ်။
Source: DailyMail
#Yangon_Media_Group
#CovidVaccine
Published 10 June 2022
မိုဒါနာကထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအသစ်ဟာ မူလကာကွယ်ဆေးထက် အိုမီခရွန်မျိုးဗီဇကွဲကို ပိုမိုထိရောက်စွာကာကွယ်နိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ဆောင်းဦးရာသီအတွင်း ရောဂါကူးစက်မှုမြင့်တက်နေခြင်းကို တိုက်ဖျက်ဖို့အတွက် မိုဒါနာက အားမြှင့်ကာကွယ်ဆေး ထုတ်လုပ်နေတာဖြစ်ပါတယ်။
ဒီကာကွယ်ဆေးကို စတုတ္ထအကြိမ်ကိုဗစ်ကာကွယ်ဆေးအဖြစ် စမ်းသပ်ဖို့စာရင်းပေးထားတဲ့ လူပေါင်း ၈၀၀ ကျော်မှာထိုးနှံခဲ့ရာ အိုမီခရွန်ကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းခုခံအား ၈ ဆပိုများကြောင်းတွေ့ရှိခဲ့ရပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲနဲ့ မူလဗိုင်းရပ်စ်တွေကိုပါ ကာကွယ်နိုင်မယ့် ကိုဗစ်ကာကွယ်ဆေးအချက် အလက်တွေကို လာမယ့်အပတ်များအတွင်း တာဝန်ရှိသူများထံ တင်ပြသွားဖိုစီစဉ်ထားပြီး နွေရာသီနှောင်းပိုင်းမှာ ပြည်သူများထံဖြန့်ဝေသွားမယ်လို့ ကုမ္ပဏီကအသိပေးခဲ့ကာ သူတို့ရဲ့ရှယ်ယာတန်ဖိုး ၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။
ကုမ္ပဏီအနေနဲ့ အမေရိကန်အစားအစာနဲ့ကွပ်ကဲရေး(FDA)နဲ့ အခြားတာဝန်ရှိသူများနှင့်ပါ လေ့လာမှု အပိုင်းဆက်စပ်လုပ်ကိုင်လျက်ရှိပြီး လျှောက်ထားတင်ပြချက်တွေ အဆင်ပြေချောမွေ့စေမှာဖြစ်ကြောင်း မိုဒါနာဥက္ကဌ'စတီဖင်ဟော့ဂ်'က ပြောပြပါတယ်။
ဒီကိစ္စတွေအားလုံးကို ရိုးရိုးရှင်းရှင်းနဲ့ ဆွေးနွေးတင်ပြနိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ ဆိုပါတယ်။
အမေရိကန်အပါအဝင် အချို့နိုင်ငံတွေမှာ နှစ်စဉ်ဆောင်းဦးကာလ ကိုဗစ်ကာကွယ်ဆေးထိုးဖို့အစီအစဉ် ချမှတ်မလားဆိုတာတော့ မသိရသေးပါဘူး။
သူတို့ရဲ့အချက်အလက်တွေက အတော်လေးအားရကျေနပ်ဖွယ်ကောင်းပါတယ်လို့ ဗန်ဒါဘစ်လ်ဆေးပညာတက္ကသိုလ်မှ ကူးစက်ရောဂါပညာရှင်ဒေါက်တာ'ဝီလျံရှက်ဖ်နာ'က ဆိုပါတယ်။
ဒေါက်တာက FDA အနေနဲ့ ဒီကာကွယ်ဆေးကို အသိအမှတ်ပြုပေးဖို့မျှော်လင့်နေပြီး အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက အရွယ်ရောက်ပြီးသူ အားလုံးကိုထိုးပေးမှာလား ဒါမှမဟုတ် အသက်ကြီးသူတွေကိုပဲ ထိုးပေးမှာလားဆိုတာလည်း မသိရသေးပါဘူး။
ဩဂုတ်လလောက်မှာ တင်ပို့နိုင်ဖို့အတွက် အားမြှင့်ကာကွယ်ဆေးအသစ်တွေကို ကုမ္ပဏီကအရှိန်မြှင့်ထုတ်လုပ်နေကြောင်း အမှုဆောင်ချုပ်'စတီဖင်ဘန်ဆယ်'က ပြောပြပါတယ်။
အဆိုပါအားမြှင့်ကာကွယ်ဆေးစမ်းသပ်ရာမှာ အရင်ကာကွယ်ဆေးတွေထက် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်လ်တာတို့ကိုကာကွယ်ရာမှာ ပဋိပစ္စည်း(antibody)တွေ ပိုမိုထွက်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
Source: Reuters.
#Yangon_Media_Group
Page 1260 of 1466