Published 24 Nov 2022
အင်ဒိုနီးရှားငလျင်ကြောင့် အပျက်အစီးပုံတွေအကြား အစားအစာနှင့်ရေမရဘဲ (၂)ရက်ကြာ ပိတ်မိနေခဲ့တဲ့ ခြောက်နှစ်သား ကလေးငယ်တစ်ဦးကို ဗုဒ္ဓဟူးနေ့က ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။
ဆန်းကြယ်လှတဲ့ ယခုလိုကယ်တင်နိုင်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ အဲဒီကလေးငယ် အက်ဇ်ကာကို ငလျင်ဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ကူဂန်နန်းဒေသက ဆီယမ်ဂျာအရပ်က ပျက်စီးနေတဲ့အိမ်တစ်လုံးရဲ့ အပျက်အစီးပုံတွေကြားထဲက ကယ်ဆယ်ရေးလုပ်သားတွေက ဆွဲထုတ်ကယ်တင်နိုင်ခဲ့တာတွေ့ရပါတယ်။
“ အက်ဇ်ကာ အသက်ရှင်နေတုန်းပဲလို့သိကြရတာနှင့် ကျွန်တော်အပါအဝင် လူတိုင်းမျက်ရည်ကျကြရတယ်” လို့ အသက် ၂၈နှစ်အရွယ် ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂျက်ဆန်ကိုလီဘူက အေအက်ဖ်ပီကိုပြောပါတယ်။
“သိပ်ကိုဆန်းကြယ်တဲ့အဖြစ်ပဲ” လို့လည်းသူကပြောပါတယ်။ အဲဒီငလျင်ကြီးကြောင့် သေဆုံးခဲ့သူ ၂၇၁ ဦးအထိရှိခဲ့ပြီလည်းဖြစ်ပါတယ်။
Source AFP
#Indonesia_Earthquakes
#Six_years_old_Rescued_from_quake _rubble
#Cianjur_West_Java
#Local_News
Published_24 November 2022
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နယ်စပ်ကုန်သွယ်ရေးတွေမှာ ယွမ်နဲ့ဘတ် ခွင့်ပြုလိုက်တာကြောင့် ကုန်သည်တွေအနေနဲ့ အရင်ထက်အရောင်းအဝယ်ပိုမိုအဆင်ပြေလာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_24 November 2022
ပြည်တွင်းကို ပြည်ပခရီးသွားဧည့်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး ကိုဗစ်မတိုင်ခင် အခြေအနေမျိုးပြန်ရောက်ဖို့အတွက် အနည်းဆုံး အချိန်လေးနှစ်လောက်အချိန်ယူရမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#Local _News
Published _24 November 2022
လက်ရှိမှာ စပါးရိပ်သိမ်းချိန်ကျရောက်နေပြီဖြစ်တဲ့အတွက် ဧရာဝတီတိုင်းရှိ တောင်သူများရဲ့လက်ထဲမှာလည်း စပါးလက်ကျန်များနေပြီး ဆန်ကြမ်းစပါးဈေးကလဲ ဈေးကောင်းရနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 24 November 2022
၁။ ဧရာဝတီတိုင်းရှိ တောင်သူများလက်ထဲစပါးလက်ကျန်များနေပြီး ဆန်ကြမ်းစပါးဈေး ၁၂သိန်းကျော်ထိ ဈေးကောင်းရနေ
၂။ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ကိုဗစ်မတိုင်မီအခြေနေမျိုး ပြန်ရောက်ရန် အနည်းဆုံးအချိန်လေးနှစ် ယူရမည်ဟုဆို
၃။ နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်နှင့် ဘတ်ခွင့်ပြုခြင်းကြောင့် ကုန်သည်များ အရောင်းအဝယ် ပိုမိုအဆင်ပြေလာ
၄။ နှစ်စဉ်ကျင်းပမြဲ အာဂျင်တီးနားမြင်းစီးသူရဲကောင်းပြိုင်ပွဲ ဒီဇင်ဘာ(၆)ရက်နေ့တွင် ကျင်းပမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 24 November 2022
ပူတာအိုမြို့နယ်က သဘာဝရေခဲတောင်တွေမှာ လာမယ့်ဒီဇင်ဘာလအတွင်း ရေစတင်ခဲမှာဖြစ်ပြီး ရေခဲတောင်ခရီးစဉ်တွေ စတင်သွားလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_24 November 2022
ထိုင်းနိုင်ငံနှင့်ခြေစမ်းမည့် မြန်မာအသင်းအတွက် ပဏာမ ကစားသမား ၂၅ ဦးစာရင်းကိုမြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်း ပဏာမကစားသမားများမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် ထိုင်းနှင့်မြန်မာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွင် ကစားကြမည့်သူများ ဖြစ်ပြီး အဆိုပါ ကစားသမား ၂၅ ဦးသည် လေးပွင့်ဆိုင် ခြေစမ်းပွဲမှ ရွေးချယ်ထားသည့် ပြည်တွင်းလိဂ် ကလပ်များမှ ကစားသမားများသာဖြစ်ကြကြောင်း၊ ပြည်ပတွင် သွားရောက်ကစားနေသည့် ကစားသမားများ အနေဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအသင်း ရောက်ရှိမှသာ လာရောက်ပူးပေါင်းကြမည် ဖြစ်ကြောင်း သိရသည်။
နည်းပြချုပ် အန်တွမ်နီဟေးက ယနေ့ထုတ်ပြန်သည့် ကစားသမား ၂၅ ဦးနှင့် ပြည်ပတွင် သွားရောက်ကစားနေသည့် ကစားသမားများအား ပူးပေါင်းလေ့ကျင့်ပြီးသည်နှင့် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း ကစားသမားစာရင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်း လက်ရွေးစင် အသင်းတို့ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာလ ၁၁ ရက်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ခြေစမ်းပွဲအပြီးတွင် AFF MITS UBISHI ELECTRIC CUP 2022 ပြိုင်ပွဲအတွက် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
#ymmg/mt
#Yangon_Media_Group
#Local_News
Published_24 November 2022
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)မှ ရန်ကုန်-ဖနွမ်းပင် တိုက်ရိုက်လေကြောင်းလိုင်းကို နိုဝင်ဘာလ ၂၃ ရက်တွင် ပျံသန်းမှုစတင်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံကနေ ဒေသတွင်းခရီးစဉ်တွေနှင့်ချိတ်ဆက်ပြီး မြန်မာနိုင်ငံကို အဓိကဦးတည် နေရာတစ်ခုအဖြစ် မြှင့်တင်ရန်အတွက် MAI လေကြောင်းလိုင်းမှ ပျံသန်းခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI) က မြန်မာ-ဖူးခက် တိုက်ရိုက်လေကြောင်း ခရီးစဉ်ကိုလည်း အောက်တိုဘာလတွင် တစ်ပတ်နှစ်ရက်နှုန်းဖြင့် တိုးချဲ့ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
မြန်မာလေကြောင်းလိုင်း(MAI) အနေဖြင့် ရန်ကုန် နှင့် ရုရှားနိုင်ငံ မော်စကိုမြို့တို့ကြား ကုန်စည်လေကြောင်းလိုင်းနှင့် ခရီးသည်တင်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ကိုဗစ်ကာလအလွန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဧပြီ (၁၇)ရက်မှ စတင်ပြီး တစ်ရက်လျှင်ပျမ်းမျှ လေကြောင်းလိုင်း ၉ လိုင်း၊ လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက်ပျံသန်းလျက်ရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_24 November 2022
ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့၊ သန်လျင် သဘာဝတရားရိပ်သာ၏ ယာဉ်များကို လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၍ သံဃာတော်တစ်ပါးပျံလွန်ကာ ၃ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
သံဃာတော် ၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၃ ပါး၊ ဒါယကာဒါယိကာမ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ လိုက်ပါလာသည့် မော်တော်ယာဉ်အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ်နှင့် အခြားမော်တော်ယာဉ် စုစုပေါင်း၂ စီးကို နိုဝင်ဘာလ ၂၂ ရက် ည ၉ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ လမ်းဆုံအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ယာဉ် ၂ စီးသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် ၁ စီးမှာ လမ်းဘေးသို့ ထိုးကျခဲ့ ပြီး ကျန် ၁ စီးမှာ ရပ်တန့်သွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သက်တော် ၂၅ နှစ်အရွယ် သံဃာတော် ဘဒ္ဒန္တဇနက၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့ကာဒါယကာဒါယိကာမများဖြစ်သော ဒေါ်အေးသီတာလွင် ၊ ဦးနန်းဦး နှင့် ဦးသက်အောင်ဇော် တို့တွင် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။
ယင်းနောက် အဆိုပါ ပစ်ခတ်သည့် လက်နက်ကိုင်အဖွဲ့က ၎င်းတို့အားလုံးအား မော်တော်ယာဉ်ဖြင့် ကဒဲကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး လွန်တော်မူခဲ့သည့် သံဃာတော်အား နိုဝင်ဘာလ ၂၃ ရက်က ကဒဲကျေးရွာသင်္ချိုင်း၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကာ ဖမ်းဆီးခံခဲ့ရသူများအား မွန်းလွဲပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 24 November 2022
ယခု နိုဝင်ဘာလအတွင်း အခြေခံစားသောက်ကုန် အမျိုးအစားများထဲတွင် ပါဝင်သည့် အာလူးနှင့် ငရုတ်သီးစျေးနှုန်းများ မြင့်တက်နေလျှက်ရှိကြောင်း အရောင်းအဝယ်ပြုလုပ်နေသည့် ကုန်စည်ဒိုင်များထံမှသိရသည်။
"အာလူးနဲ့ ငရုတ်သီးစျေးတွေက အရင်နဲ့စာရင် မြင့်နေတာက ဟုတ်ပါတယ်။ စျေးကွက်ထဲမှာတော့ အာလူးကအစားစားရှိတာပေါ့နော် ဗမာသီးတွေကတော့ ပုံမှန်စျေးပါပဲ အခြားအမျိုးအစားတွေနဲ့ အလုံးကြီးတွေက ပိုပြီးတော့ စျေးတက်နေတာပေါ့။ ပြီးတော့ ငရုတ်သီးကတော့ နဂိုထဲကစျေးကောင်းတယ်။ သူက အခုဆိုရင် ၁သောင်း၈ထောင်ကနေစပြီး အစားစား ၂သောင်းကျော်လောက်ထိ ရှိပါတယ်။" ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ စိန်ရွှေကျော်ပွဲရုံမှ YMG ကို ပြောခဲ့သည်။
နိုဝင်ဘာလ ၁ ရက်တွင် အာလူး တစ်ပိဿာလျှင် ကျပ် ၁၄၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ ငရုတ် တစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၀၅၀၀ ရှိခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်တွင် အာလူး တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ၂၁၅၀ နှင့် ငရုတ်သီးတစ်ပိဿာလျှင် ကျပ် ၂၁၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်းပင်ဖြစ်သည်။
#ymg/NN
#Yangon _media _group
#Local_News
Published_24 November 2022
တရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံ ပါမစ်ခွင့်ပြုချက်ဖြင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပြောင်းတန်ချိန် ၅၀၀၀ ကျော် တင်ပို့ခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ပြောင်းတင်ပို့မှုကို နိုဝင်ဘာလ ၂ ရက်မှ မှစတင်တင်ပို့ခဲ့ပြီး ၂၀ ရက်အထိ ပြောင်းတန်ချိန် ၅၇၃၉ တန်တင်ပို့ခဲ့ကြောင်း ပြောင်း၊ နှံစား ပြောင်း တို့အပြင် ဆန်ကွဲ၊ ရော်ဘာတို့ကို ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဝဥအစို၊ ဝဥအခြောက်၊ ရော်ဘာကြမ်း၊ Rubber M.S.R-20၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ စပျစ်သီး၊ တည်သီးအစို၊ တည်သီးအခြောက်၊ သလဲသီးတို့ကိုလည်း တင်ပို့လျက်ရှိကြောင်း၊ မကြာမီကာလတွင် ကြံရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ကုန်သွယ်မှု ပမာဏတိုးတက်လာမည်ဟုကုန်သည်များမှ ခန့်မှန်းထားသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ခုနှစ်လကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၆၀ သန်းကုန်သွယ်မှုပြုလုပ်ထားပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၄ သန်းကျော်လျော့ကျခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 24 November 2022
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦး အက်ဆစ်ဖြင့် ပက်ခံရမှု ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသနေလူမှုကူညီရေးအသင်းတစ်ခု ထံမှသိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း ၇၈ လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမည်မသိ အမျိုးသား ၂ ဦးက အက်ဆစ်ဖြင့် လောင်းသွားခြင်းဖြစ်သည်ဟု ရွှေချည်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက YMG ကိုပြောသည်။
"ယောင်္ကျားလေး ၂ ယောက်စီးတဲ့ ဆိုင်ကယ်တစ်စီးကခေါင်းကနေ အက်ဆစ်နဲ့ လောင်းသွားတာပါ၊ ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး၊ ညတွင်းချင်းပဲဆေးရုံကြီးကိုပို့ပေးခဲ့ပါတယ်။ ကျွန်တော်တို့ရောက်တော့ သူကပက်ခံရပြီးနေတော့ ရေနဲ့လောင်း၊ သေချာလုပ်ပေးပြီး ပို့ပေးခဲ့ပါတယ်"ဟု ရွှေချည်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါ အမျိုးသမီးသည် ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်ဟု လည်း သိရှိရသည်။
#ymg/NN
#Yangon_Media _Group
Page 1256 of 1766