#Local_News
Published_ 15 June 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဇွန် ၁၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အစည်းအဝေးကို နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မာစွတ်ဘင်မိုမမ် (Mr. Masud Bin Momen) တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေနှင့် ကြုံတွေ့ရသည့် အခက်အခဲများဖြေရှင်းနိုင်ရေး၊ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်း စတင်နိုင်ရန်အတွက် အစီအမံများ ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်နေရာချထားရေး အစီအမံများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ မိမိဆန္ဒအလျောက် နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ စသည့်ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် နေရာချထားပေးမည့် ကျေးရွာများရှိ နေအိမ်များကို ပြန်လည်မွမ်းမံ ပြင်ဆင်နေမှု အခြေအနေများဆွေးနွေးခဲ့ကြပါတယ်။
ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွင် မိတ်ဖက်နိုင်ငံများ၊ အာဆီယံနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published _15 June 2022
နွားနို့ဝယ်လိုအားများနေသည့် ရန်ကုန်မြို့တွင် နွားနို့စျေးကွက်ပိုမိုကောင်းလာစေရန်နှင့် နို့ထွက် ပစ္စည်းအရည်အသွေးမြှင့်တင်နိုင်ရန် နိုင်ငံခြားမျိုးစပ်ထားသည့် နို့စားနွားများကို မွေးမြူသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ အင်းစိန်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် နို့ထွက်ပစ္စည်းများကို အဓိကထားဖြန့်ဖြူးရောင်းချသူများသည် နယူးဇီလန်မှ friesian နွားမျိုးနှင့် Jersey မျိုးစပ်ထားသည့် Kiwi နွားမျိုးနှင့်အတူ နွားနို့ထုတ်လုပ်မှုစွမ်းဆောင်ရည်များအပြင် နို့ပေါင်းစပ်မှုအရည်အသွေးများပါ မြှင့်တင်ထားကြောင်း သိရသည်။
"နို့ထွက်ပစ္စည်းတွေကို အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးမယ်ဆိုရင် နွားနို့အရည်အသွေးက ကျဆင်းလာမှာပါ။ ပြည်ပနိုင်ငံတော်တော်များများကတော့ နို့ထွက်ပစ္စည်း မွေးမြူရေးမှာ နို့အရည်အသွေးကို ထိန်းသိမ်းပြီး ထုတ်လုပ်နေတာတွေ့ရပါတယ်။ နို့စားနွားမွေးမြူရေးမှာ အစာကျွေးတဲ့ ပစ္စည်းတွေကတူကြပေမယ့် သားဖောက်တဲ့နေရာမှာ အမျိုးအစားကွာခြားချက်ရှိပါတယ်။ နွားနို့ရဲ့ အရည်အသွေးကောင်းခြင်း၊ မကောင်းခြင်းတွေဟာ သားဖောက်တဲ့ အမျိုးအစားနဲ့သက်ဆိုင်နေပါတယ်။ ဒါကြောင့် သားဖောက်စနစ်ကို စနစ်တကျကျင့်သုံးပြီး နို့ထုတ်ကုန်တွေကို အရည်အသွေးမြှင့်တင်ဖို့ကြိုးပမ်းနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးမင်းညွှန့်ဦးမှ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နို့စားနွားပေါင်း ၁၆၀၀၀ခန့်ရှိပြီး ယင်းနို့စားနွားတစ်ကောင်ရဲ့ ပျမ်းမျှနို့တိုက်ချိန်ဟာ ရက် (၃၀၀)ရှိကာ တစ်ရက်လျှင် နွားနို့ ငါးပိသာမှ ခြောက်ပိသာအထိ ထွက်ရှိကြောင်း ဌာန၏ ခန့်မှန်းချက် များအရသိရသည်။
နွားနို့စျေးကွက်တည်ငြိမ်မှုသည် အစာကျွေးစရိတ်နှင့် တိုက်ရိုက်အချိုးကျနေပြီး ယင်းဝန်ကြီးဌာနမှ နို့စားနွားမွေးမြူရေးတောင်သူများအတွက် စားကျက်(မြက်နှင့်ပြောင်းဖူး)၊ ထုတ်လုပ်ပြီးသား ကောက်ညှင်းစားကျက်များကို တောင်သူများထံတိုက်ရိုက်ဖြန့်ဝေနိုင်ရေးအား ကြိုးပမ်းနေကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 15 June 2022
နယ်စပ်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများအနေဖြင့် RTD ဖြင့် ကိုဗစ်စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအနက် တမျိုးမျိုးကို မြန်မာနိုင်ငံသို့ဆိုက်ရောက်သည့် နေ့ရက်မတိုင်မီ လွန်ခဲ့သော ၁၄ ရက်ကျော်တွင် အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ပါရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ RDT ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသည့် ခရီးသွားများအနေဖြင့် မိမိတို့ခရီးစဥ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း၊ ယင်းအပြင် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံထားသည့်သူများနှင့် ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမတင်ပြနိုင်သူများအနေဖြင့် အသွားအလာကန့်သတ်ခြင်းဆောင်ရွက်မည်ဖြစ်ပြီး RT-PCR ဖြင့် ကိုဗစ်-၁၉ စစ်ဆေးခြင်းအား သုံးရက်မြောက်နေ့တွင် ဆောင်ရွက်၍ ပိုးမတွေ့ပါက မိမိတို့လာရောက်သည့် ကိစ္စများဆက်လက်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် နိုင်ငံခြားသားခရီးသည်များအနေဖြင့် ကိုဗစ်ရောဂါစစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးမှုကုန်ကျစရိတ်များကို ခရီးသည်မှ ကျခံရမည်ဖြစ်ကြောင်း၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံတကာဝန်ထမ်းများနှင့် မိသားစုဝင်များအား Home Quarantine ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရသော်လည်း မြန်မာနိုင်ငံတွင် နေထိုင်စဥ်အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Ukraine_Crisis
Published 15 June 2022
ယူကရိန်းအရှေ့ပိုင်းကို ထိန်းချုပ်နိုင်ဖို့ ရုရှားတို့က အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေရာခဲ့ရာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဆီဗီရိုဒိုနက်မြို့မှ ဓာတုစက်ရုံတစ်ခုမှာ ပုန်းခိုနေတဲ့ယူကရိန်းတပ်သားတွေကိုလက်နက်ချရန် ဗုဒ္ဓဟူးနေ့အစောပိုင်းက အသိပေးလိုက်ပါတယ်။
အရှေ့ဘက်ဒွန်ဘတ်စ်ဒေသမှာ ရုရှားတို့က အင်တိုက်အားတိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းက အနောက်နိုင်ငံများထံမှ လက်နက်ကြီးများထောက်ပံ့ပေးဖို့ တောင်းဆိုထားပြီး ဒီကိစ္စက ဗုဒ္ဓဟူးနေ့ ဘရူဆဲလ်မှာပြုလုပ်မယ့် နေတိုး(NATO)ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးပွဲမှာ အရေးကြီးခေါင်းစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ရုရှားဗုံးကျဲတိုက်ခိုက်မှုတွေကြား ယူကရိန်းတပ်ဖွဲ့တွေ ခုခံနေခဲ့တဲ့ ဓာတုစက်ရုံ Azot ထဲမှာ အရပ်သား ၅၀၀ ကျော်ပိတ်မိနေပြီး တိုက်ခိုက်မှုများကြောင့် ဆီဗီရိုဒိုနက်စ်မြို့နေရာအတော်များများလည်း ပျက်စီးကြေမွကုန်ကြောင်း ယူကရိန်းဘက်က ပြောကြားလိုက်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ အဓိပ္ပာယ်မဲ့ ခုခံနေခြင်းကိုရပ်တန့်ပြီး မော်စကိုစံတော်ချိန်နံနက် ၈ နာရီမှာ လက်နက်ချသင့်တယ်လို့ ရုရှားနိုင်ငံတော်ကာကွယ်ရေးစီမံခန့်ခွဲမှုဗဟိုဌာနမှအကြီးအကဲ'မီခေးလ်မီဇင့်ဆက်ဗ်'က အင်တာဖက်စ်နယူးစ်အေဂျင်စီကို ပြောပြခဲ့ပါတယ်။
လူသားချင်း စာနာထောက်ထားမှုအရ အရပ်သားတွေကိုထွက်ခွာခွင့်ပေးမယ်လို့ အသိပေးခဲ့ပါတယ်။
မာရီယူပိုလ်မြို့ကသံမဏိမှာလည်း ယူကရိန်းတိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေပုန်းခိုနေခဲ့ရပြီး မေလလယ်လောက်က အညံ့ခံခဲ့ကာ ရုရှားတိုကထိန်းသိမ်းခေါ်ဆောင်သွားခဲ့ပါတယ်။
ဗုံးကျဲတိုက်ခိုက်မှုတွေက ပြင်းထန်လွန်းလို့ ပုန်းနေတဲ့သူတွေတောင်မခံနိုင်တော့ဘူးလို့ လူဟန့်စ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး'ဆာဟေဂေဒိုင်'က ပြောပြပါတယ်။
စစ်ပွဲပဋိပက္ခဖြစ်ရာကနေ ချေမှုန်းရေးအသွင်ဖြင့်လာပြီး စစ်ပွဲမတိုင်ခင်က လူဦးရေ ၁ သိန်းကျော်သာရှိတဲ့ ဆီဗီရိုဒိုနက်စ်မြို့ဟာ တိုက်ပွဲအပြင်းထန်ဆုံး နေရာဖြစ်လာပါတယ်။
မြို့ကိုဆက်သွယ်ထားတဲ့ နောက်ဆုံးတံတားကို ရုရှားတပ်များ ဖျက်ဆီးပစ်ပြီးနောက် ယူကရိန်းဘက်က အရပ်သားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း အပြန်အလှန်အသာရနေခဲ့ကြပြီး ယူကရိန်းအရာရှိတွေဘက်က နောက်ဆုတ်မယ့်အရိပ်အယောင်အနည်းငယ်ပြသခဲ့ပါတယ်။
"ကျွန်တော်တိုကြံ့ကြံ့ခံထားရပါမယ်၊ ရန်သူဘက်က အကျအဆုံးများရင် သူတို့ရှေ့ဆက်ဖို့အင်အားရှိတော့မှာမဟုတ်ပါဘူး" လို့ ယူကရိန်းသမ္မတ'ဇယ်လန်စကီ'က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published_15 June 2022
တရုတ်နှင့် အိန္ဒိယအခြေစိုက် ကုမ္ပဏီ ၅ ခုမှ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ဖွဲနုဆီစက်ရုံစီမံကိန်းတည်ဆောက်ရန် အဆိုပြုလွှာတောင်းခံထားကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) က သိရသည်။
ခန့်မှန်း မြန်မာငွေ ကျပ် ၆ ဒသမ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် အဆိုပါ စက်ရုံစီမံကိန်းအတွက် အိန္ဒိယမှ အတွေ့အကြုံရှိ ကုမ္ပဏီ ၃ ခု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ ၂ ခုတို့အနေဖြင့် ဈေးနှုန်းအဆိုပြုပေးထားသည်ကို လက်ခံရရှိထားကြောင်း၊ ယခုအခါ စီမံကိန်းအတွင်းတပ်ဆင်မယ့် စက်ဒီဇိုင်းကို သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းနေကြောင်း ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာကို ကိုးကား၍ MAPCO ၏ တာဝန်ရှိသူကပြောသည်။
အဆိုပါ ဖွဲနုဆီစက်ရုံကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ တစ်နေ့လျှင် တန် ၂၀၀ ထွက်ရှိသော မြောင်းမြစက်ရုံ (ယခင်ဂုန်နီစက်ရုံ)မှ ဖွဲနုမှ ဖွဲနုဆီကြမ်းထုတ်လုပ်သည့် စက်ရုံကို တိုးချဲ့တည်ဆောက်ရန် MAPCO အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကို စိုက်ပျိုးရေးဦးစီးဌာနထံမှ နှစ်ရှည်ငှားရမ်းထားခြင်းဖြစ်ကြောင်းနှင့် စီမံကိန်းအကျယ်အဝန်းမှာ ၁၀ ဧကခန့်ရှိကာ စက်ရုံဝင်းအတွင်းရှိ သိုလှောင်ရုံ ၆ လုံးကိုလည်း ပြန်လည်ပြုပြင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းမှ ထွက်သည့် ဆီကြမ်း (Crude Rice Bran Oil) များကို ဂျပန်၊ အိန္ဒိယ၊ ထိုင်း စသည့်ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှာဖြစ်ပြီး ဆီထုတ်ပြီး ဖွဲနုများကို ပြည်တွင်းရှိ တိရစ္ဆာန်အစာစပ်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများသို့ ရောင်းချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
photo-MAPCO
ymg/mt
#Yangon_Media_Group
#LocalNews
Published_15 June 2022
ကိုဗစ်မတိုင်မီက ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်ကြမည့် MOU စာချုပ်ချုပ်ဆိုထားသူများအနေဖြင့် မိမိတို့ချိတ်ဆက်ထားသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် ပြန်လည်ဆက်သွယ်နိုင်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေပေးရေးအေဂျင်စီများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် MOU လုပ်သားများအား ထိုင်းနိုင်ငံသို့စေလွှတ်ခြင်းကို ခေတ္တဆိုင်းငံ့ခဲ့ရခြင်း ဖြစ်သောကြောင့် ယခုအခါ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်၍ ပြန်လည် ဆက်သွယ်ကြရန် အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။
"အခုက အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံကို အလုပ်သမားတွေ ပြန်လွှတ်နေပြီဆိုတော့ အရင်က ချုပ်ဆိုထားတဲ့သူတွေ အနေနဲ့ Demand အလိုက် ပြန်လည်စေလွတ်နိုင်ဖို့အတွက် ဆက်သွယ်ကြစေလိုတာပါ၊ ကိုဗစ်မတိုင်ခင်က ပွင့်ဖူးအောင်နဲ့ ချုပ်ထားတာ လူ ၄၀၀ ကျော်လောက် ရှိတယ်။အခု ပြန်ပြီးတော့ လမ်းကြောင်းပွင့်တဲ့အခါ ၂၀၀ လောက် ဆက်သွယ်ထားကြပြီးပြီ၊ တချို့ကလည်း မလုပ်ဖြစ်တော့လို့ ဝန်ဆောင်ခကို ပြန်ထုတ်တာ ရှိတယ်။ အခု ပွင့်ဖူးအောင်နဲ့ MOU လုပ်ထားတဲ့ လုပ်သားထဲမှာ ကျန်နေတာက အယောက် တစ်ရာလောက် ရှိတယ် "ဟု ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မေလ ဒုတိယပတ်ကစ၍ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွတ်ခဲ့သည့် အလုပ်သမားအရေအတွက်မှာ နှစ်ထောင်ကျော် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 15 June 2022
ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူများ၊ ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမပြနိုင်သူများနှင့် (၄၈)နာရီအတွင်း ကိုဗစ်မစစ်ရသေးသူများ အနေဖြင့်ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊
ကယ်ဆယ်ရေးလေယာဉ်တွင် နိုင်ငံခြားသားခရီးသည်များ လိုက်ပါခွင့်မရှိဘဲ မြန်မာနိုင်ငံသားများကိုသာ ခေါ်ဆောင်မည်ဟုဆိုသည်၊၊
ယင်းကဲ့သို့ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူ၊ ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမပြနိုင်သူများနှင့်(၄၈)နာရီအတွင်း ကိုဗစ်မစစ်ရသေးသူများ အနေဖြင့် မြန်မာနိုင်ငံကိုရောက်ရှိပြီး(၁)ရက်မြောက်နေ့တွင် RTD Test kit ဖြင့် လည်းကောင်း၊ (၃)ရက်မြောက်နေ့တွင် RT-PCR ဓာတ်ခွဲစစ်ဆေးမှုဖြင့် လည်းကောင်း စစ်ဆေးမှုခံယူရမည်ဖြစ်သည်၊၊
ကိုဗစ်ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဆေးရုံများကို လွှဲပြောင်းပေးပို့ ကုသစေမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံနှင့် ဟိုတယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုပါက မိမိစရိတ်ဖြင့် ကုန်ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _15 June 2022
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်စသည့် ခေတ် (၄)ခေတ်အကြောင်းကို သမိုင်းဆိုင်ရာစာအုပ်များ ရေးသားထုတ်ဝေသွားမည်ဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
ပြည်တွင်း၌ ရှာဖွေတွေ့ရှိသော သမိုင်းအထောက်အထားများအပေါ် အခြေခံပြီး ကျောက်ခေတ် သမိုင်းစာအုပ်နှင့် ကြေးခေတ်၊ သံခေတ်သမိုင်းစာအုပ်များအတွက် ရာနှုန်းပြည့်ရေးသားပြီးစီးနေပြီဖြစ်ကာ ပျူခေတ်သမိုင်းနှင့် ပတ်သက်၍လည်း ၇၀ ရာခိုင်နှုန်းခန့် ရေးသားထားပြီး ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ကြေးခေတ်၊ သံခေတ်သမိုင်း စာအုပ်ကို ယခုနှစ်အတွင်း ထုတ်ဝေကာ ကျောက်ခေတ်သမိုင်းစာအုပ်ကို ယခုနှစ်ကုန်ပိုင်း (သို့မဟုတ်) လာမည့် နှစ်ဆန်းပိုင်းတွင် ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ပြီး ပျူခေတ်သမိုင်းစာအုပ်ဟာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သော်လည်း အချိန်ယူရေးသားရမည်ဖြစ်သောကြောင့် လာမည့် ဘဏ္ဍာနှစ်တွင်ထုတ်ဝေနိုင်စေရန် ရည်မှန်းထားကြောင်း သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်သမိုင်းစာအုပ်များကို ပြည်တွင်းရှိ သမိုင်းသုတေသနပညာရှင်များက ရေးသားထားပြီး ရှေးဟောင်းသုတေသနမှ ပညာရှင်များ၏ သုတေသနစာတမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများအပြင် ၎င်းတို့ထံမှ အကြံပြုချက်များရယူကာ ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေကြောင်းလည်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 15 June 2022
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်း လေးမျိုးအား တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
Huncihbeauty-Fashion 2 in 1 Lipstick & Lipgloss ၊ PRIM PERFECT- Herbal Toothpaste ၊ Collagen Plus Vit E- Day & Night Cream နှင့် Princess- Whitening Night Cream လေး မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အလှကုန်ပစ္စည်း လေးမျိုးအနက် နှစ်မျိုးသည် ထိုင်းဘာသာဖြင့် ထုတ်လုပ်သည့်ကုမ္ပဏီနာမည်အား ဖော်ပြထားပြီး ကျန်နှစ်မျိုးမှာ ကုမ္ပဏီနာမည် ဖော်ပြထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟုလည်း သိရသည်။
တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း နှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ ပိုဒ် (၃)(ဃ)အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 15 June 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေပဲ ငါးနှင့်ပုစွန်ကန် ဧရိယာ ဧက ၂၅၀၀ခန့်နှင့် ရွှံ့ကဏန်း ထိန်းသိမ်းရေး ဧရိယာ ဧက ၁သောင်းကျော် ဖော်ထုတ်ထိန်းသိမ်းနေကြောင်း သိရသည်။
"စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဟာနိုင်ငံရဲ့ အဓိကအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တာကြောင့် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးမွေးမြူရေးနည်းစနစ်များ ပြန့်ပွားအောင်ဆောင်ရွက်နေလျှက်ရှိပါတယ်။ ငါးသားပေါက်စခန်းတွေက နိုင်ငံ့ဝင်ငွေ အတော်အသင့်ရရှိတဲ့ လုပ်ငန်းတွေဖြစ်တာကြောင့် ပိုမိုတိုးချဲ့ဆောင်ရွက်ဖို့လိုကြောင်း" စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကပြောကြားခဲ့သည်။
ဇွန်လ ၁၄ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်စဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဦးစီးဌာနအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုအခြေအနေများနှင့် မျိုးကောင်း မျိုးသန့်သားပေါက် ထုတ်လုပ်မှုလုပ်ငန်းစဥ်များကို ဒုတိယဝန်ကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#WorldNews
Published 15 June 2022
အမေရိကန်ပြည်ထောင်စု မင်နီဆိုတာရှိစက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ဟာ တစ်နိုင်ငံလုံးဓာတ်ဆီဈေးနှုန်းမြင့်တက်လာတာကို စာနာနားလည်တဲ့အနေနဲ့ "ငါတို့လည်းဆီဈေးတက်လာတာကို သဘောမကျဘူး"ဆိုတဲ့ ဆိုင်းဘုတ်ကို ဆိုင်အပြင်မှာချိတ်ဆွဲထားပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆီဈေးတစ်ဂါလံကို ၄.၇၂ ဒေါ်လာအထိမြင့်တက်လာခဲ့ကာ မာဖီကားပြုပြင်ရေးစင်တာရဲ့ပိုင်ရှင်များက စိန့်အန်သိုနီဓာတ်ဆီဆိုင်အပြင်ဘက်မှာ အဆိုပါ ဆိုင်းဘုတ်ကိုထောင်ထားလိုက်တာဖြစ်ပါတယ်။
ဓာတ်ဆီဆိုင်ပိုင်ရှင်'ချက်ခ်ဂရက်ဖ်'က ဆီဝယ်ယူသူတွေရဲ့ဒုက္ခကို သူတို့လည်းသိရှိနားလည်ကြောင်း ဖော်ပြထားတာဖြစ်တယ်လို မီဒီယာတစ်ခုကိုပြောပြခဲ့ပါတယ်။
အမေရိကန်မှာ ပြီးခဲ့တဲ့ ၁၃ ရက်စလုံး ဓာတ်ဆီဈေးစံချိန်တင်မြင့်တက်ခဲ့ရာ တစ်နိုင်ငံလုံးအနေနဲ့ တစ်ဂါလံကို ၅ ဒေါ်လာနီးပါးအထိရောက်ရှိခဲ့ပါတယ်။
ဝါရှင်တန်ဒီစီအပါအဝင် ပြည်နယ် ၂၁ ခုမှာ ခဲမပါတဲ့လောင်စာဆီတစ်ဂါလံကို ၅ ဒေါ်လာအထိရှိခဲ့ပါတယ်။
"အဲဒီအကြောင်းကို သည်းမခံနိုင်ဘူးဆိုရင်လည်း ထိုင်ငိုနေရုံသာရှိပါတယ်၊ သူတို့လည်းဘာမှမတတ်နိုင်ပါဘူး၊ တစ်ဂါလံအတွက် ၅ ဒေါ်လာပေးရမယ်ဆိုရင် အကုန်အကျများတယ်ဆိုပေမယ့် ပေးမှရမှာပဲလေ" လို့ ဆီဖြည့်သူတစ်ဦးက ပြောပြသွားပါတယ်။
နောက်ထပ်ဝယ်သူတစ်ဦးကလည်း ဆီဈေးမြင့်တက်လာတာကြောင့် သူ့ရဲ့ထရပ်ကားကြီးကို မမောင်းသာတော့ဘဲ ဆီဒန်ကားလေးကိုမောင်းနှင်နေရတယ်လို့ ဆိုလာပါတယ်။
"တခြားကားကိုမောင်းရင် ဆီအပြည့်ဖြည့်ဖို ဒေါ်လာ ၁၀၀ လောက်ကုန်ပါတယ်၊ ဒီကားလေဆိုရင်တော့ ၅၀ ဒေါ်လာလောက်ပဲကုန်ပါတယ်၊ ဆိုင်ကဒီလိုမျိုး ဆိုင်းဘုတ်လေးနဲ့ဖော်ပြထားတာကောင်းပါတယ်၊ ဘဝကအမြဲတမ်း ခက်ခဲနေတာပါပဲ၊ ဒါကြောင့် စိတ်အပန်းပြေစရာရဖို့လည်းလိုအပ်ပါတယ်" လို့ ပြောပြသွားပါတယ်။
Source: New York Post
#Yangon_Media_Group
#LocalNews
Published _ 15 June 2022
တေးသံသွင်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ် ပြုလုပ်ရန်နှင့် သက်တမ်းတိုးလဲလှယ်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။
တေးသံသွင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့် အခန်း(၂) အပိုဒ် ၁၁ နှင့် ၁၂ အရ သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း ကြိုတင်ကာ သတ်မှတ်ပုံစံနှင့်အတူ မှတ်ပုံတင်ကြေး (ကျပ်ငါးထောင်တိတိ) ပေးသွင်းရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဖြစ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှတစ်ဆင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့လည်းကောင်း ဆက်သွယ်၍ တေးသံသွင်းလုပ်ငန်းလုပ်ကိုင် ခွင့်မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးခြင်းများကို လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြောင်းအပါအဝင် သက်တမ်းကုန်လွန်သော လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်း၊ သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်အရ အရေးယူခံရမည်ဖြစ်ကြောင်း ယင်းဌာနမှ အသိပေးကြေညာထားသည်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ပြီးခဲ့သော မတ်လ ၃၀ ရက်တွင် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁)ဖြင့် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား (၁)နှစ် သက်တမ်းဖြင့် ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1251 of 1466