Published 27 Nov 2022
ပျားရည်အိုးပုရွက်ဆိတ် သို့မဟုတ် ပျားရည်ပုရွက်ဆိတ်တွေဟာ ပုရွက်ဆိတ်မျိုးစိတ်များစွာထဲက အထူးပြုလုပ်သားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပင်မတာဝန်က ဝတ်ရည်တွေကို ပျားရည်သိုလှောင်အိမ်ကြီးဖြစ်လာသည်အထိ တစ်ဝတစ်ပြဲစားသုံး ပေးရတာဖြစ်ပါတယ်။
ပျားဆိုတဲ့အင်းဆက်တစ်မျိုးတည်းကသာ ချိုမြပြီးစေးထန်းက အညိရောင်မှာ ရွေရောင်အထိသန်းနေတတ်တဲ့ သဘာဝထွက်ကုန်ဖြစ်တဲ့ ပျားရည်ကို ထုတ်လုပ်ပေးတာ မဟုတ်ဘူးဆိုတာ သင်တို့သိကြပါသလား။ အခြားသော ပျားအမျိုးအစားဖြစ်တဲ့ ပိတုန်းတွေနှင့် နကျယ်ကောင်တွေကလည်း ချိုမြတဲ့ စားဖွယ်ကို ထုတ်လုပ်ပေးကြတယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ပျားရည်အိုးပုရွက်ဆိတ်လို တမူထူးခြားတဲ့ အင်းဆက်တစ်မျိုးကနေ ပျားရည်ထုတ်ပေးတာ ကိုတော့ အံ့အားသင့်ကြမှာဖြစ်ပါတယ်။
လုပ်သားပုရွက်ဆိတ်တွေဟာ မျိုးစုံသော အပင်တွေဆီက ပျားဝတ်ရည်တွေကို စားသုံးကြပါတယ်။ သူတို့ရဲ့ ဝမ်းဗိုက်ကြီး ထဲ ပျားရည်တွေ ပန်းဝင်ဖို့အဆင်သင့်ဖြစ်လာတဲ့အထိ ကျယ်ကားလာတဲ့တိုင် သူတို့က စားသုံးကြရတာဖြစ်ပါတယ်။
ပျားပုရွက်ဆိတ်တွေကနေ ပြန်အန်ထွက်လတဲ့ ချိုမြတဲ့ အရည်တွေကို ပုရွက်ပျားရည်လို့ ခေါ်ကြပါတယ်။
ပျားပုရွက်ဆိတ်မျိုးစိတ်အများစုကို ခြောက်သွေ့တဲ့ ကန္တာရ ဒါမှမဟုတ် ဩစတြေလျ၊အမေရိကန်နှင့် မက္ကဆီကိုက မိုးခေါင်ခြောက်သွေ့တဲ့ ဒေသတွေနှင့်အာဖရိကတိုက်တွေမှာ တွေ့ကြရပါတယ်။ အဲဒီနေရာတွေမှာ အစားအစာရှားပါးတဲ့ အတွက် အဲဒီဝန်းကျင်နှင့် လိုက်လျောညီထွေအသက်ရှင်နေထိုင်လို့ရအောင် ယခုလို သဘာဝအရ ပျားရည်တွေ ထုတ်လုပ်စုဆောင်းတာဖြစ်မယ်လို့ ယုံကြည်ရပါတယ်။
ပျားပုရွက်ဆိတ်တွေဟာ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေဖြစ်လို့ အခြားသော နယ်ချဲ့ ပုရွက်ဆိတ်တွေက တစ်ခါတစ်ခါမှာ သူတို့ကို တိုက်ခိုက်ခိုးယူသွားတတ်ကြပါတယ်။ ဩစတြေလျမှာ ရှေးတိုင်းရင်းသားတွေဟာ ပျားရည်စုဆောင်းပေးတဲ့ အင်းဆက်ကောင်တွေကို အထူးတန်ဖိုးထားကြပါတယ်။ ၁၉၉၀ပြည့်နှစ်က ထုတ်လုပ်ခဲ့တဲ့ သတင်းရုပ်ရှင်ကား Trials Of Life မှာ ဒေးဗစ် အက်တန်ဘရော့တ်က ပျားရည်ပုရွက်ဆိတ်တစ်ကောင်ကို သူ့ပါးစပ်ထဲထိုးထည့်ပြခဲ့ပါတယ်။
ပုရွက်ဆိတ်ကရတဲ့ပျားရည်နှင့် ပျားကောင်က ရတဲ့ပျားရည် ဘာတွေကွာခြားသလဲ။ ဒီနှစ်မျိုးက စကြည့်ကြည့်ချင်းတော့ ဆင်တူသလိုထင်ရပါတယ်။ သေသေချာချာလေ့လာကြည့်တဲ့အခါ ပုရွက်ပျားရည်က ပုံမှန်ပျားရည်ထက် နည်းနည်းကျဲ တောက်တောက်နိုင်ပါတယ်။ ပြီးတော့ အရသာကချိုပေမယ့် လူတွေပုံမှန်စားသုံးနေတဲ့ပျားရည်နှင့်နှိုင်းယှဉ်ရင်တော့ အချိုပေါ့ပါတယ်။သာမာန်ပျားရည်မှာ မတွေ့ရတဲ့ ချဉ်ပြုံးပြုံးအရသာကလေးလည်းပုရွက်ပျားရည်မှာ ရှိနေပါတယ်။
နောက်သိသာတဲ့ ကွာခြားချက်က ပုရွက်ပျားရည်ထဲမှာ ဂလူးကို့စ်ဟာ ဖရူးတို့စ်ထက် ပမာဏပိုများပါတယ်။ သာမာန် ပျားရည်မှာတော့ ဆန့်ကျင်ဖက်ပါ။ ဒါပေမယ့် နှစ်မျိုးစလုံးဆီမှာတော့ antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မြင့်မားမားပါဝင်နေတာဖြစ်ပါတယ်။
Source: nairaland.com
#Honeypot_Ants
#Honey_producing_ants
#Camponotus_inflatus
#Local_News
Published_27 November 2022
ခရီးသွားရာသီကာလအတွင်း ပြည်ပကိုခရီးထွက်တဲ့ မြန်မာနိုင်ငံသားပိုများလာပြီး ဗုဒ္ဓဂါယာကို အများဆုံးသွားရောက်ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးနောင်းနောင်းဟန် ကပြောပါတယ်။
#Yangon_Media_Group
Published 27 Nov 2022
❇️ အစိုးရအဖွဲ့ကို အရွယ်အစားလျှော့ချပစ်မည်ဖြစ်ကာ အစိုးရအဖွဲ့ဝန်ကြိးတွေကို မြှောက်စားလို၍ ခန့်ထားခြင်းမျိုး ရှောင်ရှားမည်ဟု မလေးရှားဝန်ကြီးချုပ်အသစ် အန်ဝါ အီဗရာဟင်က ပြော
❇️ “ သူတို့ဟာ ကျွန်တော့်ရဲ့မူဝါဒတွေနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး၊အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်အသက်သွင်းရေးကိုဦးတည်တဲ့ ကျွန်တော့်ရဲ့ ကတိကဝတ်တွေကို အထောက်အကူပြုစေချင်တယ်” လို့ သူက ပြော
❇️ တကယ်လိုအပ်လာလို့ ကိစ္စတစ်ခု သို့မဟုတ်နှစ်ခုလိုမျိုး ကျွန်တော်တို့စဉ်းစားနိုင်တယ်။ ဒါပေမယ့် အဲသလိုခန့်တာကို ကျွန်တော့်ကိုထောက်ခံခဲ့လို့ ပြန်ပြီး မြှောက်စားပေးတာမျိုးလို့ မြင်သွားတာမျိုးမဖြစ်သင့်ဘူး” လို့ သူက သတင်းစာရှင်းလင်းပွဲတွင်ပြော
❇️ လောလောဆယ်တွင်အစိုးရဖွဲ့ရန် ညွန့်ပေါင်းအဖွဲ့များနှင့် ဆွေးနွေးနေဆဲဖြစ်ပြီး ထိုညွန့်ပေါင်းတွင် အဓိက(၄)ပါတီပါဝင်ကာ အစိုးရအဖွဲ့ဝန်ကြီးများကို လာမည့်ရက်ပိုင်းအတွင်းခန့်အပ်မည်ဟုဝန်ကြီးချုပ်ပြော
❇️ သောကြာနေ့တွင် ဝန်ကြီးချုပ်အဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ရာ၌ သူက ဝန်ကြီးအဖွဲ့အရွယ်အစားကို ချုံ့ပစ်မည် ဖြစ်ကာ သူခန့်အပ်ရန် လျာထားသူများနှင့် လစာများလျှော့ယူဖို့ကိစ္စ ညှိနှိုင်းဆွေးနွေးနေဟု အန်ဝါကပြော
Source CNA
#Anwar_Ibrahim
#Malaysia_Cabinet
#Malaysia_Politics
#LocalNews
Published_27 November 2022
MoU မြန်မာအလုပ်သမား ၉၉ ဦး ကော့သောင်းနယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံသို့ နိုဝင်ဘာလ ၂၅ ရက်တွင် ထပ်မံထွက်ခွာခဲ့ကြကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန က သိရသည်။
ထိုင်းနိုင်ငံရှိ Siam Health Group Co, Ltd နှင့် Innowoods Co, Ltd တွင် လုပ်ကိုင်မည့် အလုပ်သမား ၄၉ ဦးကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရ အေဂျင်စီ J.M.K Services Co, Ltd က လည်းကောင်း၊ ထိုင်းနိုင်ငံ KL Concrete and Construction Co, Ltd တွင် လုပ်ကိုင်မည့် အလုပ်သမား ၅၀ ဦးကို Thet Mann Services Co, Ltd ကလည်းကောင်း ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအလုပ်သမားများအနေဖြင့် (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ် ၊ ကော့သောင်း အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_27 November 2022
တပ်မတော် နှင့် AA အပစ်ရပ်ပြီးဖြစ်၍ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေကြောင်းလိုင်းပြန်ဖွင့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
ပြီးခဲ့သည့်ရပ်ပိုင်းက အလွတ်သဘော အပစ်အခတ်ရပ်စဲပြီးနောက် အဆိုပါရေကြောင်းလိုင်းကို မနက်ဖြန် နိုဝင်ဘာလ ၂၈ ရက်တွင် ပြည်လည်ဖွင့်လှစ်ရန် ရေကြောင်းဦးစီးဌာနအနေဖြင့် ပြင်ဆင်နေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စစ်တွေမြို့က ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အသီးသီးကိုပြေးဆွဲနေတဲ့ ရေလမ်းကြောင်းအားလုံးကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၈)ရက်တွင်စတင် ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_27 November 2022
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့အကြား မြေပြင်ပစ်ခတ်မှုများကို ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
"ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိပါတယ်။မြေပြင်မှာတော့ တိုက်ခိုက်မှုမရှိတာ လေးရက်လောက် ရှိပါပြီ"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က YMG ကို ပြောသည်။
AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခက်ရပ်စဲရေး အလွတ်သဘော သဘောတူညီမှုကို နိုဝင်ဘာလ ၂၆ ရက်က စတင်၍ ရယူထားကြောင်းလည်း မီဒီယာအချို့ကို ပြောထားသေးသည်။
ယင်းသို့ အပစ်ရပ်စဲရေးမှာ ယခင်က ပြုလုပ်သည့်အတိုင်း အလွတ်သဘော အပစ်ရပ်စဲရေးဖြစ်ကြောင်းနှင့် ကြားခံချိတ်ဆက်ဆောင်ရွက်ပေးသူများက တစ်ဆင့် ညှိနှိုင်းခဲ့ကြခြင်းဖြစ်ကြောင်း၊လက်ရှိတွင် ရောက်သည့်နေရာတွင် အပစ်ရပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊သို့သော်လည်း ယင်းတို့အနေဖြင့် နိုင်ငံရေးရပ်တည်ချက်က မပြောင်းလဲကြောင်း ခိုင်သုခ ၏ ပြောကြားချက်အရ သိရသည်။
ရခိုင်ပြည်နယ်တွင် မူလအပစ်ရပ်ထားရာက ပြီးခဲ့သည့် ဇူလိုင်လကစ၍ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နှစ်ဖက်အထိနာမှုများရှိခဲ့ကာ ဒေသခံ စစ်ရှောင်အရေအတွက်လည်း များလာခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 27 Nov 2022
✅ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အမ်က သူ့နိုင်ငံရဲ့ အန္တိမရည်မှန်းချက်ဟာ ကမ္ဘာ့ စွမ်းအားအရှိဆုံး နျူကလီးယားအင်အား ပိုင်ဆိုင်ဖို့ပဲဖြစ်တယ်လို့ပြော
✅ မကြာသေးခင်က မြောက်ကိုးရီးယားရဲ့ အကြီးဆုံး ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်မှုတွေအတွင်း ဒါဇင်ပေါင်းများစွာသော စစ်အရာရှိတွေကို သူက ရာထူးတိုးပေးရင်းပြောဆိုခဲ့
✅ သူဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် Hwasong-17 တိုက်များအကြားပစ်လွှတ်သည့်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို စစ်ဆေး ပြီးနောက် ယင်းကြေညာချက်ထွက်ပေါ်လာ
✅ နျူကလီးယားအင်အားတွေတည်ဆောက်ခြင်းဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊အချုပ်အခြာအာဏာနှင့် ပြည်သူတွေကို ယုံကြည်စိတ်ချရစွာ ကာကွယ်ပေးနိုင်ဖို့အတွက်ဖြစ်တယ်လို့ သူကပြော
✅ သူက Hwasong-17 ဒုံးကျည်ကို ကမ္ဘာ့ အားအပြင်းထန်ဆုံး မဟာဗျူဟာလက်နက် လို့ ခေါ်ဆိုလိုက်ပြီး ဒါဟာ မြောက်ကိုးရီးယားရဲ့ ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်ကို နောက်ဆုံးမှာ တည်ဆောက်နိုင်တဲ့စွမ်းရည်ကို ပြသလိုက်တာလို့ပြော
✅ ပဲ့ထိမ်းဒုံးကျည်ပေါ်မှာ နျူကလီးယားထိပ်ဖူးကို တပ်ဆင်တဲ့ နည်းပညာကို မြောက်ကိုးရီးယားသိပ္ပံပညာရှင်တွေက အံအားသင့်ဖွယ် တည်ဆောက်လိုက်နိုင်ခဲ့ပြီလို့ သူကပြော
✅ နျူကလီးယား အခြောက်အဟန့်ကို သူ့အနေနှင့် ဆက်လက်ပြီး အလွန်လျင်မြန်တဲ့နှုန်းနှင့် အင်အားပိုကောင်းလာအောင် တိုးချဲ့သွားမယ်လို့ သူက ဒုံးကျည်စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ ပညာရှင်တွေ၊စစ်ဘက်အရာရှိကြီးတွေနှင့်အတူ ဓာတ်ပုံအရိုက်ခံရင်း ဆက်လက်ပြောဆို
✅ Hwasong-17 တည်ဆောက်နေစဉ်အတွင်း တစ်ခုပြီးတစ်ခု သူတို့သင်ယူခဲ့ကြရတယ်လို့ သူတို့က ကင်မ်ကိုပြောပြ
✅ အဆိုပါဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးကို ရောက်ရှိနိုင်စွမ်းရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ချက်ခြင်းပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌက မြောက်ကိုးရီးယား ဒုံးကျည်ပစ်လွှတ်တာနှင့်ပတ်သက်လို့ ဆုံးဖြတ်ကြေညာချက် ထုတ်ပေးဖို့တောင်းဆိုခဲ့
✅ ဒီဒုံးကျည်ဟာ နယ်ချဲ့အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယား သာလွန်ကြီးစိုးမှုကို တွန်းလှန်နိုင်စွမ်းရှိပြီး မြောက်ကိုးရီးယားဟာ အင်အားအကြီးဆုံး တိုက်များအကြားပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ကြောင်းပြသခြင်းဟု နိုင်ငံပိုင် မီဒီယာကပြော
Source : Reuters
#North_Korea_goals_strongest_nuclear_Power
#World's_strongest_nuclear_force
#Kim_Jong_Un
#LocalNews
Published_27 November 2022
ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်သမားများကို လုံးဝခွင့်မပြုထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်- မြန်မာပူးပေါင်း၍ ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေကို အသုံးချ၍ အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုသွားမည်မဟုတ်ဘဲ ရှာဖွေစုံစမ်းပိတ်ဆို့ တားဆီးနှိမ်နင်းမှု စတင်မည်ဖြစ်ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၃ ရက်က ၂၅ ရက်ထိ ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးတွင် အထက်ပါ အကြောင်းအရာ အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်မှုများဆောင်ရွက်ရန်၊ တပ်ရင်းမှူး အဆင့်၊ ဒေသ ကွပ်ကဲမှုအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတို့ကို နှစ်ဘက်သဘော တူညီထားသည့်အတိုင်း လစဉ်၊ နှစ်စဉ်ကျင်းပပြုလုပ်ရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများကို ကြိုတင်တားဆီး ကာကွယ်သွားရန်၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုသည် မူးယစ်ဆေးဝါးနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုများ ဖြစ်ပေါ်စေသဖြင့် တားဆီးနှိမ်နင်းရေး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာရှိ ကြီးအဆင့် ဆက်သွယ်မှုများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်ကြရန်၊ ယုံကြည်မှု တည်ဆောက်ခြင်း တိုးမြှင့် နိုင်ရေးအတွက် အပြန်အလှန်လည်ပတ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် တွေ့ဆုံဆွေးနွေး မှုများ အခါအားလျော်စွာ ကျင်းပသွားရန်တို့ကိုလည်း ဒီဇင်ဘာလတွင် စတင်အကောင် အထည်ဖော်ဆောင်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။
အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် လုံးဝအခြေပြုခိုအောင်းခွင့် ပြုမည်မဟုတ်ကြောင်း၊ တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်နိမိတ်မျဉ်းတစ်လျှောက် နှစ်ဘက် ညှိနှိုင်းကင်းလှည့်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုကောင်းမွန်အောင် အပြန်အလှန် နားလည်ယုံကြည်မှုများ တည်ဆောက်ခြင်း ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ကုန်းမြေနှင့်မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုများတိုက်ဖျက်ရေး၊ ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကြိုတင်ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်နိမိတ်ဖြတ်ကျော်ခိုးဝင်ခိုးထွက်မှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးစသည်တို့ကိုဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#World_Health
Published 27 November 2022
သားဥအိမ်ကင်ဆာက ယူကေမှာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး တစ်နှစ်ကို လူပေါင်း ၄ ထောင်ကျော်သေဆုံးနေရတယ်လို့ ယူကေကင်ဆာသုတေသနအဖွဲ့က ပြောကြားလိုက်ပါတယ်။
ရောဂါစောစောသိရရင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေမှာဖြစ်တာကြောင့် အသံတိတ်ဒုက္ခပေးနေတဲ့ ရောဂါလက္ခဏာများအကြောင်း သိရှိဖို့အရေးကြီးပါတယ်။
သားဥအိမ်ကင်ဆာဟာ ပိုမိုအဆင့်မြင့်လာမှ ရောဂါလက္ခဏာထင်ရှားတတ်ကြောင်း ဟားဗတ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပညာရှင်များက ပြောကြားလိုက်ပါတယ်။
ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတေွကို သတိပြုသင့်ပြီး အစာစားချိန်မှာ သတိထားမိလောက်တဲ့ အန္တရာယ်ရှိလက္ခဏာတစ်ခုကို ပြောပြလိုက်ပါတယ်။
အချို့အမျိုးသမီးတွေမှာ စားချင်စိတ်မရှိတာမျိုး ကုန်အောင်မစားနိုင်တာမျိုး သတိထားမိလောက်မှာပါလို့ လန်ဒန်အခြေစိုက်ဒေါက်တာ'စတက်ဖာနီအွီ'က The Sun သတင်းစာကို ပြောကြားလိုက်ပါတယ်။
အစောဆုံးလက္ခဏာတွေက အစာအိမ်မှာ အဖုထွက်လာခြင်း၊ အစားများများစားထားသလို ပြည့်တင်းနေခြင်းတို့ ခံစားရတတ်ပါတယ်။
ရုတ်တရက် ကိုယ်အလေးချိန်ကျသွားတာကလည်း အန္တရာယ်ရှိတဲ့လက္ခဏာဖြစ်ပါတယ်။
ကျောဘက်၊ အစာအိမ်တို့မှာ အောင့်ခြင်း၊ လိင်ဆက်ဆံစဉ်နာကျင်ခြင်းတွေ ဖြစ်တတ်ပြီး ရင်ပြည့်ရင်ကယ်တာတွေလည်း ဖြစ်တတ်ပါတယ်။
ဒီလိုလက္ခဏာတွေဖြစ်ပေါ်ခြင်းဟာ သားဥအိမ်ကင်ဆာဖြစ်တယ်လို့ တပ်အပ်မဆိုလိုပေမယ့် ဆရာဝန်နဲ့တော့ တိုင်ပင်သင့်ကြောင်း ပြောပြထားပါတယ်။
သားဥအိမ်ကင်ဆာဖြစ်ပွားသူတွေထဲက ၄ ပုံ ၁ ပုံလောက်ဟာ အသက် ၇၅ နှစ်အထက် အမျိုးသမီးကြီးတွေဖြစ်ပြီး အဖြစ်နည်းတဲ့လက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ ဝမ်းလမ်းကြောင်း အခြေအနေပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်။
အဆိုပါကင်ဆာကုသပုံကတော့ ဖြစ်တဲ့အမျိုးအစားနဲ့ ဘယ်လောက်အထိပျံ့နှံ့နေသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။
များသောအားဖြင့် ခွဲစိတ်မှုပြုလုပ်လေ့ရှိပြီး ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေကို ဖယ်ထုတ်ရကာ လိုအပ်ရင် သားဥအိမ်တွေ၊ သားဥပြွန်တွေနဲ့ သားအိမ်ကိုပါ ဖယ်ထုတ်ရလေ့ရှိပါတယ်။
ဓာတုကုထုံးဖြင့်လည်း ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်များကိုသတ်ရလေ့ရှိပြီး တစ်ခါတရံမှာ ခွဲစိတ်မှုမလုပ်ခင် ကင်ဆာကျုံ့သွားအောင် ဓာတုကုထုံးအသုံးပြုရလေ့ရှိပါတယ်။
ခန္ဓာကိုယ်မှာ ကင်ဆာအလွန်အများပျံ့နှံ့သွားပြီဆိုရင်တော့ ရောဂါလက္ခဏာများလျှော့ချဖို့နဲ့ ကင်ဆာကို အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ဖို့သာ ကုသရပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published_ 27 November 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၂၁ ရက်၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ မအီရှဲန်ကျွဲ့ ၏ နေအိမ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၂၈ ဘီလီယံကျော်တန်ဖိုးရှိ Ecstasy ဆေးပြား ၆၁၆၀၀၀ ပြား၊ စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသော အမှုန့်(Happy Water) ၁၁၃ ဒသမ ၀၄ ကီလို၊ Erimin-5 ဆေးပြား ၃၅၀၀၀ ပြားနှင့် Honda မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ အရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်ပါဝင်သူများ၏ ငွေကြေး ပစ္စည်းများ၊ ပိုင်ဆိုင်မှု များအား ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ထပ်မံအရေးယူ နိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းသတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#World_Health
Published 27 November 2022
ကိုဗစ်ရောဂါကို အာရုံစိုက်လာကြတဲ့အချိန်မှာ ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနဲ့ ရောဂါစောင့်ကြည့်မှုနှုန်း ကျဆင်းလာကာ ကမ္ဘာ့နေရာအနှံ့မှာ ဝက်သက်ရောဂါပျံ့နှံ့ခြိမ်းခြောက်လျက်ရှိကြောင်း WHO နဲ့ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့တို့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဝက်သက်က လူသားတွေမှာ ကူးစက်အမြန်ဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် ရာနှုန်းပြည့်နီးပါးကာကွယ်နိုင်ပါတယ်။
အများပြည်သူကြား ရောဂါပျံ့နှံ့မှုကာကွယ်ရန်အတွက်တော့ ၉၅ ရာခိုင်နှုန်းခန့် ထိုးထားဖို့တော့လိုပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်အတွင်း ကလေးပေါင်းသန်း ၄၀ နီးပါးဟာ ဝက်သက်ကာကွယ်ဆေး မထိုးခဲ့ရကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က တင်ပြထားပါတယ်။
အရင်နှစ်တွေထက်စာရင် ဝက်သက်ဖြစ်ပွားမှု သိပ်ပြီးမများပေမယ့် အခုတော့ ကာကွယ်ရမယ့်အချိန်ရောက်ပြီလို့ WHO မှ ဝက်သက်ရောဂါဆိုင်ရာ အကြီးအကဲ'ပက်ထရစ်အိုကွန်နာ'က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ခပ်ခွာခွာနေထိုင်ခြင်း၊ နှစ်စဉ်ရာသီအလိုက်ဖြစ်ပွားမှုတို့ကြောင့် လက်ရှိမှာ သိပ်ပြီးမကူးစက်သေးပေမယ့် အလျင်အမြန်ကူးစက်တတ်တဲ့ သဘာဝရှိတဲ့အပြင် ဝက်သက်ကာကွယ်ဆေးမထိုးနှံရတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေရောက်လာနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။
၂၀၂၂ အစပိုင်းကနေ ပျံ့ပွားမှုစတင်ခဲ့ကာ ၁၉ ယောက်ကနေ စက်တင်ဘာလအထိ ၃၀ နီးပါးဖြစ်လာပြီး ဆာဟာရအာဖရိကအောက်ပိုင်းတွေမှာ ပိုပြီးစိုးရိမ်ရပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 27 November 2022
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့တို့ ပူးပေါင်းလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များမှ အဆင့်မြင့် ပညာရေး ကိုယ်စားလှယ်များနှင့် စာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့် အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ သုတေသီနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်တို့က “Enhancing Myanmar-Russia Public Diplomacy: Challenges and Opportunities”၊ “The Way Forward for Collaboration between Myanmar and Russia in the Higher Education Sector”၊ “Changes on Public Services in Myanmar”၊ “Myanmar-Russia Higher Education Cooperation”၊ “The Roles of Think Tanks in Myanmar-Russia Relations” စသည့်ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ကြားခဲ့ကြပါတယ်။
ထို့နောက် ရုရှားအဆင့်မြင့်ပညာရေးကိုယ်စားလှယ်များက “Myanmar Studies in Russia: Education and Research”၊ “The Current Balance of Power on World Stage” စသည့် ခေါင်းစဉ်များအား ဖတ်ကြား၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံရှိ Moscow State Institute of International Relations၊ People’s Friendship University of Russia၊ The Pushkin State Russian Language Institute စသည့်တက္ကသိုလ်များမှ တာဝန်ရှိသူများ က ပညာသင်ကြားရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1252 of 1767