Published_ 27 July 2023

လူကယ်ပြန်ဝန်ကြီးဌာနက အများပြည်သူထံတောင်ရမ်းစားသောက်ခြင်းအတွက် လိုင်စင် လျောက်ထားရမည်ဆိုသော ထုတ်ပြန်ချက်မှာ အတုတစ်ခုသာဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အတုတွင် တောင်းရမ်းစားသောက်သူများအနေဖြင့် လူကယ်ပြန်ဝန်ကြီး ဌာန၌  လိုင်စင် ပုံစံ (က)၊ ပုံစံ(ခ)၊ ပုံစံ(ဂ)နှင့် ပုံစံ-အထူးတို့ကို တောင်းရမ်းစားသောက်သည့် လုပ်ငန်းအပေါ်မူတည်၍ လျောက်ထားရမည်ဟု ဖော်ပြပါရှိသည်။

ယင်းထုတ်ပြန်ချက်အား ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က အမိန့်ကြော်ငြာစာအမှတ် (၃၇/ ၂၀၂၃) အရ ဇူလိုင်(၂၃ )ရက်တွင် ထုတ်ပြန် သည်ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်အတုတွင် တောင်းရမ်းစားသောက်သည့် အမျိုးအစား (၇)မျိုး ထည့်သွင်းဖော်ပြထားပြီး၊ စေတီပုထိုးများတွင်တောင်းရမ်းစားသောက်သူ၊ ဘတ်စ်ကားဂိတ်များတွင် တောင်းရမ်းသူ၊ လမ်သွားလမ်းလာများတွင် တောင်းရမ်းသူ၊ လမ်းဆုံလမ်းခွများ မီးပွိုင်များတွင် တောင်းရမ်းသူ၊ ပွဲလမ်းသဘင်များတွင် တောင်းရမ်းသူ၊ ဈေးဝယ်စင်တာများတွင်တောင်းရမ်းသူနှင့် လူကူးကုန်ကျော်တံတားများတွင် တောင်းရမ်းသူဟူ၍ အမျိုးအစားခွဲခြားဖော်ပြထားသည်။

“ ဒါက နစက ကို သက်သက် ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိကို လုပ်နေတဲ့ လုပ်ရပ်ဖြစ်နေတယ်။

ထုတ်ပြန်ချက်မှာ အကြောင်းအရာဘဲ ပြောင်းသွားတာ စာအမှတ်ကမပြောင်းသွားဘူး။

အကြောင်းအရာတွေက ဖြစ်သင့်လား၊ မဖြစ်သင့်လားဆိုတာတော့ လူတိုင်း စဉ်းစားချင့်ချိန်သင့်တယ်လေ။

ဟိုရက်ကလည်း ဗေဒင်ဟောတဲ့ သူတွေ လိုင်စင် လုပ်ရမယ်ဆိုတာ ထွက်လာသေးတယ်။ အဲ့ဒီမှာလည်း  စာအမှတ်က ၃၇/၂၀၂၃ ဘဲ။

ဒါတွေကို ကြည့်တာနဲ့ အတုလား အစစ်လား ခွဲခြားလို့ ရပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဉီးက  Yangon Times ကို ပြောသည်။

ပြီးခဲ့သော ဇူလိုင် (၂၃) ရက်ကလည်း ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်သူများ လိုင်စင်လျောက်ထားရမည်ဆိုသော ထုတ်ပြန်ချက်ကို လူမှုကွန်ရက်စာမျက်နှာတွင် သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်သယောင် မျှဝေခဲ့သေးသည်။

ယင်းအပေါ် ပြည်တွင်းသတင်းမီဒီယာတစ်ခုက  သာသနာရေးဝန်ကြီးဌာနအား မေးမြန်းရာတွင် သတင်းအမှားသာဖြစ်ကြောင်း တုန့်ပြန်ဖြေကြားထားသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times