Published_ 28 July 2023

တရားမဝင် ကုန်သွယ်မှုများအနေဖြင့် ရှောင်ကွင်းလမ်းများ အသုံးပြု သယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေး ဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများ လည်း ရှိနေကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

ဇူလိုင်လ ၂၇ ရက်ကပြုလုပ်ခဲ့သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကို ဖမ်းဆီးရမိ စစ်ကြောချက်များအရ သိရှိရသောကြောင့် အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် OSS ဌာနဆိုင်ရာ စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များတွင်လာဘ်ပေးလာဘ်ယူမှုများမရှိအောင် ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ကြရန် နှင့် စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါက သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်းများအပြင် တာဝန်ရှိသူအဆင့်ဆင့်ကိုပါ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် သယံဇာတများကို တရားမဝင် တူးဖော်သည့် ခန့်မှန်းတန်ဖိုး ကျပ်(၄ ဒသမ ၅၃၁)ဘီလီယံရှိ ဘက်ဟိုးယန္တရား(၅၇)စီး ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ(၁၄၆၂ )မှု၊ ခန့်မှန်းတန်ဖိုး ကျပ် (၄ ဒသမ ၄၂၁) ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု စုစုပေါင်း၏(၃ ဒသမ ၄၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှု များသည် ရှိနေဆဲပင်ဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ အနေဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများ တရားမဝင် ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times