#Local_News
Published_ 20 September 2022
မြန်မာနိုင်ငံတွင် အသေးစားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ပိုင်းအတွင်းဖြစ်ပေါ်လာနိုင်ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်၊၊
စက်တင်ဘာလ(၂၀)ရက်က ပြုလုပ်သည့် နစက ၏ (၂၀)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်၊၊
ဗိုလ်ချုပ်ဇော်မင်းထွန်းက" ပထမဦးဆုံးလုပ်မှာကအသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေးကို ကျွန်တော်တို့လုပ်ဆောင်သွားမှာ ဖြစ်တယ်၊၊ လုပ်ဆောင်နိုင်တဲ့ ခန့်မှန်းခြေကတော့နှစ်ပိုင်းအတွင်းမှာပဲဖြစ်ပေါ်လာနိုင်တယ်လို့ တွက်ပါတယ်၊၊ ဒါတွေဖြစ်ပေါ်နိုင်ဖို့က အသိပညာပေးတာ၊ သတင်းဖြန့်ဖြူးတာတွေကိုအရင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ပြောလိုပါတယ်"ဟု ထည့်သွင်းပြောသည်၊၊
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုသွားမည်ဖြစ်ပြီး ပြည်သူလူထုကို အသိပေးဆောင်ရွက်မည်ဖြစ်သောကြောင့် ပထမဦးဆုံးအဆင့်အနေဖြင့် နျူကလီးယားစွမ်းအင်နှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ အသုံးပြုရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနားလည်အောင်၊ပူးပေါင်းဆောင်ရွက်မှုရရှိအောင် သတင်းအချက်အလက်စင်တာကို ရန်ကုန်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောခဲ့သည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 20 September 2022
စက်သုံးဆီတင် သင်္ဘောများ ရုရှားက ထွက်လာနေပြီဖြစ်သောကြောင့် ရက်ပိုင်းအတွင်း ရန်ကုန်ကိုရောက်ရှိမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်သော အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းမီဒီယာ၏ မေးမြန်းချက်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
"ဖြန့်မှာကတော့ အများပြည်သူကို ဖြန့်မှာ၊ ရုရှားနိုင်ငံက ထွက်လာပါပြီ။ လမ်းခုလတ်မှာရောက်နေပါပြီ။ ဘယ်နေ့ဆိုတာရက် တိတိကျကျ မပြောတတ်ဘူး။ ရက်ပိုင်းအတွင်းရောက်မှာပါ"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်း
နစက အနေဖြင့် ရုရှားက ပထမအသုတ်ရောက်လာမည့် စက်သုံးဆီမှာ တန်ချိန် ၁၅,၀၀၀ ဆံ့ သင်္ဘာ ၂ စီး ဖြစ်၍ စုစုပေါင်း စက်သုံးဆီတန်ချိန် ၃ သောင်းဖြစ်ကြောင်း၊ ရုရှားစက်သုံးဆီများရောက်လာပါက ဈေးနှုန်းမှာ စင်ကာပူကသွင်းနေသော ဈေးနှုန်းထက်လျော့မည်ဖြစ်၍ ပြည်တွင်း စက်သုံးဆီဈေး ကျဆင်းနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းက ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် (၁၂၇/ ၂၀၂၂) ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။
"ရုရှားနိုင်ငံကတော့ ရေနံမူရင်းထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ မူရင်းထွက်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ နံပါတ် (၁) က ဈေးနှုန်းသက်သာရမယ်။ နံပါတ် (၂) က အရည်အသွေး ပြည့်မီပြီးတော့ လျင်လျင်မြန်မြန်ရနိုင်ရမယ်။ ဒီအချက်နှစ်ချက်အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု သြဂုတ်လ ၁၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်းနစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သေးသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 20 September 2022
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force-FATF) ရဲ့ တိုးမြှင့်စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring) ကနေ လွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၏ ပြောပြချက်အရ သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ရမည့် Action Plan ပါ အချက်များထဲမှ ဘဏ်များ၏ ဆုံးရှုံးနိုင်ချေ မြင့်မားသည့်အပိုင်း အပါအဝင် Onsite နဲ့ Offsite စစ်ဆေးခြင်းကို အချိန်မီ ဆောင်ရွက်ခဲ့ကာ ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း (Largely Addressed) အဆင့်သတ်မှတ်ချက် ရရှိထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းအပြင် ဘဏ်များ၏ လျို့ဝှက်ထားရမည့် တာဝန်ကို ကျိုးပေါက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် ပြည်ပငွေလွှဲလုပ်ငန်း ကုမ္ပဏီများ ကြီးကြပ်ရေးလက်ဆွဲကို ပြုစုထားပြီးဖြစ်ကာ ပြည်ပငွေလွှကုမ္ပဏီတွေကို မကြာမီ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံကို ငွေကြေးမသမာမှုလုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးရာဇဝတ်မှု စောင့်ကြည့်အဖွဲ့ - FATF ရဲ့ အမည်ပျက်စာရင်း သွင်းခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။
#ymg/sth
#Yangon_ Media _group
#Local_News
Published- 20 September 2022
မီးဘေး၊ ရေဘေး၊ လေဘေး အပါအဝင် အခြားသော တိုက်ပွဲရှောင်စခန်းများအတွက် ကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော်ထောက်ပံ့ထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ (စက်တင်ဘာလ ၂၀) ရက်နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အကြိမ် (၂၀)မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြို့ပေါင်း ၈၄ မြို့အတွက် ကျပ်သိန်းပေါင်း ၉၀၀၀ ကျော်ကို ထောက်ပံ့ပေးထားပြီး ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စု ၇၆၉ စု လူဦးရေ ၄၅၄၅ ဦးအတွက် ကျပ်သိန်းပေါင်း ၁၇၀၀ ကျော်အပါအဝင် ကချင်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်ဒေသတို့ရှိ စစ်ဘေးရှောင်စခန်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် အိမ်ထောင်စု ၂၅၉၁ စု လူဦးရေ ၁၁၆၉၁ ဦး ငွေကျပ်သိန်းပေါင်း ၃၈၀၀ ကျော်ကိုလည်း ထောက်ပံ့ထားကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် အခြားသောသဘာဝဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူများလည်းရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 20 September 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်နှင့်ပတ်သက်သည့်အမှု နောက်နှစ်ပတ်အကြာ အပြီးသတ်လျှောက်လဲမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲတွင် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူသည်ဆိုသော အမှုမှာ ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်တွင် တရားလွှတ်တော်ချုပ်၌ ရှေ့နေအဖွဲ့က ချေဖျက်ခွင့်တင်ခဲ့သော်လည်း သြဂုတ်လ ၁၇ ရက်က ပယ်ချခဲ့ကြောင်း သိရသည်။
"ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူတယ်ဆိုတဲ့ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ စစ်တယ်။ အပြစ်မရှိဘူးလို့ ပြောတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။နောက်ထပ်နှစ်ပတ်ခွာပြီးတော့ ချိန်းတယ်ဆိုတော့ အောက်တိုဘာလ ၄ ရက်နေ့မှာ ထပ်ချိန်းပါတယ်။ အပြီးသတ် လျှောက်လဲဖို့ပေါ့"ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲဖြစ်သော ရဟတ်ယာဉ်အမှုကိစ္စနှင့်ပတ်သက်၍ အမှုအမှတ် ၄၇ နှင့် ၄၈ တို့အတွက် တရားလိုပြသက်သော ယခင်လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းအား စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ကလည်း အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းလှူခဲ့သည်ကိုလည်း တရားရုံး၌ ကိုယ်တိုင်သက်သေလာရောက် ထွက်ဆိုပြီးလည်း ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ကို ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 20 September 2022
ရုရှားနိုင်ငံကပြုလုပ်သည့်ငွေပေးချေမှု MIR Card ကို မြန်မာတွင် အသုံးပြုရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်၊၊
စက်တင်ဘာလ(၂၀)ရက်က ပြုလုပ်သည့်နစက၏ (၂၀)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်၊၊
ဗိုလ်ချုပ်ဇော်မင်းထွန်းက"ရုရှားနိုင်ငံက ပြုလုပ်တဲ့ MIR Card ကို လျှင်မြန်စွာ အသုံးပြုနိုင်ရေးအတွက် ရုရှားငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ MIR Card မြန်မာနိုင်ငံရဲ့ငွေပေးချေမှုစနစ်မှာ အသုံးပြုနိုင်ရေးအတွက်ဆွေးနွေးလျက်ရှိပါတယ်၊၊ လာမယ့် နိုဝင်ဘာလမှာ တတိယအကြိမ်ရုရှားမြန်မာ အစိုးရ အချင်းချင်းကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင်အစည်းအဝေးရှိပါတယ်၊၊ အဲဒီ့အစည်းအဝေးမတိုင်မီမှာ ရုရှားနိုင်ငံဗဟိုဘဏ်ငွေကြေးဆိုင်ရာ စာတိုပို့စနစ် SPFF စတဲ့ ရုရှားနိုင်ငံဘဏ်တွေနဲ့ အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊၊ အဲဒီ့အချိန်မှာ ရူဘယ်နဲ့ကျပ်တိုက်ရိုက်ပေးချေနိုင်ဖို့အတွက် မြန်မာနိုင်ငံရှိ ဘဏ်တွေအနေနဲ့ ရုရှားဘဏ်တွေမှာ အကောင့်ဖွင့်နိုင်ဖို့နဲ့ SPFF အသုံးပြုနိုင်ဖို့အရေးပါလာမှာ ဖြစ်ပါတယ်"လို့ ထည့်သွင်းပြောခဲ့သည်၊၊
နှစ်နိုင်ငံငွေကြေး တိုက်ရိုက်လဲလှယ်ရာတွင် ဘဏ်လုံခြုံရေးစနစ်နဲ့ နည်းပညာသတင်းအချက်အလက်များ အသင့်အနေအထားရှိရမည်ဖြစ်ကြောင်းနှင့် ရုရှား-မြန်မာနှစ်နိုင်ငံဗဟိုဘဏ်များ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံအနေနဲ့လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကထည့်သွင်း ပြောကြားခဲ့သည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published - 20 September 2022
မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့သွားမည့် ဘင်္ဂါလီ ၂ ဦးကို ရခိုင်ပြည်နယ် စစ်တွေလေဆိပ်၌ ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
စက်တင်ဘာလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်က အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ လိုက်ပါမည်ခရီးသည်များအား မှတ်ပုံတင် စစ်ဆေးခြင်းဆောင်ရွက်စဉ် ခရီးသည် ၂ ဦး၏ မှတ်ပုံတင်ကို သံသယရှိသဖြင့် မြို့နယ်လဝကရုံးသို့ ပို့ဆောင်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။
မှတ်ပုံတင်အတုပေါ်တွင် ၎င်းတို့၏အမည်နှင့် နေရပ်လိပ်စာများမှာ ကျော်ဌေး(၃၅)နှစ်၊ (ဘ)ဦးကျော်စန်း၊ သာယာကုန်းရွာ၊ စစ်တွေမြိုနယ်၊ ဝေယံထွန်း (၂၂)နှစ်၊ (ဘ)ဦးစိုးထွန်း၊ သက္ကေပြင်ရွာမကျေးရွာ၊ စစ်တွေမြိုနယ်ဟု ဖော်ပြထားသော်လည်း စစ်ဆေးချက်အရ ၎င်းတို၏ အမည်မှန်မှာ အဒူရော်ဟိန်း (၃၅)နှစ်၊ (ဘ)ဟာလာခမ်း၊ ဒါးပိုင်းရွာဟောင်း၊ စစ်တွေမြိုနယ်၊ အဒူရာမန် (၁၈)နှစ်၊ (ဘ)အဒူလာရှိန်း၊ သဲချောင်းကျေးရွာအုပ်စု၊ ဇင်ပိုင်ညှာရွာ၊ စစ်တွေမြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးမှာ ရန်ကုန်သို့ သွားရောက်ရန် မှတ်ပုံတင်အတုပြုလုပ်ပေးသူနှင့် ချိတ်ဆက်ခဲ့ပြီး လေယာဉ်လက်မှတ်အပါအဝင် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း ပေးခဲ့ရကြောင်းနှင့် ရန်ကုန်လေဆိပ်တွင် ဆွေမျိုးတော်စပ်သူ ဆူလ်တန်အာမောက် ဆိုသူမှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြကြောင်းလည်း သိရသည်။
ယခုအခါ ယင်းဖမ်းဆီးရမိဘင်္ဂါလီ ၂ ဦးကို အမှုဖွင့်အရေးယူထားပြီး မှတ်ပုံတင်အတု ပြုလုပ်ပေးသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အစိုးရအဖွဲ့က သတင်းရရှိသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 20 September 2022
သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ ဖြေလျှော့၍ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၁၉ ရက်က သတင်းထုတ်ပြန်လိုက်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် နှစ်လဲသက်တမ်းတိုးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရုံးများ၌ လူစုလူဝေး အနည်းဆုံး ဖြစ်စေရေးနှင့် လုပ်ငန်းများ မြန်ဆန်စွာပြီးစီးရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ခရိုင်ရုံးများရှိ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအနက် Road Safety ဖြစ်စေရေး အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်သည့်ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့်သာ တိုက်ဆိုင်စစ်ဆေး၍ ယာဉ်စစ်ကင်းလွတ်ဖြင့် သက်တမ်းတိုးခြင်းကို သက်ဆိုင်ရာ ဌာနများသို ညွှန်ကြားထားရှိပြီးဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ပြည်သူသယ်ယူပို့ဆောင်သည့်ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ် နှင့်မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့်သာတိုက်ဆိုင်စစ် ဆေး၍ ယာဉ်စစ်ကင်းလွတ်ဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 20 September 2022
အီး-စီးကရက် ပုံမှန်သောက်သုံးသူတွေဟာ အဆုတ်ထဲသို့သွားတဲ့ အသက်ရှူလမ်းကြောင်းတွေမှာ ပိတ်ဆို့လာတတ်ကြပြီး ရင်ကြပ်ကဲ့သို့ ရောဂါလက္ခဏာများ ခံစားရနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဆယ်ကျော်သက်တွေနဲ့ သက်လတ်ပိုင်းလူတွေကြား စီးကရက်အတုစက်တွေ ထင်ရှားကျော်ကြားလာကာ ရေရှည်သောက်သုံးသူတွေအနေနဲ့ အဆုတ်မှာပြင်းထန်စွာ ထိခိုက်စေနိုင်တယ်လို့ ဟားဗတ်ဒ်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
အမေရိကန်လူမျိုး ၁၀ ရာခိုင်နှုန်းနီးပါးနဲ့ အထက်တန်းကျောင်းသား ၄ ယောက်မှာ ၁ ယောက်နှုန်းက စီးကရက်အတု ပုံမှန်အသုံးပြုသူတွေဖြစ်ပါတယ်။
အစိုးရအဖွဲ့ကလည်း ဒီစက်တွေကို ပစ်မှတ်ထားနေပြီး လာမယ့်ဆယ်စုနှစ်များအတွင်း အဆုတ်နဲ့ပတ်သက်တဲ့ရောဂါများ အဖြစ်များလာမှာကို စိုးရိမ်နေကြပါတယ်။
ယခုတွေ့ရှိချက်တွေက အဆန်းတကြယ်မဟုတ်ပေမယ့် စီးကရက်အတုဟာ အဆုတ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေပြီး လူအများထင်ထားတာထက် ပိုပြီးအန္တရာယ်များကြောင်း မယ်ရီလန်း ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ ဒေါက်တာ'ပါနာဂျစ်ဂါလီယာဆာတိုစ်'က ပြောပြသွားပါတယ်။
စူးစမ်းလေ့လာချက်တွေအရ စီးကရက်အတုကြာရှည်သောက်သုံးရင် နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ တွေ့ရှိထားကြောင်း ဒေါက်တာ'ဒေးဗစ်ခရစ္စရှန်နီ'က ဆိုပါတယ်။
လေ့လာမှုအတွက် စီးကရက်အတုသုံးစွဲနေသူ ၄ ဦးကို လေ့လာခဲ့ရာ သုံးစွဲနေတာ ၃ နှစ်ကနေ ၈ နှစ်အတွင်းရှိနေပြီး ၄ ယောက်စလုံးမှာ နာတာရှည်အဆုတ်ရောဂါ တစ်မျိုးမျိုးရှိနေပါတယ်။
လူနာအားလုံး အဆုတ်ထိခိုက်မှုဖြစ်နေပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေကြပါတယ်။
ဒီလိုပိတ်ဆို့တဲ့အခါ အသက်ရှူထုတ်ရခက်ခဲလာကာ ချောင်းဆိုးဝေဒနာဖြစ်လာနိုင်ပါတယ်။
တစ်ခုရှိတာက ထိခိုက်မှုက ပြန်မကောင်းနိုင်တာတော့ မဟုတ်ပါဘူး။
စီးကရက်အတုသောက်ခြင်းကို တစ်နှစ်ကနေ သုံးနှစ်လောက်နားလိုက်ရင် အချို့ထိခိုက်မှုတွေက အလိုအလျောက်သက်သာတတ်ပါတယ်။
စိတ်ပူစရာရှိတာကတော့ ငယ်ရွယ်သူတွေသောက်သုံးတဲ့အခါ အရွယ်မရောက်ခင်မှာပဲ အဆုတ်ကိုပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။
အဆုတ်တွေက အသက် ၃၅ နှစ်လောက်အထိ ဖွံ့ဖြိုးနေတာကြောင့် စောစောစီးစီး အဆုတ်ထိခိုက်မယ်ဆိုရင် နာတာရှည်လူနာတွေ ဖြစ်သွားနိုင်ပါတယ်။
အမေရိကန်ရှိ ဆယ်ကျော်သက်တွေကြား စီးကရက်အတုသုံးစွဲမှု လတ်တလောနှစ်များအတွင်း မြင့်တက်လာပြီး ငယ်ရွယ်သူ ၂ သန်းခန့်လောက် သုံးစွဲနေကြပါတယ်။
စီးကရက်အစစ်တွေလို ကင်ဆာမဖြစ်နိုင်ပေမယ့် စီးကရက်အတုရဲ့အန္တရာယ်တွေကိုလည်း မသိကြပါဘူး။
သုံးစွဲမှုလျှော့ချနိုင်ရန်အတွက် FDA က အသီးအနံ့ပါဝင်တဲ့ စီးကရက်အတုများကို တားမြစ်လိုက်ကာ အရောင်းဆိုင်များမှ ယာယီရုတ်သိမ်းထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Military
Published 20 September 2022
ထိုင်ဝမ်ကျွန်းကို တရုတ်က ရေတပ်ဖြင့်လုံးဝပိတ်ဆို့ထားနိုင်လောက်တယ်လို့ အမေရိကန်ရေတပ်(၇)မှ ဒုဗိုလ်ချုပ်ကြီး'ကားလ်သောမတ်စ်'က The Wall Street ဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ကြောင်း တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။
"တရုတ်မှာ အင်အားများပြားလှတဲ့ ရေတပ်ကြီးရှိနေပြီးတော့ ထိုင်ဝမ်နားမှာ သင်္ဘောတွေနေရာချပြီး အနိုင်ကျင့်ချင်တယ်ဆိုရင် ကျင့်လို့ရလောက်တဲ့ အနေအထားပါ"လို့ ပြောကြားသွားပါတယ်။
တရုတ်ရေတပ်ဟာ အင်အားကြီးမားပြီး ခေတ်မီစွာတည်ဆောက်ထားသလို ပေကျင်းကနေလွှတ်နေတဲ့ စစ်သင်္ဘောတွေ ပိုပိုများလာကြောင်း၊ တရုတ်က ထိုင်ဝမ်ကို တကယ်ကျူးကျော်ဖို့ လုပ်နေတာလားဆိုတာ သေချာမသိနိုင်ကြောင်း 'သောမတ်စ်'က ရှင်းပြခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကို တရုတ်ပိုင်နယ်မြေအဖြစ် မှတ်ယူထားကာ အင်အားပြည့်ကျူးကျော်လာမှာလား ဒါမှမဟုတ် ရေတပ်နဲ့ပိတ်ဆို့ထားမှာလား စောင့်ကြည့်သွားရမှာပါ။
"သိပ်ပြီး မထိခိုက်စေချင်ဘူးဆိုရင် သူတို့ရေတပ်နဲ့ ပိတ်ဆို့တာလောက်ပဲ လုပ်မယ်ဆိုတာ ရှင်းပါတယ်၊ ဒီလိုဆိုရင်တော့ နိုင်ငံတကာကလည်း ပါဝင်လာနိုင်ပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ အတူတကွဆောင်ရွက်နိုင်မှာပါ" လို့ ရှင်းပြသွားပါတယ်။
ထိုင်ဝမ်အနောက်တောင်ဘက်သို့သွားရာ အသွားအလာများတဲ့ တောင်တရုတ်ပင်လယ်မှာလည်း တရုတ်က စစ်တပ်အင်အားဖြည့်တင်းထားပါတယ်။
အဆိုပါရေလမ်းကြောင်းတလျှောက်မှာရှိတဲ့ ကျွန်းတွေကို စစ်အုပ်ချုပ်ရေးအောက် သိမ်းသွင်းထားပြီလို့လည်း ထောက်ပြလိုက်ပါတယ်။
"သူတို့ဆီမှာ ကတုတ်ကျင်းတွေရှိတယ်၊ လောင်စာဆီအလုံအလောက်ရှိတယ်၊ တပ်တွေအတွက် နေစရာတွေရှိတယ်၊ ဒုံးကျည်တွေ၊ ရေဒါစနစ်တွေ၊ အာရုံခံစနစ်တွေ ရှိပါတယ်" အမေရိကန်- တရုတ်ဆက်ဆံရေးအကြား ထိုင်ဝမ်ကပြဿနာတစ်ရပ်ဖြစ်နေတာဟာ ဆယ်စုနှစ်တွေ ကြာနေပါပြီ။
ဩဂုတ်လအတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးနောက် တရုတ်ဘက်က တင်းမာမှုတွေပိုပြီးမြင့်တက်ခဲ့ပါတယ်။
တရုတ်က အကြိမ်ကြိမ်သတိပေးထားတဲ့ကြားက 'ပယ်လိုစီ'ဟာ လျစ်လျူရှုခဲ့တာဖြစ်ပြီး ၂၅ နှစ်ကာလအတွင်း အမေရိကန်ဘက်မှ ရာထူးဩဇာအမြင့်ဆုံးပုဂ္ဂိုလ်တစ်ယောက်က ထိုင်ဝမ်ကျွန်းကို ပထမဆုံးလာရောက်ခဲ့တာဖြစ်ပါတယ်။
တရုတ်အမျိုးသားရေးဝါဒီများက ပြည်တွင်းစစ်အတွင်း ကွန်မြူနစ်တွေကိုရှုံးနိမ့်ခဲ့ပြီးနောက် ပြည်မကြီးကနေ ထွက်ခွာလာကာ ၁၉၄၉ ခုနှစ်ကတည်းက ထိုင်ဝမ်ကျွန်းမှာ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့ပါတယ်။
အမေရိကန်တိုက ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ တရုတ်တစ်သွေးတစ်သံတည်းမူဝါဒကို တရားဝင်အသိအမှတ်ပြုထားသလို ထိုင်ဝမ်နဲ့လည်း နီးစပ်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းလာခဲ့ပါတယ်။
တရုတ်ကတော့ ပြန်လည်ပေါင်းစည်းရေးအတွက် အကြိမ်ကြိမ်အသိပေးထားခဲ့ပြီး လိုအပ်လာရင် အင်အားသုံးမယ့် အခြေအနေရှိနေပါတယ်။
#Source: RT
#Yangon_Media_Group
#Local_News
Published_ 20 September 2022
ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများအဖြစ် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်တွင် ၁၄၇၉ ဦး၊ စက်တင်ဘာလ ၁၅ ရက်တွင် ၈၆၂ ဦးဖြင့် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများအား ကြိုဆိုပွဲအခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာညွန့်ဖေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ထို့ပြင်ဝန်ကြီးက သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများ အနေဖြင့် ပညာရည် မြင့်မားသည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးရမည့် တာဝန်ရှိလာသည်နှင့်အညီ မိမိတို့ကိုယ်တိုင် ပညာအရည်အသွေး၊ အရည်အချင်းများ ပြည့်ဝအောင် အမြဲလေ့လာ သင်ယူနေကြရမယ်လို့ ဆိုပါတယ်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published -20 Sept 2022
ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာလ ၇ ရက်၊ ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီးဖြစ်သောကြောင့် ယင်းကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်းပြုလုပ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ်ခမ်ချောင်ဒရီ အား စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခွဲအချိန်က နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)၌ ခေါ်ယူတွေ့ဆုံပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီက ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုန့်ပြန်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းကို မော်တာကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ မော်တာကျည် (၃)လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း၊အလားတူ စက်တင်ဘာလ (၁၆) ရက် နှင့် (၁၇) ရက်တိုတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာ ရဲကင်းစခန်းကို မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ မော်တာကျည် (၉)လုံးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက ရှင်းလင်းပြောကြားခဲ့သည်။
ယင်းကဲ့သို့ နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ ပစ်ခတ်တိုက်ခိုက်နေမှုများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ မြန်မာဘက် တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံ နယ်နိမိတ်အနီး လိုအပ်သည့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ သဘောတူညီချက်များနှင့် နိုင်ငံတကာစံနှုန်းများကို လေးစားလိုက်နာ ဆောင်ရွက်ပြီး၊ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှုကို လေးစားကြောင်း၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်ဘက်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကလည်း အလွန် အရေးကြီးကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1245 of 1643