Published_ 7 August 2023

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့မယ့် ကုန်စည်အမျိုးအစား(၁၈)အုပ်စုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)မှာ မှတ်ပုံတင်သွားရမယ်လို့ သိရပါတယ်။

GACC ရဲ့ကြေညာချက်အမှတ် (၂၄၈)နဲ့ (၂၄၉) အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁) ရက်‌နေ့ ကစလို့ စားသောက်ကုန်တင်ပို့မယ့်သူ / တင်ပို့‌နေတဲ့ လုပ်ငန်းရှင်တွေ အားလုံး မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကနေ တရုတ်နိုင်ငံကိုအသားနဲ့ အသားထုတ်ကုန်တွေ၊ ရေထွက်ကုန်တွေပါအဝင် နို့ထွက်ပစ္စည်းတွေ၊ ငှက်သိုက်နဲ့ ဆက်စပ်ထုတ်ကုန်‌တွေအပါအဝင် ကုန်စည်အမျိုးအစား(၁၈) အုပ်စု အားလုံးအတွက် မှတ်ပုံတင်သွားရမှာဖြစ်ပါတယ်။

ကုန်စည်အုပ်စုအလိုက် တင်ပို့ရာမှာမှတ်ပုံတင်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ အစား အသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ကတဆင့် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ပုံတင်ရမယ့် ကုန်စည်အမျိုးအစား (၁၈) အုပ်စုမှာ မပါဝင်တဲ့ ကုန်စည်တွေအပြင် ထုတ်လုပ်တင်ပို့မယ့်လုပ်ငန်းရှင်တွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ပြတင်းတစ်ပေါက် အစီအစဉ်ဖြစ်တဲ့ GACCရဲ့ ဝက်ဘ်ဆိုက်ကိုဝင်ရောက်ပြီး ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ ကနေ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ (၁၃၂၆ )ခု ကနေ ပေးပို့ထားတဲ့ မှတ်ပုံတင်လျောက်ထားမှု( ၂၄၀၅ ) စောင်ကို မှတ်ပုံတင်ရန် လျှောက်ထားပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

မှတ်ပုံတင်လျောက်ထားမှုကို စိုက်ပျိုးရေးဦးစီးဌာနမှာ  ကုမ္ပဏီပေါင်း (၁၁၈၃) ခုက မှတ်ပုံတင်စောင်ရေ( ၂၂၆၂) စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှာ ကုမ္ပဏီ/စက်ရုံ (၁၂၀) ခုက စောင်ရေ (၁၂၀) စောင်၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှာ ကုမ္ပဏီ (၁၄) ခုက စောင်ရေ (၁၄) စောင်နဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ ကုမ္ပဏီ (၉)ခုက စောင်ရေ(၉)စောင် တို့ လျောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင် (၂၈) ရက်အထိ GACCမှာ online စနစ်ကနေ Compe-tent Authority ထောက်ခံချက်လိုတဲ့ ကုန်စည်အုပ်စုနဲ့ ကိုယ်တိုင်ဝင်ရောက် လျှောက်ထားတဲ့ ကုန်စည်အုပ်စု စုစုပေါင်း စောင်ရေ (၉၄၉) စောင်ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်တယ်လို့ GACC က‌ ဖော်ပြထားပါတယ်။
Yangon_Times/MY
#Local_News
#YMG #Yangon_Times