၈ အောက်တိုဘာ ၂၀၂၅
ပန်းဘဲတန်းမြို့နယ်ရှိ ၃၂လမ်းရှိ Beauty Land Hotel ၌ အမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့ နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ်(၅၀၂) ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ်အတွင်း၌ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးတွေ့ရှိရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်း၌ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင် အသား များ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အသက်(၂၀)နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း (၂၃)နှစ်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာ သာကေတ မြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်း မြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေအေမွန်အောင် (၁၈)နှစ်တို့ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ်သိရှိခဲ့ရပြီး အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတရားခံ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန် အကျွံ ကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှု လေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်း မြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)၌ ပျော်ပါးခဲ့ပါတယ်။
အဲဒီနောက် သူကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းအား အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သူရဲ့ထွက်ဆိုချက်အရသိရပါတယ်။
ယင်းနောက် သူ၏ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်း အတွင်းပေကျံနေသည့် သွေးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက် ဖျက်ခြင်းတို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် သူဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား ၂ ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အောင်ခန့်ကျော်ဇင်နှင့် အလောင်းဖျောက် ဖျက်ရာတွင် ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့သူ အေမွန်အောင်တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။