#LocalNews
Published _ 20 June 2022
အချို့သောနိုင်ငံများတွင် လက်ဖက်ရည်အား အဓိကသောက်သုံးရာမှ ကော်ဖီကို ပြောင်းလဲသောက်သုံးလာကြသဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက် မြင့်တက်လာကြောင်း International Coffee Organization ရဲ့ သုံးသပ်ချက် များအရ သိရသည်။
မြင့်တက်နေမှု အလားအလာအရ မြန်မာနိုင်ငံမှာ ကော်ဖီတိုးချဲ့စိုက်ပျိုးပါက ဈေးကွက်ကောင်း ရရှိနိုင်မှုဟာ သေချာနေပြီး သီးနှံစုံစိုက်ပျိုးနိုင်သော ဂေဟစနစ်အခြေအနေကောင်းများရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် ကော်ဖီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်လာရန်အတွက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးထားရှိသော ကော်ဖီများအား အရည်အသွေးမြင့်မားသည့် ကော်ဖီများ ထုတ်လုပ်နိုင်ရေးတို့ကို စနစ်တကျစီမံဆောင်ရွက်သွားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ကော်ဖီဗဟိုအဖွဲ အတွင်းရေးမှူး ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး ကပြောသည်။
"ကမ္ဘာ့ကော်ဖီကုန်သွယ်မှုတန်ဖိုးက နှစ်စဉ် အမေရိကန်ဒေါ်လာ (၃၀)ဘီလီယံကျော် ရှိကာ International Coffee Organization ရဲ့ ခန့်မှန်းချက်တွေအရ ကမ္ဘာ့ကော်ဖီ သောက်သုံးမှုဟာ လာမယ့် (၅)နှစ်အတွင်း နှစ်စဉ် ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ပါတယ်။ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတစ်ခုအတွင်း တစ်ဦးချင်းဝင်ငွေ တိုးတက်လာတာနဲ့အမျှ ကော်ဖီကို ပိုမိုသောက်သုံးလာတာ တွေ့ရပါတယ်" ဟု ဒုတိယဝန်ကြီးက ဆိုသည်။
မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအား ကော်ဖီဗဟိုအဖွဲ့နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနများနှင့် ကော်ဖီထုတ်လုပ်မှုဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာရေးဗီးကား(Arabica) ကော်ဖီ ထုတ်လုပ်နိုင်သည့် တောင်ကုန်း၊ တောင်တန်းဒေသများ၊ ရိုဘတ်စတာ (Robusta)ကော်ဖီများ ထုတ်လုပ်ရန် သင့်တော်သော မြေပြန့်ဒေသများရှိနေသော်လည်း လက်ရှိကော်ဖီထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် (၉,၀၀၀) ကျော်ခန့်သာ ရှိနေဆဲဖြစ်၍ ကော်ဖီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်လာစေရန်အတွက် စနစ်တကျစီမံဆောင်ရွက်သွားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 20 June 2022
ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကို စတင်နိုင်ရန် ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှုကို လျှော့ချနိုင်စေရန်နှင့် အခြေခံအဆောက်အဦ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၇ ဒသမ ၅ ကီလိုမီတာရှည်လျားသည့် ရန်ကုန်မိုးပျံအမြန်လမ်းအပိုင်း (၁)ကို PPP စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် စီမံကိန်းတစ်ခုဖြစ်ကာ စီမံကိန်း အပိုင်း ၁ အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
"စီမံကိန်းပြန်စဖို့အတွက် သုံးသပ်နေတုန်းပါပဲ။ ဒီလောက်ပဲပြောနိုင်ပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ စီမံကိန်း၏ Phase – 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ၆ ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂.၅ ကီလိုမီတာ၊ စုစုပေါင်း ၂၇.၅ ကီလိုမီတာ အရှည်ရှိမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း၏ စီမံကိန်းအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သော International Finance Corporation (IFC) မှဆောင်ရွက်နေပြီး တင်ဒါလုပ်ငန်းစဉ်များအနေဖြင့် စီမံကိန်းစိတ်ဝင်စားမှု အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် မေလတွင်ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၅၅ ခုမှ အဆိုပြုလွှာတင်သွင်းခဲ့ပြီး စီမံကိန်းအရည်အချင်းစစ် အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ခေါ်ယူခဲ့ရာ Consortium နှင့် ကုမ္ပဏီအဖွဲ ၁၂ ဖွဲ့မှ လျှောက်ထားခဲ့ပြီး အကြိုအရည်အချင်းစစ်အောင်မြင်သည့် ကုမ္ပဏီ ၁၀ ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 20 June 2022
၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်း ဘာသာရပ်( ၁၁ )ခုအတွက် လုပ်သက်ကန့်သတ်ချက်တွေမရှိဘဲ ဘွဲ့လွန်ပညာသင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်သူ့ဆေးရုံကြီးများ၌ အကူသူနာပြုသင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး သူနာပြုများ၏ ရာထူးအခွင့်အလမ်းများကို သတ်မှတ်ချက်များနှင့်အညီ တိုးမြှင့်ရေးဆောင်ရွက်ပေးလျက်ရှိကာ ဆရာဝန်များအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ အစည်းအဝေးများနှင့် နှီးနှောဖလှယ်ပွဲများသို့သွားရောက်၍ ပညာလေ့လာဆည်းပူးနိုင်ရန် စိစစ်ပံ့ပိုးပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
"၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းတွေ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေရာမှာ ဘာသာရပ် (၁၁)ခု အတွက် လုပ်သက်ကန့်သတ်ချက်တွေမရှိပဲ ဘွဲ့လွန်ပညာသင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။ ဓာတ်မှန်လိုဘာသာရပ်တွေအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ မြို့တွေမှာရှိတဲ့ ပါမောက္ခတွေရဲ့ အကြံပြုချက်တွေကို ရယူနိုင်မယ့် Teleconsultation၊ Teleradiology စနစ်ကို လုပ်ဆောင်နေပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုလို ပြောသည်။
ယင်းအပြင် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်သည့် ထိန်းချုပ်မှုများကို ဖြေလျှော့၍ ခရီး သွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲမှုဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ RDT စစ်ဆေးပေးခြင်းဖြင့် မိမိတို့လိုရာသို့ ဆက်လက်သွားရောက်နိုင်အောင်ဆောင် ရွက်ပေးခဲ့သည် ဟုဆိုသည်။
"နိုင်ငံတကာခရီးသွားတွေအတွက် ကျန်းမာရေးအာမခံစနစ်ကိုလည်း နိုင်ငံတော်ကစီစဉ်ဆောင်ရွက်ပေးထားသလို Monkeypox ရောဂါကူးစက်ပျံ့နှံမှု မရှိစေဖို့အတွက်လည်း နိုင်ငံတကာခရီးသွားတွေအတွက် Health Declaration Card တွေပြုစုပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား ဇွန်လ ၁၉ ရက် နံနက်ပိုင်းက တွေ့ဆုံစဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ymg/NN
#Yangon_Media_Group
#DailyNews
Published - 20 June 2022
၁။ သိန်း(၅၀၀)ဘတ်ဂျက်ဖြင့် ပုဂံဘုရားများ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မည်ဟုဆို
၂။ ရန်ကုန်ကြက်သွန်နီစျေးကျပ်၂၀၀၀ အောက်ပြန်လည်ကျဆင်း
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် အီရတ်နိုင်ငံမှဒရယ်များ ငတ်မွတ်သေဆုံးကြရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 20 June 2022
ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကို တစ်ပိဿာလျှင် ၅၈၁၅ ကျပ် သတ်မှတ်ထားကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းများအရ ဇွန် ၂၀ ရက်မှ ၃၀ ရက် အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကို စားအုန်းဆီတစ်ပိဿာလျှင် ၅၈၁၅ ကျပ် သတ်မှတ်ထားခြင်း ဖြစ်သည်။
စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်၍ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ၊ ဘဏ်စရိတ်များ ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း နှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
စားအုန်းဆီအ ခြေခံလက်ကားရည်ညွှန်းစျေး ထုတ်ပြန်ထားသော်လည်း စျေးကွက်တွင် တစ်ပိဿာလျှင် ၉၀၀၀ ဝန်းကျင်ရှိ နေကြောင်း၊ အစိုးရအနေဖြင့် မြေပြင်ဆီစျေးကွက်အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသို့ ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။
ymg/sth
#Yangon_Media_Group
#LocalNews
Published_20 June 2022
မလေးရှားနိုင်ငံသို့ ခိုးဝင်ရန်ကြိုးစားသည့် အသက် ၁၅ နှစ်မှ ၄၀ နှစ်ကြားအရွယ်ရှိ မြန်မာနိုင်ငံသား ၃၈ ဦးကို ထိုင်းတပ်မတော်က ဇွန်လ ၁၈ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
BUKIT KAYU HITAM- မလေးရှား-ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ခိုးဝင်ရန်ကြိုးပမ်းသည့် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂၅ ဦး ပါဝင်သော မြန်မာနိုင်ငံသားများအား အမှတ် (၆) ခြေမြန်တပ်မဟာ၏ တာဝန်ကျရာနယ်မြေ Op Benteng ထိုင်း-မလေးရှားနယ်စပ် ရော်ဘာခြံတစ်ခုတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
“မလေးရှား-ထိုင်းနယ်စပ်ခြံစည်းရိုးမှာ တပ်စွဲထားတဲ့ Serang dan Tangkap (Serkap) အဖွဲ့ဝင်အဖွဲ့တစ်ဖွဲ့က လမ်းလျှောက်နေတဲ့ အရပ်သားအုပ်စုကို သံသယဖြစ်ဖွယ်တွေ့ရှိခဲ့တဲ့အခါ ခြေရာခံလိုက်တဲ့အတွက် ဖမ်းဆီးနိုင်ခဲ့တယ်၊သူတို့ကိုစစ်ဆေးတဲ့အခါ အားလုံးမှာ တရားဝင်ခရီးသွား စာရွက်စာတမ်းမပါဘူး၊ဒါကြောင့် အဖမ်းခံရတာ"ဟု မြန်မာရွှေ့ပြောင်းများအရေးလုပ်ဆောင်နေသူတစ်ဦးက မလေးရှားအာဏာပိုင်များထုတ်ပြန်ချက်ကို ကိုးကား၍ ပြောပြသည်။
လူ ၃၈ ဦးတွင် ပါရှိသည့် လက်ကိုင်ဖုန်း ၂၃ လုံးနှင့် မလေးရှားရင်းကစ် ၁၀၄၉၈ နှင့် ညီမျှသော ထိုင်းငွေများကို သိမ်းဆည်းရမိခဲ့ကြောင်း နှင့် ယင်းတို့အား Bukit Kayu Hitam ရဲစခန်းသို့ လွှဲပြောင်းထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 20 June 2022
အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ တနင်္ဂနွေနေ့က သေနတ်ပစ်မှုဖြစ်ခဲ့ရာ လူတစ်ဦသေဆုံးပြီး အများအကြား ဒဏ်ရာရသွားတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
မြို့ပြရဲဌာနပြောရေးဆိုခွင့်ရသူက မိုချီလာပွဲမှာ လေးဦးသေနတ်အပစ်ခံရတာဖြစ်ပြီး အဲဒီလေးဦးထဲမှာ ရဲအရာရှိတစ်ဦးပါဝင်တယ်လို့ ဖောက်စ်သတင်းဌာနကိုပြောပါတယ်။
မြို့ပြရဲဌာန ရဲမှူး ရောဘတ်ဂျေကွန်တီးက သေဆုံးသူမှာ အသက်၁၅နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း နောက်ပိုင်းမှာ ထပ်ပြောပါတယ်။ သူဟာ အခင်းဖြစ်ပွားရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေဟာ လူကြီးနှစ်ဦးနှင့်ရဲအရာရှိတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။ဒဏ်ရာရသူတွေကို ဆေးရုံတင်ပို့လိုက်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
သေနတ်ပစ်ခတ်မှုဟာ ညနေ (၆)နာရီခန့်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ရာကိုရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုမှာ လူတော်ေတော်များများဟာ လမ်းပေါ်မှာလဲကျနေပြီး အရာရှိတွေက ကူညီနေကြတာတွေ မြင်ရပါတယ်။
Source: Fox News
#Local_News
Published_ 20 June 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ညနေ ၃ နာရီခွဲတွင် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ကမ်းနားလမ်း၊ အမြန်ရေယာဉ်ဆိပ်အနီးတွင် ဇော်မျိုးဝင်း(ခ)ဖိုးပြား မောင်းနှင်ပြီး နောင်နောင်(ခ) မြင့်နောင် လိုက်ပါလာတဲ့ SUZUKI မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတိုအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ymg-mnn
#Yangon_Media_Group.
#Local_News
Published_ 20 June 2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီကနေ့ ဇွန် ၂၀ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်မှာ ၁၈၇၆ စင်တီမီတာသို့ ရောက်ရှိလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ညောင်ဦးခရိုင် မိုး/ဇလရဲ့ ဒီကနေ့ နံနက် ၆ နာရီခွဲ အချိန်တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်၌သာ ရောက်ရှိနေသေး ပြီး၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၂၄၄ စင်တီမီတာ လိုနေပါသေးတယ်။
ဧရာဝတီမြစ်ရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး ညောင်ဦးမြို့တွင် မြစ်ရေတိုင်းတာခြင်းကို တစ်ရက်ကို သုံးကြိမ် တိုင်းတာကြောင်း သိရပါတယ်။
ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်ရောက်ရန် ၁၀၀ စင်တီမီတာအလို ရောက်ရှိချိန်တွင် မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။
ဓာတ်ပုံ_ MOI
ymg-mnn
#Yangon_Media_Group
#WorldNews
Published 20 June 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ရောက်ရှိနေတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဟာ ရုရှားနိုင်ငံရဲ့ ROSATOM State Nuclear Energy Corporation ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ Mr. Alexey Likhachev နှင့် တွေ့ဆုံပြီး နျူကလီးယားစွမ်းအင်ကိစ္စဆွေးနွေးခဲ့တယ်လို့ ဇွန်လ(၁၆)ရက်နေ့က နစက ကသတင်းထုတ်ပြန်ပါတယ်။
ရိုဆာတမ် နိုင်ငံနျူကလီးယားစွမ်းအင် ကော်ပိုရေးရှင်းရဲ့ ညွှန်ချုပ်က ရုရှားနိုင်ငံမှာ နျူကလီးယားစွမ်းအင်နည်းပညာ အသုံးပြုပြီး စက်ပစ္စည်းတွေ ထုတ်လုပ်ဆောင်ရွက်နေတာတွေ၊ နျူကလီးယားစွမ်းအင်အသုံးပြုမှုနှင့် စပ်လျဉ်း၍ လိုအပ်တာတွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာဝန်ကြီးကလည်း မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု အခြေအနေတွေကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
ဝန်ကြီးဦးသောင်းဟန်ဟာ ရေနံထွက်ပစ္စည်းများထုတ်လုပ်ရေး၊ တင်သွင်းရောင်းချရေးနှင့် ရေနံချက် စက်ရုံတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသောင်းဟန်နှင့် ကိုယ်စားလှယ်အဖွဲသည် Sigma LLC Co., Ltd. မှ Deputy Director General for Foreign Economic Relations ဖြစ်သူ Mr. Rodionov Nikita အားလက်ခံတွေ့ဆုံ၍ ရေနံထွက်ပစ္စည်းများထုတ်လုပ်ရေး၊ တင်သွင်းရောင်းချရေးနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့်စွမ်းအင် ဝန်ကြီးဖြစ်သူ H.E. Mr. SHULGINOV Nikolay ဦးဆောင်သောအဖွဲ့နှင့် လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ယင်းသို့တွေ့ဆုံရာတွင် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. SOROKIN Pavel လည်း ပါဝင်တက်ရောက်ခဲ့ပြီး Mr. SHULGINOV Nikolay က ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများ၌ ရုရှားကုမ္ပဏီများ ပါဝင်ဆောင်ရွက်နေမှုများနှင့် ရေနံနှင့်ရေနံထွက်ပစ္စည်းများ တင်ပို့ရေးနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ဝန်ကြီးက မြန်မာနိုင်ငံအတွက် စက်သုံးဆီနှင့်လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 20 June 2022
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း အဝေးပြေးကားဂိတ်များကို ဇွန်လ ၁၆ ရက်မှစတင်ပိတ်ထားခဲ့ပြီး လက်ရှိတွင် ပြန်ဖွင့်မည့်ရက်ကိုပင် မသိရသေးကြောင်း ကားဂိတ်တာဝန်ရှိသူများထံမှသိရသည်။
ယခင်က အောင်ဆန်းကွင်းရှိ အဝေးပြေးကားဂိတ်များကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၈ ရက်အထိ သုံးရက်ပိတ်ထားရမည်ဟု ကြေညာထားခဲ့ခြင်းဖြစ်သည်။
"အောင်ဆန်းကွင်းကားဂိတ်က ဖွင့်ဖို့ရက်အတိအကျ မသိရသေးဘူး။ ကြာအုံးမယ်။ ပစ္စည်းပို့ဘာညာဆိုရင် အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ ပို့လို့ရတယ်။ ဘာကြောင့်ပိတ်တယ်ဆိုတာကတော့ မသိဘူး"ဟု အောင်ဆန်းကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် ပိတ်ထားသည့်ရက်များအတွင်း ဂိတ်အတွင်းသို့ရောက်ရှိနေသည့် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်းသိရပြီး ဂိတ်ပိတ်ထားခြင်းကြောင့် ကုန်ပစ္စည်း ထုတ်ယူမည့်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
အောင်ဆန်းကွင်းကားဂိတ်တွင် ကုန်ပစ္စည်းများ အများဆုံးအတင်၊ အချပြုလုပ်သည့် အဓိကနေရာဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 20 June 2022
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်(၁၉) ရောဂါဖြင့် သေဆုံးမှုနှုန်းထားသည် တပတ်အတွင်း လေးရာခိုင်နှုန်း ပြန်လည်မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ သိရသည်။
ဇွန်လ ၆ ရက် မှ ၁၂ ရက်အတွင်း ကိုဗစ် (၁၉) ကူးစက်ခံရသူ လူနာသစ် ၃ ဒသမ ၂ သန်းရှိပြီး သေဆုံးသူဦးရေမှာ ၈၇၀၀ ကျော် ရှိကြောင်း သိရသည်။
အရှေ့တောင်အာရှတွင် ကိုဗစ် (၁၉) ရောဂါလူနာသစ် ၃၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို၌ အများဆုံး ဖြစ်ကြောင်းသိရသည်။
ဥရောပဒေသများတွင် အိုမီခရွန်မျိုးကွဲများကြောင့် ဆေးရုံတက်ရသူ အရေအတွက် ပိုများလာ ကြောင်း သိရသည်။
BA.4 နှင့် BA.5 သည် ပိုမိုပြင်းထန်သော ဖျားနာမှုတွေ မဖြစ်သော်လည်း ကိုဗစ်(၁၉) ရောဂါဖြစ်ပြီး အများထံ ထပ်မံကူးစက်ခံရတတ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း၌ ဇွန်လ ၁၈ ရက် စာရင်းအရ ကိုဗစ်(၁၉) အတည်ပြုလူနာဦးရေ စုစု ပေါင်း ၅၄၃ သန်းကျော်ရှိပြီး သေဆုံးသူ ဦးရေဟာ ခြောက်သန်းကျော်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1240 of 1466