#Local_News
Published_ 18 April 2023
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်း ခြင်းကြောင့်လည်းကောင်း၊အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ဧပြီလ ၂၁ရက်နေ့မှ ၂၅ရက်အတွင်းမြန်မာနိုင်ငံမြို့ကြီးတချို့တွင် မိုးရွားသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာ ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိထားကြဖို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News #မြန်မာနိုင်ငံ #တိုင်းနှင့်ပြည်နယ် #အချိန်အခါမဟုတ်မိုးရွာ
#YMG #Yangon_Media_Group


#World_Business
Published_ 18 April 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရုရှားထံသို့ပေးချေရမယ့်ငွေကို ဒေါ်လာအစား တရုတ်ယွမ်ငွေဖြင့် ပေးချေသွားမှာဖြစ်ပါတယ်။
ဆောက်လုပ်ဆဲ ရုပါဓာတ်အားပေးစက်ရုံအတွက် ဘင်္ဂလားဒေ့ရှ်က ဒေါ်လာသန်း ၁၁၀ တန်ကြေးရှိငွေကြေးတွေကို တရုတ်ငွေကြေးဖြင့် ရုရှားထံသို့ပေးချေသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများက ဒေါ်လာလွှမ်းမိုးမှုကျဆင်းစေဖို့ ပိုမိုအားထုတ်လာကြကာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံများပါဝင်တဲ့ BRICS အဖွဲ့ကလည်း BRICS ဘုံငွေကြေးထုတ်လုပ်ဖို့ တောင်းဆိုထားပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှားဟာ နိုင်ငံတကာဘဏ်စနစ်အများအပြားကနေ ပိတ်ပင်ခံထားရပါတယ်။
ငွေပေးချေရန် နည်းလမ်းများကို လပေါင်းများစွာတိုင်အောင် တိုင်ပင်ကြပြီးနောက် ရုရှားနဲ့ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ထိပ်သီးကိုယ်စားလှယ်အဖွဲ့တို့ဟာ ငွေပေးချေမှုကို ယွမ်ဖြင့်ပေးချေနိုင်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။
"ရုရှားဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့ထားတာကြောင့် ငွေပေးရာမှာ အမေရိကန်ဒေါ်လာနဲ့ ပေးလို့မရပါဘူး။ ရုရှားက သူတို့ငွေကြေးဖြင့် ပေးချေဖို့ပြောပေမယ့် ဒါကလည်းမဖြစ်နိုင်ပါဘူး။
ဒါကြောင့် ယွမ်ငွေနဲ့ပေးချေဖို့ နှစ်ဖက်စလုံးမှ ရွေးချယ်ခဲ့ကြပါတယ်" လို့ ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စီးပွားဆက်ဆံရေးဌာနခွဲမှ အတွင်းရေးမှူး'အူတန်ကူမာကာမေကာ'က ပြောကြားခဲ့ပါတယ်။
ရုပါဓာတ်အားပေးစက်ရုံဟာ ဆောက်လုပ်ပြီးစီးတာနဲ့ ၂,၄၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
ကျောက်မီးသွေးအပေါ် အားထားနေရတာကို လျှော့ချပြီး စွမ်းအင်ပိုမိုထုတ်လုပ်နိုင်ရန်စီစဉ်နေတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ထိုစက်ရုံက အရေးပါနေပါတယ်။
ဘင်္ဂလားဒေ့ရှ်က တရုတ်ဘဏ်တစ်ခုမှတဆင့် ရုရှားထံငွေပေးချေမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ကိုယ်ပိုင်အရန်ငွေယွမ်ကနေ သုံးစွဲသွားဖွယ်ရှိပါတယ်။
ဒေါ်လာကြီးစိုးထားတဲ့ SWIFT စနစ်နေရာမှာ ယွမ်အစားထိုးရွေးချယ်သုံးစွဲရန်ရည်ရွယ်ထားတဲ့ တရုတ်နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်(CIPS)မှတဆင့် ရန်ပုံငွေများကို လက်ခံရရှိမှာဖြစ်ပါတယ်။
ရုရှားနဲ့ အာရှ အာဖရိက လက်တင်အမေရိကနိုင်ငံများကြား ငွေပေးချေမှုများအတွက် တရုတ်ယွမ်ငွေကိုအသုံးပြုဖို့ အားပေးထောက်ခံကြောင်း ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ၂၀၁၇ ခုနှစ်တည်းကစပြီး နိုင်ငံခြားအရန်ငွေထဲမှာ ယွမ်ငွေကို စတင်ထိန်းသိမ်းလာခဲ့တာဖြစ်ပါတယ်။
Source: WION
#World_Business #ဘင်္ဂလားဒေ့ရှ် #ရုရှား #တရုတ်ယွမ်
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
အမြန်လမ်းမှာ ရပ်ထားတဲ့ ၆ ဘီးကုန်စိမ်းကားကို ပရိုဘောက်ကားမှ နောက်ကနေ ဝင်တိုက်လို့ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီခဲ့သူတွေထံမှ သိရပါသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်ခန့်က မန္တလေး- ရန်ကုန် အမြန်လမ်းဘက် အခြမ်း မိုင်တိုင် ၁၇၃ မိုင် ၄ ဖာလုံမှာ ရပ်ထားသော ၆ ဘီး ကုန်စိမ်းကားအား Probox အဖြူရောင်ယာဉ်မှ နောက်ကနေ ဝင်တိုက်မိတာကြောင့် ဖုန်းဆက် အကူအညီတောင်းလို့ အမျိုးသား ၄ ဦး နဲ့အမျိုးသမီး ၇ ဦးတို့ကို မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ ဇီဝိတဒါန ဆွာမြို့ AMBULANCE ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဂုံသုခ AMBULANCE တို့ဖြင့် အမြန်လမ်း ၁၇၃မိုင် ၄ ဖာလုံ မှ ဆွာဆေးရုံသို့ပို့ဆောင် ပေးခဲ့တယ်လို့ သိရသည်။
ယင်းအပြင် အဆိုပါ ဆွာဆေးရုံမှတဆင့် ထိခိုက်ဒဏ်ရာရ အမျိုးသား ၁နဲ့ အမျိုးသမီး ၄ ဦးတို့ကို နေပြည်တော် ကုတင် တစ်ထောင်သို့မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ -ဇီဝိတဒါန ဆွာမြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ လူမှုရေးကူညီသူများ ကေတုမတီမြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မြင့်မြတ်စေတနာ ရေနီမြို့ AMBULANCEများဖြင့်ပို့ဆောင်ကူညီခဲ့တယ်လို့ လည်း သိရသည်။
ymg/ppk
#Local_News #၆ဘီးကုန်စိမ်းကား #ပရိုဘောက်ကား #ကားပေါ်ပါသူ၅ဦးထိခိုက်
#YMG #Yangon_Media_Group




#Local_News
Published_ 18 April 2023
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ ၃ လမ်းရှိ နေ အိမ်တစ်လုံးအတွင်းသို့ ဧပြီလ ၁၇ ရက် ညပိုင်းက ဆင် ၂ ကောင် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းနောက် ခြံအတွင်းရှိ သီးပင်စားပင်များကို ခြံဝင်းအတွင်းရှိ ဌက်ပျောပင်များ၊ အုန်းပင်ငယ်များအပါအဝင် သီးပင်စားပင်များကို ဝင်စားခဲ့ကြောင်း၊လူ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆင်များမှာ ပိုင်ရှင်မဲ့ ဖြစ်ကြောင်းနှင့် သစ်တောဦးစီးဌာန နှင့် သက်ဆိုင်ရာအဖွဲ့များ၊ဒေသခံများက ခြောက်လှန့်ခဲ့သောကြောင့် ပြန်လည်ထွက်သွားကြောင်းလည်း သိရသည်။
ymg/mt
ဓါတ်ပုံ- WinZaw
#Local_News #မြဝတီမြို့ #ဆင်နှစ်ကောင်ဝင်ရောက် #သီးပင်စားပင်များစားသောက်
#YMG #Yangon_Media_Group



#Local_News
Published_ 18 April 2023
မြန်မာ အလုပ်သမား ၁၂၀၀ ကျော် ထပ်ခေါ်မည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ် ဆောင်ရွက်ပေးလျက်ရှိရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများ ဂျပန်နိုင်ငံ၌ တရားဝင် တည်ထောင်ထားခြင်း ရှိ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာ အလုပ်သမားများအား ထပ်မံ ခေါ်ယူမည့် ဂျပန် ကုမ္ပဏီနှင့်စက်ရုံများမှ ကမ်းလှမ်းထားသော အလုပ်ခေါ်စာ ၃၈၃ ခု ကို ဧပြီလ ၁ ရက်က ၁၈ရက်ထိ စိစစ်ခဲ့ကြောင်း၊ယင်းတွင် လုပ်ငန်းကဏ္ဍစုံအတွက် ကမ်းလှမ်းထားခဲ့သည့်အလုပ်သမားဦးရေ ၁၂၅၈ ဦးရှိကြောင်း သိရသည်။
ယင်းအရေအတွက်မှာ ကိုဗစ် ကာလ နောက်ပိုင်း ခေါ်ယူသည့်အလုပ်သမားများထဲတွင် အရေအတွက် အများဆုံး ဖြစ်ကြောင်း၊ခေါ်ယူသည့် အလုပ်အမျိုးအစားများမှာသင်တန်းသားလုပ်သားများ၊ ကျွမ်းကျင်လုပ်သားအများအပြားပါဝင်ကြောင်း၊ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနှင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ လုပ်ငန်းများ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News #မြန်မာအလုပ်သမား #ဂျပန်ထပ်ခေါ်
#YMG #Yangon_Media_Group


#Local_News
Published_ 18 April 2023
မန္တလေးကန်တော်ကြီးအတွင်းရေဝင်ရောက်မှုများ လျော့နည်းမှုမရှိ စေရေး ထိန်းသိမ်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၁၇ ရက်တွင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားလိုက်သည်။
ဥက္ကဌက မေမြို့ပန်း၊ ဂန္ဓမာပန်း၊ သစ္စာပန်း၊ ဒေလီယာပန်း စသည့်ပန်းများသည် ပြင်ဦးလွင်၏ နာမည်ကျော်လူကြိုက်များသည့် ပန်းများဖြစ်ကာ သဘာဝ အလျောက်ပေါက် ရောက်နေသည့် ၁၂ ရာသီပန်းများဖွံ့ဖြိုးတိုးတက်ရေး သုတေသနပြု ဆောင်ရွက်ကြရန်လိုကြောင်း နှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ များကို စနစ်တကျ သုံးစွဲရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းအပြင် ဒေသမျိုးရင်းများနှင့် ပြင်ဦးလွင်၏ရာသီဥတု နှင့်ကိုက်ညီသည့် နိုင်ငံအတွင်းရှိဒေသများမှ ပန်းမျိုးများစိုက်ပျိုးမှု တိုးတက်စေရေး ၊ချယ်ရီပင်များပွင့်လန်းမှု ပိုမိုကောင်းမွန်စေရေး စနစ်တကျသုတေသနပြု ရေး နှင့် ကန်တော် ကြီးအတွင်းရေဝင်ရောက်မှုများ လျော့နည်းမှုမရှိ စေရေး စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန်တို့ကို ပြောခဲ့ကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးအတွင်းသို့ ယခုနှစ် မြန်မာအတာသင်္ကြန် ကာလအတွင်း ပြည်သူ ၂၄၉၅၀ ဦး ဝင်ရောက်ခဲ့ ကြောင်း၊ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ပန်းပွဲတော်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၃၁၇၁၁၅ ဦး ဝင်ရောက်ခဲ့ကြောင်းသိရသည်။
အလားတူ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ ရောက်ရှိခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)အတွင်း အသစ် တည်ဆောက်ထားသည့် Sky Cable Car ဖြင့် လိုက်ပါစီးနင်းခြင်း၊ ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေး၍ အစာကျွေးကြပြီး ချီးမြှင့် ငွေများပေးအပ်ခြင်း၊ အပန်းဖြေစခန်းအတွင်း ပန်းခင်းများကို နေရောင် ခြည်စွမ်းအင်သုံး ရေတင်စက်ဖြင့် ရေဖျန်းနေမှုကိုကြည့်ရှုခြင်းတို့လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင် ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်း များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် အဆင့်မြှင့်တင်ပြုပြင် ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊အပန်းဖြေစခန်း အတွင်းရေတံခွန် ၃ ခု ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတား ကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကြောင်း၊ပန်းမြို့တော်၊ ခရီးသွား မြို့တော် ဖြစ်သောကြောင့် ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကို လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မှန်တံတား၊ ကြိုးတံတား များအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာ များ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်း အဆင့်မြှင့်တင် ထားရှိသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable Way ကို အသစ် တည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News #ပြင်ဦးလွင် # အမျိုးသားကန်တော်ကြီး #ထိန်းသိမ်းရန် #နစကဥက္ကဌ
#YMG #Yangon_Media_Group


#Local_News
Published_ 18 April 2023
သင်္ကြန်အပြီးတွင် ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ (၃၈၃)ခုထပ်မံခေါ်ယူကြောင်း တိုကျိုမြို့ရှိမြန်မာသံရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း၊
မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ဧပြီလ (၁၈) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၈၃) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ကြောင်း ဖော်ပြပါရှိသည်၊၊
ymg/tthl
#Local_News #သင်္ကြန်အပြီးတွင် #ဂျပန်နိုင်ငံ #အလုပ်ကမ်းလှမ်းစာ
#YMG #Yangon_Media_Group

#World_Health
Published_ 18 April 2023
မိမိရဲ့ဘရာစီယာက ကြပ်လွန်းခြင်း ချောင်လွန်းခြင်းဖြစ်တဲ့အခါ ရင်သားတွေပုံမှန်မဟုတ်သလိုခံစားရတတ်ပြီး ဒါဟာ ဘရာစီယာဆိုဒ်က မိမိခန္ဓာကိုယ်နဲ့ မကိုက်ညီလို့ပါပဲ။
ဘရာစီယာကိုက်ညီမှုအနေအထားက ကိုယ်နေကိုယ်ဟန်၊ ကျောနဲ့ ကျန်းမာရေးတို့ကို ထောက်ပံ့ရာမှာအရေးကြီးကြောင်း LDN Mums လေ့ကျင့်ခန်းစင်တာတည်ထောင်သူ 'ဆာရာကမ်းပတ်စ်'က ပြောကြားလိုက်ပါတယ်။
ဘယ်လိုရင်သားရှိသူပဲဖြစ်ဖြစ် ဘရာစီယာအထောက်အပံ့ကောင်းကောင်း လိုအပ်ပါတယ်။
အမျိုးသမီး ၈၁ ရာခိုင်နှုန်းက သူတို့နဲ့မကိုက်ညီတဲ့ ဘရာစီယာတွေဝတ်ဆင်ကြကာ ကြီးကြီးမားမားသက်ရောက်နေပါတယ်။
ဆိုဒ်မတော်တဲ့ဘရာစီယာ ဝတ်ဆင်ခြင်းရဲ့ ဆိုးကျိုးတွေကတော့...
(၁) နာကျင်ကိုက်ခဲခြင်း
ကြပ်လွန်းတဲ့ဘရာစီယာဝတ်ဆင်ခြင်းဟာ ရင်ဘတ်ကိုဖိထားပြီး နာကျင်ကိုက်ခဲမှုကိုဖြစ်စေကာ နံရိုး၊ ပခုံး၊ ကျောတို့မှာ မအီမသာဖြစ်စေပါတယ်။
လျော့ရဲလွန်းတဲ့ဘရာစီယာဝတ်ဆင်ရင်လည်း ကောင်းစွာမထောက်ပံ့ထားနိုင်တာကြောင့် ကျောနဲ့ရင်ဘတ်တို့မှာ နာကျင်မှုဖြစ်စေပါတယ်။
(၂) အသက်အစောပိုင်း၌တွဲကျခြင်း
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းတို့ပြုလုပ်ခြင်းဖြင့် တွဲကျလာနိုင်ပါတယ်။
(၃) အသက်ရှူပြဿနာ
ဘရာစီယာကြပ်လွန်းတဲ့အခါ ကိုယ်ထည်အပေါ်ပိုင်းကို ဖိအားသက်ရောက်စေပြီး အဆုတ်နဲ့ရင်ဘတ်ကို သက်ရောက်စေပါတယ်။
(၄) တစ်ရှူးထိခိုက်ခြင်း
ရင်သားတွေနဲ့ နို့သီးခေါင်းထိပ်ကတစ်ရှူးတွေဟာ အထိမခံတတ်တဲ့သဘောရှိတာကြောင့် ဖိအားသက်ရောက်မှုများတဲ့အခါ ထိခိုက်တတ်ကြပါတယ်။
(၅) အာရုံကြောထိခိုက်ခြင်း
အာရုံကြောတွေနဲ့ သွေးကြောတွေကို ဖိမိတဲ့အခါ လည်ပင်းနာခြင်း၊ ထုံကျဉ်ခြင်း၊ လက်တွေမှာ စူးရှသလိုခံစားရခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီလိုပြဿနာတွေမဖြစ်ရအောင် ဘယ်လိုပြုလုပ်သင့်သလဲဆိုတာကတော့...
- ၆ လမှ ၁၂ လတစ်ခါ ရင်သားတိုင်းတာပြီး မိမိနှင့်သင့်လျော်တဲ့ ဘရာစီယာကိုတိုင်းတာဝတ်ဆင်သင့်ပါတယ်။
- ဘရာစီယာဝတ်ထားရာကနေ ကြပ်လွန်းတယ်ဆိုရင် အိမ်ရောက်တာနဲ့ ချွတ်ပစ်ပြီး သက်တောင့်သက်သာနေသင့်ပြီး နှိပ်နယ်ဖြေလျှော့သင့်ပါတယ်။
- နာကျင်ကိုက်ခဲတဲ့နေရာတွေကို ရေနွေးအိတ်ကပ်ပေးခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းတို့ဖြင့် ကြွက်သားများပြေလျော့စေပါတယ်။
- ကိုယ်အနေအထားမှန်မှန်ဖြင့် ကျောနဲ့ရင်ဘတ်တို့ကို ဖွင့်ဟပြီး အကြောလျှော့ပေးသင့်ပါတယ်။
- နာကျင်တဲ့အခါ လဲလျောင်းနေတာထက်စာရင် လှုပ်ရှားမှုပြုလုပ်နေတာက သက်သာပါလိမ့်မယ်။
- ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
Source: The Jerusalem Post
#World_Health #အရွယ်အစားမကိုက်ညီသောဘရာစီယာ #ကျန်းမာရေးကိုထိခိုက်
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
ဧပြီ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်က ပြင်ဦးလွင်-မန္တလေးသွားကားလမ်း မီးသတ်ကွေ့အရောက်တွင် အိမ်ကားတစ်စီး အရှိန်လွန်ပြီး ချောက်ထဲထိုးကျမူ ဖြစ်ပွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါယာဉ်ပေါ်တွင် လူ ၅ ဦး လိုက်ပါလာပြီး ပြင်ဦးလွင်မြို့နယ် မီးသတ်ကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း အဆိုပါအသင်းတာဝန်ခံကပြောသည်။
ကားပေါ်တွင် လိုက်ပါလာသူ ၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း စိုးရိမ်ရတဲ့အခြေအနေမရှိကြောင်း သိရသည်။
ဒဏ်ရာ ရရှိသူတွေကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း နှင့် စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောတို့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ymg/ynzw
#Local_News #ပြင်ဦးလွင် #အိမ်ကားတစ်စီး #အရှိန်လွန်ပြီးချောက်ထဲထိုးကျ #ထိခိုက်ဒဏ်ရာရ #YMG #Yangon_Media_Group




#World_Health
Published 18 April 2023
ကားအသစ်ရဲ့အနံ့ကို လူအများက ကြိုက်နှစ်သက်ကြပေမယ့် တကယ်တမ်းမှာတော့ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိနေနိုင်ပါတယ်။
အဲဒီအနံ့က ကင်ဆာဖြစ်နိုင်ချေများစေကြောင်း Cell Reports Physical Science ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဟားဗတ်တက္ကသိုလ်နဲ့ ပေကျင်းနည်းပညာတက္ကသိုလ်တို့မှ သိပ္ပံပညာရှင်တွေက တကယ်လက်တွေ့အခြေအနေနဲ့ စမ်းသပ်လေ့လာခဲ့ကြတာပါ။
အပြင်ဘက်မှာ ၁၂ ရက်ဆက်တိုက်ရပ်ထားတဲ့ ကားအသစ်တွေထဲကလေကို လေ့လာကာ ထွက်လာတဲ့ဓာတုပစ္စည်း ၂၀ ခန့်ကို ဆင်ဆာကိရိယာများဖြင့် လေ့လာခဲ့ကြပါတယ်။
ဓာတုပမာဏတွေဟာ တရုတ်နိုင်ငံရဲ့ ကားထဲရှိလေအနေအထားစံချိန်စံညွှန်းထက် ကျော်လွန်နေတာကို သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
ကင်ဆာဖြစ်ပွားစေတယ်လို့ သိရှိထားကြတဲ့ ဖော်မယ်ဒီဟိုက်က စံချိန်စံညွှန်းတွေထက် ၃၅ ရာခိုင်နှုန်းကျော်လွန်နေကာ အက်ဆီတယ်ဒီဟိုက်ကတော့ ၆၁ ရာခိုင်နှုန်းအထိ ကျော်လွန်နေပါတယ်။
၂၀၂၁ လေ့လာချက်အရ ကားကိုအချိန်ကြာမြင့်စွာမောင်းနှင်သူတွေဟာ ကျန်းမာရေးဆိုးကျိုးရှိနိုင်တယ်လို့ သိထားပေမယ့် ယခုသုတေသနအရ အချိန်အကြာကြီးမမောင်းဘဲနဲ့တောင် ဘေးအန္တရာယ်ရှိနေနိုင်ပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို ကားထဲမှာ မိနစ် ၃၀ မျှရှိနေရုံဖြင့် အဆိုပါကင်ဆာဓာတုပစ္စည်းတွေ လုံခြုံရေးစံညွှန်းထက်ကျော်လွန်နိုင်ချေရှိပါတယ်။
ဒါ့အပြင် ရာသီဥတုပူနွေးတဲ့အခါမှာလည်း ဓာတုပစ္စည်းပမာဏမြင့်တက်စေနိုင်ပါတယ်။
လေအပူချိန်ကို အဓိကထားပြီးလေ့လာကြတာဖြစ်ပေမယ့် သုတေသနအရ ပစ္စည်းတွေရဲ့မျက်နှာပြင်အပူချိန်ကနေ အကြီးမားဆုံးသက်ရောက်နေပါတယ်။
ဒီလေ့လာချက်တွေကနေ အခန်းတွင်းဓာတုထုတ်လွှတ်ခြင်းဖြစ်စဉ်ကို နားလည်လာစေမှာဖြစ်ကြောင်း သုတေသီများဖော်ပြခဲ့ကြပါတယ်။
Source: NY Post
#World_Health #ကားအသစ်၏အနံ့ # ကင်ဆာဖြစ်နိုင်ချေမြင့်မား #လေ့လာတွေ့ရှိ
#YMG #Yangon_Media_Group
#Myanmar_News
Published_ 17 April 2023
အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/သူ၉၈ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ယနေ့ဧပြီလ (၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နစက,က အမိန့် အမှတ် ၂၉/၂၀၂၃ ဖြင့်ထုတ်ပြန်ကြေညာပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ " နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်'ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီးပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
နစက ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ယခုလိုဆောင်ရွက်လိုက်တာဖြစ်တယ်လို့လည်း အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု #နစက #ပြည်နှင်ဒဏ်ပေး
#YMG #Yangon_Media_Group
#Myanmar_News
Published 17 April 2023
ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ ၃၀၁၅ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ နစက,က အမိန့်အမှတ် ၂၈/၂၀၂၃ဖြင့် ထုတ်ပြန်ကြေညာပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ * နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် " ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။
နစက ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ယခုလိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု #နစက
#YMG #Yangon_Media_Group
Page 1197 of 1920