#DailyNews
Published - 15 July 2022
၁။ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း ပြည်ပတင်ပို့မှုတွင် ပို့ကုန်ရငွေမတင်ပြဘဲ တိမ်းရှောင်မှုများရှိနေ
၂။ တစ်ကျော့ပြန် ကိုဗစ်ဖြစ်ပွားမှုသတိပြုရန်လို၊ ပုဂ္ဂလိက ဆေးရုံ(၁၀)ရုံကျော်၌ ကိုဗစ်စစ်ဆေးနိုင်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ယူအေအီးကန္တာရတွင် စိုက်ပျိုးသည့်အပင်ဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ဟမ်ဘာဂါများ ထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 July 2022
သီလဝါအထူးစီးပွားရေးဇုန်၌လက်ရှိတွင်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၂ ဘီလီယံရှိပြီး နိုင်ငံဒေသပေါင်း ၂၀ မှ လာရောက်လုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှု အရေအတွက်မှာ ၁၂၂ ခု ခန့်ရှိကြောင်း ၂၀၂၂ ခုနှစ် စာရင်းများအရ သိရှိရပါတယ်။
အဆိုပါနေရာများတွင် စက်ရုံအလုပ်သမားဦးရေ ၁၂၆၀၀ ဦး၊ ဆောက်လုပ်ရေး အလုပ်သမား ၂၅၀၀၀ ဝန်းကျင်တို့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိထားကြပါတယ်။
မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံးသော သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံဖိတ်ခေါ်ထားကြောင်း သီလဝါအထူး စီးပွားရေးဇုန်မှ သိရှိရပါသည်။
သီလဝါအထူးစီးပွားရေးဇုန်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်လည်ပတ်ခဲ့ကာ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန် ဖြစ်ပြီး မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်အဖြစ် မြန်မာ၊ ဂျပန်အစိုးရများ၊ မြန်မာနှင့် ဂျပန်ပုဂ္ဂလိကကုမ္ပဏီများက အကျိုးတူ ပူးပေါင်းဖော်ဆောင်ထားခြင်းဖြစ်ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း ၊ တရုတ်၊ ယူအေအီး၊ မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဩစတြီးယား၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ ပနားမား၊ ပြင်သစ် အစရှိသည့်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်ဝမ် (တရုတ် တိုင်ပေ) နှင့် ဟောင်ကောင်တို့မှ စီးပွားရေး လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။
ဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများတွင် စက်မှုဇုန်ဧရိယာအတွင်းရှိ လုပ်ငန်း မြှင့်တင်ရေး ဇုန်၌ လုပ်ငန်း ၇၂ ခု၊ ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၂၉ ဒသမ ၉၆၉ သန်း၊ ကင်းလွတ်ဇုန်၌ လုပ်ငန်း ၄၆ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၄၉၆ ဒသမ ၈၃၃ သန်း ရှိခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်း ၁၁၆ ခု ခန့်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၁၁၂ ဒသမ ၉၀၂ သန်း ခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းဇယားများအရ သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 15 July 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ဒသမ၃၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၉ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၂၀ တုံး၊ အလေးချိန် ၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ သန်းနိုင်မောင်းနှင်လာသည့် DONGFENG ၆ ဘီးမော်တော်ယာဉ်အား သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၉ ကီလို၊ ဘိန်းဖြူဘလောက်တုံး ၂၀ တုံး၊ အလေးချိန် ၇ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldPolitics
Published 15 July 2022
သီရိလင်္ကာသမ္မတ'ဂိုတာဘာယာရာဂျာပက်ခ်ဆာ'က စင်္ကာပူနိုင်ငံသို့ထွက်ပြေးသွားပြီး နာရီပိုင်းအကြာမှာ သမ္မတရာထူးမှ နှုတ်ထွက်ကြောင်း စာတစ်စောင်တင်ခဲ့တယ်လို ပါလီမန်လွှတ်တော်ဥက္ကဌရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
တိုင်းပြည်တွင်း စီးပွားရေးပြိုလဲကာ လူအများဆန္ဒပြခဲ့ကြပြီးနောက် သီရိလင်္ကာသမ္မတက နိုင်ငံမှထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။
ဆန္ဒပြသူတွေက ညမထွက်ရအမိန့်ကိုဖီဆန်ကာ သမ္မတရုံးအပြင်ဘက်မှာ လူစုလူဝေးဖြင့်ရှိနေကြပြီး အခုလိုသမ္မတရာထူးမှ နှုတ်ထွက်ကြောင်းကြေညာပြီးနောက် စီးပွားရေးမြို့တော်ကိုလံဘိုမှာ အောင်ပွဲခံနေကြပါတယ်။
လူအုပ်ကြီးက မီးရှူးမီးပန်းများလွှတ်၊ ကခုန်ကြပြီး 'ရာဂျာပက်ခ်ဆာ'ရဲ့နာမည်ကိုလှောင်ပြောင်ကာ ကြွေးကြော်နေကြပါတယ်။
"တစ်နိုင်ငံလုံး ဒီနေ့အောင်ပွဲခံကြမှာပါ၊ ဒီတိုင်းပြည်ကြီး သူတို့လက်ထဲကနေ လွတ်မြောက်မယ်လို့ မထင်ခဲ့မိပါဘူး"လို့ ဆန္ဒပြသူတစ်ဦးကပြောပြပါတယ်။
'ရာဂျာပက်ခ်ဆာ'မိသားစုဟာ သီရိလင်္ကာနိုင်ငံကို ဆယ်စုနှစ် ၂ ခုလောက်ကြာတဲ့အထိ ခြယ်လှယ်လာခဲ့တာပါ။
သမ္မတ'ရာဂျာပက်ခ်ဆာ'က ကြာသပတေးနေ့မှာ အီးမေးလ်ဖြင့် နှုတ်ထွက်စာပို့ခဲ့ပြီး တရားဥပဒေအတိုင်းအတည်ပြုပြီးတာနဲ့ သောကြာနေ့မှာ တရားဝင်ဖြစ်လာမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
သမ္မတဟောင်းက ဗုဒ္ဓဟူးနေ့မှာ မော်လ်ဒိုက်သို့ထွက်ပြေးခဲ့ပြီး ကြာသပတေးနေ့မှာတော့ ဆော်ဒီအာရေဗျလေကြောင်းလိုင်းဖြင့် စင်္ကာပူသို့သွားရောက်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
'ဂိုတာဘာယာရာဂျာပက်ခ်ဆာ'နဲ့ သူ့ဇနီးတို့လိုက်ပါလာတဲ့ သီရိလင်္ကာလေတပ်လေယာဉ်ကို မော်လ်ဒိုက်အစိုးရက သံတမန်ရေးအရ ခွင့်ပြုခဲ့ကြောင်း မော်လ်ဒိုက်ဘက်က အတည်ပြုခဲ့ပါတယ်။
လေယာဉ်ပေါ်လိုက်ပါလာတဲ့ အမည်မဖော်လိုသူတစ်ဦးရဲ့ပြောကြားချက်အရ 'ရာဂျာပက်ခ်ဆာ'ဟာ လုံခြုံရေးသက်တော်စောင့်အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး လေဆိပ်ဗီအိုင်ပီနေရာကနေ ကားနက်တွေနဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
'ရာဂျာပက်ခ်ဆာ'က စင်္ကာပူကို သီးသန့်လာရောက်လည်ပတ်တဲ့ ပုံစံမျိုးဖြစ်ပြီး ခိုလှုံ့ခွင့်တောင်းခံတာမျိုး မရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
'ရာဂျာပက်ခ်ဆာ'ရဲ့မိတ်ဖက်ဝန်ကြီးကို ယာယီသမ္မတအဖြစ်အုပ်ချုပ်စေတာကလည်း ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားစေခဲ့ကာ ပါလီမန်မှာဝင်ရောက်သောင်းကျန်းကြပြီး ဝန်ကြီးချုပ်ရုံးကလည်း သူ့ကိုနှုတ်ထွက်စေချင်ခဲ့တာဖြစ်ပါတယ်။
"ဝန်ကြီးချုပ်ကိုလည်း နှုတ်ထွက်စေချင်ပါတယ်၊ သူတို့ကတိုင်းပြည်ကို ရောင်းစားနေကြတာပါ၊ လူကောင်းသူကောင်းတစ်ယောက်ကို အာဏာရစေချင်ပါတယ်၊ အဲဒီမတိုင်ခင် ကျွန်တော်တို့ဆန္ဒပြတာ ရပ်တန့်သွားမှာမဟုတ်ပါဘူး" လို့ ပါလီမန်ဆန္ဒပြမှုမှာပါဝင်တဲ့ အသက် ၂၉ နှစ်အရွယ် တုတ်တုတ်ယာဉ်မောင်းတစ်ဦးက ပြောပြခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published - 15 July 2022
ဗဟိုဘဏ်မှ ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်းပြန်လည်ပေးဆပ်မှုကို ရပ်ဆိုင်းထားရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉-က အရ ပြည်တွင်း၌ နေထိုင်သူများမှ ရယူထားသည့် ပြည်ပချေးငွေများကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသား ဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ရယူထားသည့် ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်း ပြန်လည် ပေးဆပ်ခြင်းအား လတ်တလောကာလတွင် ဆိုင်းငံ့ဆောင်ရွက်ကြရန်အတွက် AD လိုင်စင်ရဘဏ်များကို ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။
၎င်းတို့အနေဖြင့် မိမိ၏ customer များဖြစ်သော ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသို့ချေးငွေ အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့်အစီအစဉ် (Repayment Schedule) အား ပြည်ပရှိ ငွေချေးငှားသူ(ender) များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့်အကြောင်းကြားပေးရန် ဗဟိုဘဏ်မှ ညွှန်ကြားထားခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 15 June 2022
ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာကာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင်လ ၁၅ ရက်(ယနေ့)ထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းအရ တစ်လီတာလျင် ငွေကျပ် ၁၈၀၀ ထပ်မံလျော့ကျခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်း အရသိရသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံနှင့် မော်လမြိုင်မြို့များတွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ငွေကျပ် ၁၈၀၀ အောက်သို့ကျဆင်းခဲ့သည်။
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၇၂၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၉၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၃၀ ကျပ် သတ်မှတ်ခဲ့သည်။
HSD (50 ppm)နှင့် HSD (10 ppm)တို့အား တစ်လီတာလျင် ၂၁၉၀ ကျပ် စက်သုံးဆီ ရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့ပြီး စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၆၃၄ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၀၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၀၂၉ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၀၈၄ ကျပ်များ ဖြစ်ကြသည်။
ymg/NN
#Yangon_Media_Group
#WorldScience
Published 15 July 2022
ပလတ်စတစ်အမှုန်အမွှားလေးတွေကို စားပစ်နိုင်တဲ့ စက်ရုပ်ငါးများဖြင့် ရေထုညစ်ညမ်းနေတဲ့ ပင်လယ်သမုဒ္ဒရာတွေကို သန့်ရှင်းအောင် တစ်နေ့နေ့ကျအကောင်အထည်ဖော်နိုင်တော့မှာဖြစ်ကြောင်း တရုတ်နိုင်ငံအနောက်တောင်ဘက် စီချွမ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောကြားလိုက်ပါတယ်။
စက်ရုပ်ငါးက ကိုင်တွယ်ရနူးညံ့ပြီး အရွယ်အစား ၁.၃ စင်တီမီတာ(လက်မဝက်)လောက်သာရှိကာ ရေတိမ်တွေမှာရှိတဲ့ ပလတ်စတစ်အမှုန်အမွှားတွေကို စုပ်ယူထားနိုင်ပြီးဖြစ်ပါတယ်။
သိပ္ပံပညာရှင်အဖွဲ့က ရေနက်ပိုင်းမှာပါ သန့်ရှင်းနိုင်ဖို့ရည်မှန်းထားပြီး ပင်လယ်ရေညစ်ညမ်းမှုကိုပါ အချိန်နဲ့တပြေးညီ သတင်းပို့နိုင်မှာဖြစ်ကြောင်း စက်ရုပ်ငါးတီထွင်တဲ့ သုတေသီအဖွဲ့မှ 'ဝမ်ယူယန်'က ဆိုပါတယ်။
"ဒီစက်ရုပ်ငါးက သေးငယ်ပေါ့ပါးပြီး ဇီဝဆေးဘက်ဆိုင်ရာနဲ့ ဘေးအန္တရာယ်ရှာဖွေရေးတို့မှာ အသုံးဝင်နိုင်ပါတယ်" လို့ ပြောပြပါတယ်။
အနက်ရောင်စက်ရုပ်ငါးကို အလင်းရောင်တန်းဖြင့် လမ်းပြနိုင်ပြီး ပါးဟက်နဲ့ခန္ဓာကိုယ်ကို လှုပ်ခတ်ကာသွားလာနိုင်ပါတယ်။
အခြားငါးတွေ လှေတွေနဲ့မထိခိုက်မိအောင် သိပ္ပံပညာရှင်တွေက အလင်းရောင်ကိုထိန်းချုပ်နိုင်ပါတယ်။
အခြားငါးတွေက မတော်တဆစားမိတဲ့အခါ ပိုလီယူရီသိမ်းနဲ့ ပြုလုပ်ထားတာကြောင့် ဘေးအန္တရာယ်မဖြစ်စေဘဲ အလွယ်တကူအစာချေဖျက်နိုင်ပါတယ်။
စက်ရုပ်ငါးက အညစ်အကြေးတွေကိုလည်း စုပ်ယူနိုင်ပြီး ထိခိုက်တဲ့အခါ သူ့ဘာသာပြန်ပြင်နိုင်ပါတယ်။
တစ်စက္ကန့်ကို ခန္ဓာကိုယ်အလျားရဲ့ ၂.၇၆ ဆအထိကူးခတ်နိုင်ပြီး အခြားစက်ရုပ်အများစုထက် လျင်မြန်စွာသွားလာနိုင်ပါတယ်။
ပလတ်စတစ်အမှုန်အမွှားစုပ်ယူနိုင်ဖို့ကို အာရုံစိုက်လုပ်ဆောင်နေကြပါတယ်လို့ ရှင်းပြခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published _ 15 July 2022
ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့၌ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် အတွင်းဝန်ရုံးများကို လာရောက်ကြမည့် ပြည်သူများအနေဖြင့် လက်ကိုင်ဖုန်း ယူဆောင်ခွင့်မပြုကြောင်း အာဇာနည်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီမှ ကြေညာထားသည်။
ယင်းနေရာ သုံးခုကို လာရောက်သူများသည်လက်ကိုင်ဖုန်းအပါအဝင် ဘောလ်ပင်၊ အလံ ၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်၊ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း၊ ဗီနိုင်း၊ ပုလင်း၊ ဘူး၊ တုတ်၊ ကော်ပိုက်နှင့် သံပိုက်စသည့် အရာများ ယူဆောင်လာလျင် ဝင်ရောက်ခွင့်မပြုဟု ကြေညာထားကြောင်း သိရသည်။
ဒရုန်းယာဉ်များ ယူဆောင်လွှတ်တင်ခြင်းများ မပြုလုပ်ရန်လည်း အသိပေးကြေညာထားသည်။ ယင်းအပြင် လာရောက်သူများအနေဖြင့် နှာခေါင်းစည်းများ မပျက်မကွက် တပ်ဆင်ထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် လက်ဆေးခြင်း၊ လက်သန့်ဆေးသုတ်လိမ်းခြင်းစသဖြင့် ဆောင်ရွက်ပြီးမှ ဝင်ရောက်ရမည်ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။
သက်ဆိုင်ရာနေရာများမှာ ကိုယ်အပူချိန်တိုင်းတာမှုအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် ကိုယ်ရေးအချက်အလက်များကို စာရင်းပေးသွင်းရန်နှင့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြု ကတ်ပြားယူဆောင်လာရန် လိုအပ်ကြောင်း ကြေညာချက်အရ သိရသည်။
လာရောက်လေ့လာသူများ အနေဖြင့် တစ်ယောက်နှင့် တစ်ယောက် (၆)ပေခြားပြီး ခွင့်ပြုအရေအတွက် အတိုင်းဝင်ရောက်လေ့လာရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။
ယင်းအပြင် သက်ကြီးရွယ်အိုများ၊ နာတာ ရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ လာရောက်ခြင်းမပြုရန်နှင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပွားလျင် လုံးဝလာရောက်ခြင်းမပြုရန် တားမြစ်ထားကြောင်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#WorldHealth
Published 15 July 2022
တုပ်ကွေးရောဂါနဲ့ ကိုဗစ်-၁၉ရောဂါ တပြိုင်နက်ကူးစက်ခံရပါက တုပ်ကွေးက ကိုဗစ်ရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
တုပ်ကွေးရောဂါပိုးက SARS-CoV-2 ဗိုင်းရပ်စ်ကို ဖိနှိပ်ပေးပြီး အဆုတ်တွေကိုမထိခိုက်အောင် ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်မှုများအရသိရှိရပါတယ်။
ဒါပေမဲ့ ကိုဗစ်ရောဂါအရင်ကူးစက်မိတာဆိုရင်တော့ တုပ်ကွေးရောဂါကို ဘာကာကွယ်မှုမှ မပေးနိုင်ပါဘူး။
အဆိုပါ ဗိုင်းရပ်စ်နှစ်မျိုးစလုံးကို တပြိုင်နက်ကူးစက်ထားတဲ့ ဟမ်းစတားကြွက်တွေဟာ ပိုမိုဆိုးရွားတဲ့လက္ခဏာတွေ မပေါ်ပေါက်နိုင်တာကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
ယခုဆောင်းရာသီအတွင်း တုပ်ကွေးနဲ့ ကိုဗစ်ရောဂါ နှစ်ခုစလုံးဒုက္ခပေးလာနိုင်တယ်လို့ စိုးရိမ်ပူပန်နေကြချိန်မှာ နယူးယော့ခ်တက္ကသိုလ်က အခုလိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဩစတြေးလျနိုင်ငံအတွင်း တုပ်ကွေးရောဂါကူးစက်မှု အဆိုးရွားဆုံးဖြစ်နေပြီး ကမ္ဘာ့မြောက်ဘက်ခြမ်းမှာလည်း အလားတူအခြေအနေမျိုးဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေမှာ ဝန်ထမ်းနည်းပါးလာပြီး SARS-CoV-2 ကလည်း ဆက်လက်ပျံ့ပွားနေဦးမှာဖြစ်ပါတယ်။
အဆိုပါ ရောဂါနှစ်မျိုးစလုံးကူးစက်ခံရပါက အသက်အန္တရာယ်ခြိမ်းခြောက်နိုင်ချေ ၂ ဆပိုများနိုင်တယ်လို့ အစိုးရသုတေသီများက သတိပေးထားပေမယ့် နောက်ပိုင်းမှာတော့ ကျွမ်းကျင်သူတွေက သိပ်ပြီးစိုးရိမ်စရာမလိုကြောင်း အသိပေးခဲ့ပါတယ်။
နယူးယော့ခ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ဘန်ဂျမင်တန်အိုဗာ'နဲ့အဖွဲ့က ဟမ်းစတားကြွက်တွေကို ဗိုင်းရပ်စ်နှစ်မျိုးစလုံးဖြင့် တပြိုင်တည်းကူးစက်စေပြီး စမ်းသပ်လေ့လာရာမှာ ရောဂါလက္ခဏာပိုဆိုးရွားမလာကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် တုပ်ကွေးဗိုင်းရပ်စ်အရင်ကူးစက်စေတဲ့ကြွက်တွေမှာ အခြားကြွက်တွေထက်စာရင် SARS-CoV-2 ဗိုင်းရပ်စ်ပမာဏလျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။
ခန္ဓာကိုယ်က တုပ်ကွေးရောဂါပိုးကို တိုက်ထုတ်ပြီးနောက် ၁ ပတ်လောက်ကြာတဲ့အထိ SARS-CoV-2 ပိုးပွားခြင်းကိုလည်း ထိန်းချုပ်ပေးထားနိုင်ပါတယ်။
အဆိုပါ တွေ့ရှိချက်များအရ SARS-CoV-2 ရော တုပ်ကွေးပါ တပြိုင်တည်းကူးစက်ခံရခြင်းက အန္တရာယ်မကြီးမားလှပါဘူး။
ရောဂါကူးစက်မှုများလာတာကြောင့် ကျန်းမာရေး ဝန်ထမ်းအင်အားနည်းပါးလာတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူတဲ့လူတွေ ပိုများလာတဲ့ဖိအားတွေကို အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု(NHS)က ရင်ဆိုင်နေရပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_15 July 2022
ဇူလိုင်လ၏ ရက်သတ္တ နှစ်ပတ်အတွင်း မလေးရှားထိန်းသိမ်းရေးစခန်းများမှ ပြည်တော်ပြန်ခွင့်ရသူ ၁၈၅ ဦးရှိပြီဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
ဇူလိုင်လ ၆ ရက်က မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး၍ Kemayan Camp နှင့် Pekan Nanas ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၅၉ ဦး၊ ဇူလိုင်လ ၁၃ ရက်က မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး၍ Kemayan Camp နှင့် Belantik ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၅၄ဦး၊ဇူလိုင်လ ၁၄ ရက်က လင်ကင်းကန့်နှင့် Belantik ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှန်ကန်သူ ၇၂ ဦးကို မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မလေးရှားနိုင်ငံ Bukitjali ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၃၀ ဦးကိုလည်း သံရုံးအနေဖြင့် သွားရောက်တွေ့ဆုံ စစ်ဆေးခြင်းက နေရပ်ပြန်နိုင်ရေးအတွက် အားပေးစကားပြော၍ အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ယင်းတို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံထားပြီးသူများသာ ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
Published 15 July 2022
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ပထမဇနီးနှင့် အကြီးဆုံးသားးသမီး (၃)ဦးရဲ့မိခင် အိုင်ဗန်နာ ထရမ့်ဟာ အသက် ၇၃နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ရှာပြီဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။ အိုင်ဗန်နာထရမ့်ဟာ ထရမ့် မျှော်စင် အပါအဝင် သူ့ရဲ့ ပင်ကိုယ်အမှတ်တံဆိပ်အဆောက်အဦတွေ တည်ဆောက်ရာမှာ ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။
“ သူမကိုချစ်ခင်ကြသူတွေ တော်တော်များများကို ကျွန်တော့်အနှေင့် ဝမ်းနည်းကြေကွဲစွာ ကြေညာပါတယ်။ အိုင်ဗန်နာ ထရမ့်ဟာ သူမရဲ့ နယူးယောက်စီးတီးအိမ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ Truth Social ကနေ ပို့စ်တင်ပြီး ကြေညာခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ၁၉၇၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၉၂ မှာ ကွာရှင်းခဲ့ကြပါတယ်။ သူတို့မှာ ဒေါ်နယ်ထရမ့် ဂျူနီယာ၊ အိုင်ဗန်ကာနှင့် အီရစ်ဆိုတဲ့ သားသမီးသုံးဦးထွန်းကားခဲ့ကြပါတယ်။
“အိုင်ဗန်နာထရမ့်ဟာ ဘေးအန္တရာယ်က လွတ်မြောက်ကျော်လွှားနိုင်ခဲ့သူပါ။ သူမဟာ ကွန်မြူနစ်ဝါဒကနေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။အဲဒီနိုင်ငံကို သူပွေ့ဖက်ချစ်ခင်တယ်။သူ့ရဲ့ကလေးတွေကို စိတ်ဓာတ်ကြံ့ခိုင် မာကျောပြီး စိတ်ပိုင်းပြတ်သူတွေဖြစ်အောင် သူမက သင်ပေးခဲ့တယ်” လို့ထရမ့်မိသားစုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။အိုင်ဗန်နာထရမ့်ဟာ ကွန်မြူနစ်တွေအုပ်ချုပ်တဲ့ ချက်ကိုစလိုဗေးကီးယားနိုင်ငံမှာကြီးပြင်းလာခဲ့သူပါ။
သမ္မတဟောင်းရဲ့ကြေညာချက်နှင့် မိသားစုကြေညာချက် နှစ်ခုစလုံးမှာ သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ပြမထားပါဘူး။ ဒါပေမယ့် သူမရဲ့ အိမ်ခန်းထဲက လှေကားပေါ်မှာ သူသေနေတာတွေ့ရပြီး ပြစ်မှုတစ်ခုခုလို့ သံသယဖြစ်စရာတော့ မရှိဘူးလို့ ရဲတစ်ဦးကပြောပါတယ်။
နယူးယောက်တိုင်းမ်ကတော့ သူမဟာ မတော်တဆ လှေကားပေါ်က ပြုတ်ကျခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတွေရဲ့စကားကို ကိုးကားပြီး ရေးသားပါတယ်။
သူမဟာ နှလုံးရပ်သွားတာကို ဖုန်းရလို့ ဆေးအကူအညီပေးတဲ့ အဖွဲ့ သွားရောက်ခဲ့ရတယ်လို့ နယူးယောက်မီးသတ်ဌာနက ပြောပါတယ်။
သူမဟာ ၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်မှာ အိုင်ဗန်နာမာရီဇီနစ်ကိုဗာ အဖြစ် ချက်ကိုစလိုဗေးကီးယားနိုင်ငံ ဂေါ့ဝါဒေါ့ဗ်မြို့ မှာမွေးဖွားခဲ့ပါတယ်။
သူမရဲ့ လူငယ်ဘဝမှာ ချက်ကိုစလိုဗေးကီးယားရဲ့ နိုင်ငံအဆင့် နှင်းလျောစီးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမ မဟာဘွဲ့ရခဲ့တဲ့ ပရပ်မြို့တော်က ချားလ်တက္ကသိုလ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ကျောင်းပြီးတဲ့နောက် သူမဟာ နာမည်ကြီးနှင်းလျောစီးသမား ဂျော့ ဆိုင်ရိုဗက်ကာနှင့် မေတ္တာမျှပြီး ကနေဒါရောက်သွားပါတယ်။ အဲဒီနောက် မွန်ထရီယယ်က အော်ဒရေးမောရစ် မော်ဒယ်လ်အေဂျင်စီမှာ မော်ဒယ်လ်လုပ်ပါတယ်။
သူမဟာ ၁၉၇၆ခုနှစ်မှာ မော်ဒယ်လုပ်ငန်းနှင့် နယူးယောက် ရောက်ခဲ့စဉ် ဒေါ်နယ်ထရမ့်နှင့်တွေ့ခဲ့ကြပြီးနောက် ကိုးလအကြာမှာ သူတို့လက်ထပ်ခဲ့ကြပါတယ်။
သူမဟာ ဒေါ်နယ်ထရမ့်အပြင် သုံးကြိမ် အိမ်ထောင်ပြုခဲ့ပါတယ်။ တစ်ခုက ထရမ့်နှင့် မတွေ့ခင်ဖြစ်ပြီး သူမက အဲဒါကို ဩစတြီးယား ပတ်စ်ပို့လိုချင်လို့ စစ်အေးကာလလက်ထပ်မှုလို့ပြောပါတယ်။ နောက်ထပ် လက်ထပ်ခဲ့တဲ့နှစ်ခုကလည်း ကွာရှင်ပြတ်စဲမှုနှင့်ပဲ အဆုံးသတ်ခဲ့ပါတယ်။
#Source AFP
#Ivana_Trump_died
#Donald_Trump
#အိုင်ဗန်နာထရမ့်ကွယ်လွန်
#WorldEntertainment
Published 14 July 2022
တောင်ကိုရီးယားဂီတနယ်ပယ်က အခုဆိုရင် ကမ္ဘာ့နေရာအနှံအပြားမှ ကျွမ်းကျင်သူများစုဝေးရာနေရာဖြစ်လာပြီး အိန္ဒိယအိုင်ဒေါတွေကစလို့ ဆွီဒင်သီချင်းရေးဆရာများအထိ ပါဝင်လာကြပါတယ်။
#Yangon_Media_Group
Page 1192 of 1467