Facebook၊ Instagram၊ WhatsApp နှင့် အခြားသော ဆိုရှယ်မီဒီယာ ပလပ်ဖောင်းများရဲ့ မိခင်ကုမ္ပဏီ Meta ကို တည်ထောင်သူ Mark Zuckerberg က အာဂျင်တီးနား စူပါဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့ ကမ္ဘာ့ဖလားပိုစ်ဟာ Instagram သမိုင်းမှာ လူကြိုက်အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး Instagram စံချိန်ကိုချိုးဖျက်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2022 ကာတာနိုင်ငံ ဖီဖာကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ Lionel Messi ထံ WhatsApp မက်ဆေ့ခ်ျပေးပိုမှုအနေဖြင့် ကာတာနိုင်ငံ Lusail အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ 2022 ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ 25 သန်းအထိရောက်ရှိခဲ့ကြောင်း ဇူကာဘတ်ကထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
လီယွန်နယ်မက်ဆီရဲ့ Instagram ပရိုဖိုင်စာမျက်နှာကို စစ်ဆေးကြည့်ရာမှာတစ်ခုဟာ မှတ်ချက်ပေါင်း 1.8 သန်းနှင့် လိုက်ခ်ပေါင်း 68.2 သန်းကျော်ရရှိခဲ့ပါတယ်။
Lionel Messi ဟာ Instagram မှာ Follower 405 သန်းကျော်ရှိနေပြီဖြစ်ပါတယ်
#Yangon_Media_Group
#Local_News
Published_21 December 2022
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၃ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်နှင့် သွင်းကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ သန်း ရရှိထားကြောင်း သိရသည်။ အဆိုပါ ကုန်သွယ်မှုဝင်ငွေသည့် ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်လျော့ကျနေကြောင်း သိရသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံဘက်သို့ ပို့ကုန်အနေဖြင့် ကွမ်းသီး၊ အုန်းသီး၊ တမူးဒေသထွက်ကုန်၊ စီးကရက်များတင်ပို့နေပြီး သွင်းကုန်အနေဖြင့် ဓာတ်မြေဩဇာ၊ ဆံပင်တုများ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့သည့်နှစ်ထက် ၂၁၈ ဒသမ ၆၅ သန်းပိုမိုရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 21 December 2022
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရခိုင်ပြည်နယ် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ သံရုံးမှ နိုင်ငံရေးသံမှူး Ms. Qiao Li ၊ CITIC Myanmar ဒုတိယ အထွေထွေမန်နေဂျာ Mr. Ma Chuanfu ၊ ကျောက်ဖြူဘိုးဘွားရိပ်သာ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးငြိမ်းချမ်းမောင်နှင့် ဒေသခံ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ တက်ရောက်ခဲ့ကြပါတယ်။
Ms. Qiao Li က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လူနေမှုပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ထိုသို့လှူဒါန်းရသည့်ရည်ရွယ်ချက်မှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းအမွေဆက်ခံ၍ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကိုပြသပြီး ကျောက်ဖြူဒေသမှ သက်ကြီးရွယ်အို များကိုလည်း တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု ရလဒ်ကောင်းများ အတူမျှဝေနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များသည် ဒေသတွင်အခြေချ၍ မြန်မာနိုင်ငံ ဘက်နှင့်ပူးပေါင်းဆောင်ရွက်ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် တည်ဆောက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါစွာ အကျိုးပြု နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ထို့နောက် ကျောက်ဖြူဘိုးဘွားရိပ်သာမှ တာဝန်ခံ ဒေါ်တင်တင်အုန်းက ဘိုးဘွားရိပ်သာ၏ သမိုင်း၊ လက်ရှိလည်ပတ်မှုအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တို့ကို မိတ်ဆက်ပေးပြီး သံရုံး၏ လှူဒါန်းမှုအတွက် လေးလေးနက်နက် ကျေးဇူးတင်ရှိကြောင်း ပြေကြားခဲ့ပါတယ်။
ယခုအကြိမ် လှူဒါန်းသည့်ပစ္စည်းများတွင် ကုတင်၊ ဗီရို၊ ရေခဲသေတ္တာ၊ ရေသေတ္တာ၊ ဘီးတပ်ကုလားထိုင် စသည်တို့ ပါဝင်ပါတယ်။
အခမ်းအနားအပြီးတွင် သံမှူး Ms. Qiao Li နှင့်အဖွဲ့သည် ဘိုးဘွားရိပ်သာကို လေ့လာကြည့်ရှုကြပြီး သက်ကြီးရွယ်အိုများကို အားပေးစကားပြောကြားခဲ့ကြောင် သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 21 December 2022
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဂူဝါဟတီမြို့၌ ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် Assam International Agri-Horti Show 2022 ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ပြပွဲဖွင့်ပွဲအခမ်းအနားတွင် အာသံပြည်နယ် ဝန်ကြီးချုပ်က တက်ရောက်မိန့်ခွန်း ပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေး ပြည်ထောင်စုဝန်ကြီး၊ အာသံပြည်နယ် စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် မွေးမြူရေးဖွံ့ဖြိုးမှုဝန်ကြီးအပါအဝင် အိန္ဒိယအစိုးရ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံ များမှ သံအမတ်ကြီးနှင့် သံတမန်များ၊ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် ဂေဟစနစ်တွင် အဓိက ပါဝင်ပတ်သက်သူများမှ တက်ရောက်ခဲ့ကြပါတယ်။
အာသံပြည်နယ် စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန်ဌာနမှ တာဝန်ယူကျင်းပသည့် ၎င်းပြပွဲသည် ပြည်နယ် စိုက်ပျိုးရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ပြပွဲအတွင်း ထုတ်လုပ်မှုမှသည် ဈေးကွက်တင်သည်အထိ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် value chain အဆင့်တိုင်းအတွက် အသိပညာ ဖလှယ်မှုနှင့် ကမ္ဘာ့နည်းနာများကို မိတ်ဆက် ရှင်းလင်းမှုများ၊ ကမ္ဘာအနှံ့မှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ရည်ရွယ်၍ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါပြပွဲကိုပြခန်းပေါင်း ၃၀၀ ကျော်ဖြင့် ဒေသထွက်သီးနှံများ၊ စိုက်ပျိုး ထုတ်လုပ် ရေး လုပ်ငန်းသုံးပစ္စည်း မိတ်ဆက်ပြသမှုများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းအချင်းချင်း ချိတ်ဆက် မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 21 December 2022
တရုတ်-လာအို-မြန်မာ-ထိုင်းလေးနိုင်ငံ၏ (၁၂၄) ကြိမ်မြောက် မဲခေါင်မြစ်ပူးတွဲ ကင်းလှည့်ရေးလှုပ်ရှားမှုကို ဒီဇင်ဘာလ(၂၀)ရက်တွင်တရားဝင်စတင်ခဲ့ကြောင်းသိရသည်၊၊
ယခုအကြိမ်လှုပ်ရှားမှုကာလအတွင်း၌ လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများက မဲခေါင်မြစ် “ရွှေတြိဂံ” အထက်မြစ်ဝှမ်း ၁၁ ကီလိုမီတာ အကွာက လာအိုနိုင်ငံ Mengmo ပင်လယ်ရေပြင်တွင် “ဖေးမကူညီ - ၂၀၂၂” ပူးတွဲလေ့ကျင့်မှု ကျင်းပမည်ဖြစ်သည်။
ယခုအကြိမ်လေ့ကျင့်မှုတွင် မှောင်ခိုပြည်ဝင်မှု၊ မူးယစ်ဆေးဝါးစသည့် ပြစ်မှုကျူးလွန်မှုများအား ကြည်းရေပူးတွဲတိုက်ဖျက်ခြင်းအား အဓိကအကြောင်းအရာအဖြစ် ထားရှိမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ ပူးတွဲလှုပ်ရှားမှု၊ အရေးပေါ်နှင့်ရုတ်တရက်ဖြစ်ပွားသောကိစ္စများအား ဖြေရှင်းမှုနှင့် ပူးတွဲစစ်ဆင်သည့်စွမ်းရည်များကို စစ်ဆေး၍ မြှင့်တင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_News
Published 21 December 2022
အင်္ဂါနေ့ အရုဏ်မတက်မီအချိန်က ကယ်လီဖိုးနီးယားမြောက်ပိုင်းကမ်းရိုးတန်းဒေသမှာ ရစ်ချ်တာစကေးလ် ၆.၄ အဆင့်ရှိ ပြင်းအားမြင့်မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ အိမ်များ၊ လမ်းများ၊ ရေပေးစနစ်များ ပျက်စီးခဲ့ပြီး လူသောင်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားမရရှိဘဲ ဖြစ်နေပါတယ်။
ငလျင်လှုပ်ခတ်စဉ်နဲ့ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် အနည်းဆုံးလူ ၁၁ ဦးဒဏ်ရာရရှိကာ ၂ ဦးသေဆုံးခဲ့ကြောင်း ဟမ်းဘို့တ်ကောင်တီရဲအရာရှိရုံးမှ တင်ပြခဲ့ပါတယ်။
ပစိဖိတ်စံတော်ချိန် နံနက် ၂ နာရီခွဲမှာ ဟမ်းဘို့တ်ကောင်တီ ဆန်ဖရန်ဆစ္စကိုကမ်းလွန်မြောက်ဘက် ၂၁၅ မိုင်မှာ ဗဟိုပြုကာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲလှုပ်ခတ်မှု ၈၀ ခန့်ရှိခဲ့ပါတယ်။
ထိုဒေသဟာ ကျယ်ပြန့်တဲ့ကျေးလက်နေရာများဖြစ်ပြီး သစ်တောများ၊ ဒေသထွက်ပင်လယ်စာများ၊ သစ်လုပ်ငန်းများ၊ နို့ထွက်ပစ္စည်းများကြောင့် လူသိများပါတယ်။
အဆိုပါဒေသမှာ မကြာခဏငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ပေမယ့် အခုနောက်ဆုံးငလျင်ကတော့ ပိုပြီးအပျက်အစီးများတဲ့သဘော ရှိပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် မီးစွဲသွားတဲ့ အဆောက်အအုံတစ်ခုကို မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အခြားအဆောက်အအုံ ၂ ခုတော့ ပြိုကျခဲ့ကြောင်း ကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနမှ ပြောကြားခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးခေါ်ဆိုမှုပေါင်း ၇၀ လက်ခံရရှိခဲ့ကြောင်း ဌာနမှပြောရေးဆိုခွင့်ရှိသူ'ထရန်ဘီယာ'က ဆိုပါတယ်။
ငလျင်နဲ့ဆက်စပ်ပြီး အသေအပျောက်ဒဏ်ရာရစာရင်းကို အကြမ်းဖျင်းဖော်ပြထားရာ ဦးခေါင်းဒဏ်ရာရထားတဲ့ ကလေးတစ်ဦး၊ တင်ပါးရိုးကျိုးတဲ့ သက်ကြီးရွယ်အိုတစ်ယောက်တို့ ပါဝင်နေပါတယ်။
အီးလ်မြစ်ကိုဖြတ်ကျော်ပြီး ဖန်းဒေးလ်မြို့ကိုဆက်ထားတဲ့ တံတားတစ်ခုမှာ အက်ကြောင်း ၄ ခုတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က ပိတ်လိုက်ရပါတယ်။
ဟမ်းဘို့တ်ကောင်တီရှိ လမ်း ၄ ခုကိုလည်းပိတ်ထားရကာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သွားနိုင်ချေရှိတာကိုလည်း စစ်ဆေးနေကြောင်း အာဏာပိုင်များက သတင်းပို့ထားပါတယ်။
ဖန်းဒေးလ်နဲ့ အနီးကပ်ဆုံးမြို့တွေဖြစ်တဲ့ ဖော်ကျူနာနဲ့ ရီယိုဒဲလ်တို့က အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး အိမ် ၂ ဒါဇင်ခန့်ဟာ နေထိုင်ရန် စိတ်မချရတော့ကြောင်း အရေးပေါ်စာကပ်ထားရပါတယ်။
ကယ်လီဖိုးနီးယား ငလျင်သတိပေးစနစ်က အလုပ်ဖြစ်ခဲ့ဟန်ရှိပြီး ပထမဆုံးငလျင်ဒဏ်မခံစားရခင် ၁၀ စက္ကန့်အလိုမှာ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ လူပေါင်း ၃ သန်းရဲ့ လက်ကိုင်ဖုန်းတွေကို သတိပေးချက်ရောက်ရှိခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးမကြာခင်မှာပဲ ဖန်းဒေးလ်နဲ့ ဟမ်းဘို့တ်ကောင်တီတို့မှာ ဓာတ်အားမရရှိတော့ပါဘူး။
ထိခိုက်သွားတဲ့ ဓာတ်အားနဲ့လျှပ်စစ်စနစ်တွေကို လိုက်လံစစ်ဆေးလျက်ရှိပြီး ရက်အတော်ကြာပြတ်တောက်ဖွယ်ရှိကြောင်း သိရပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 21 December 2022
ကိုဗစ်ရောဂါပိုးက သေပြီးသားအလောင်းတွေထံကနေ သက်ရှိလူသားတွေကို ကူးစက်နိုင်တယ်လို့ လေ့လာတွေ့ရှိချက် ၂ ရပ်မှာ ဖော်ပြထားပါတယ်။
လတ်တလောသေဆုံးထားတဲ့ လူတွေနဲ့ ဟမ်းစတားကြွက်တွေကို အလောင်းခွဲစိတ်စစ်ဆေးပြီးနောက် ၁၇ ရက်ကြာသည့်တိုင်အောင် သူတို့ရဲ့နှာခေါင်းလမ်းကြောင်းနဲ့ အဆုတ်တို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်မှသိပ္ပံပညာရှင်များ ပြောကြားလိုက်ပါတယ်။
အလောင်းတွေထံကနေ လူအများကို ကူးစက်နိုင်ချေနည်းပေမယ့် ဆေးစစ်ဆေးရေးအရာရှိများ၊ ရောဂါဗေဒပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဝမ်းနည်းပူဆွေးနေရတဲ့ မိသားစုဝင်များအနေဖြင့် သတိထားသင့်ကြောင်း သတိပေးလိုက်ပါတယ်။
ဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်ပြိုကွဲပျက်စီးခြင်းဖြစ်စဉ် ဒါမှမဟုတ် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ထွက်လာတဲ့ဓာတ်ငွေ့တွေကနေ ကူးစက်တာဖြစ်နိုင်တယ်လို့ စာတမ်းပြုစုသူတစ်ဦးက ဆိုပါတယ်။
သုတေသီများက ဒီအတွက် ဟမ်းစတားကြွက်များနဲ့ စမ်းသပ်ခဲ့ကြပါတယ်။
ကိုဗစ်ကူးစက်ထားတဲ့ ကြွက်တွေကို ရောဂါမရှိတဲ့ကြွက်တွေနဲ့ အတူထားရာမှာ ကိုဗစ်ကူးစက်ခဲ့ပြီး သေဆုံးခဲ့တဲ့ကြွက်တွေမှာတော့ အဆုတ်နဲ့နှာခေါင်းတွေမှာ ဗိုင်းရပ်စ်ပမာဏအများအပြားရှိနေပါသေးတယ်။
လူတစ်ယောက်သေဆုံးတဲ့အခါ ခန္ဓာကိုယ်ထဲက သဘာဝအတိုင်းဓာတ်ငွေ့များထွက်လာပါတယ်။
ဂျပန်ရိုးရာမြှုပ်နှံခြင်းမှာဆိုရင် အလောင်းရဲ့ နှာခေါင်းပေါက်၊ ပါးစပ်ပေါက်၊ နားပေါက်၊ စအိုပေါက်တို့ကို ဂွမ်းစဖြင့်ပိတ်ဆို့ပေးတာက ရောဂါကူးစက်မှုကို တားဆီးနိုင်ပါတယ်။
ဒါကြောင့် အလောင်းကိုင်တွယ်တဲ့အခါ ကူးစက်မှုကိုထိန်းချုပ်နိုင်တဲ့ အတိုင်းအတာတွေ ဆောင်ရွက်သင့်ပါတယ်။
အလောင်းတွေကနေ ကူးစက်ရောဂါပျံ့ပွားတာဟာ အခုမှတွေ့ဖူးတာမဟုတ်ပါဘူး။
၂၀၂၀ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ အလောင်းထိန်းသိမ်းသူတစ်ဦးက ကိုဗစ်ကြောင့်သေဆုံးသွားသူကို ထိတွေ့ခဲ့ရာကနေ ရောဂါကူးစက်ခဲ့ကြောင်း တင်ပြခဲ့ဖူးပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_ 21 December 2022
၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ ကာလအတွင်း အိမ်ထောင်စု ၁၆,၇၇၃ စု၊ လူဦးရေ ၇၂,၇၇၁ ဦးတို့ကို မူလနေရာများသို့ ပို့ဆောင်နေရာ ချထားပေးနိုင်ခဲ့ပြီး IDP နှင့်တိုက်ပွဲရှောင်စခန်း ၁၇၀ ကို ပိတ်သိမ်းနိုင်ခဲ့တယ်လို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ဒီဇင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပစဉ် ပြောကြားခဲ့ပါတယ်။
ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံ့ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အမျိုးသားအဆင့် ကော်မတီအနေဖြင့် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံ့ရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအဆင့်လုပ်ငန်း ကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့်ကော်မတီများ ဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ပြည်တွင်းနေရပ်စွန့်ခွာသူများကို မူလနေရပ်အပါအဝင် ပြန်လည်နေရာချထားသည့် ဒေသများတွင် အမှီအခိုကင်း၍အဆင်ပြေစွာ ရပ်တည်နေထိုင်နိုင်စေရန် စီမံဆောင်ရွက်ပေးခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းတို့ဖြင့် လက်နက်ကိုင် ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသတွင်းဖွံ့ဖြိုးရေး အစီအစဉ်များ ဖော်ဆောင်နိုင်ရန် အတွက်လည်းများစွာ အထောက်အကူပြုမည်ဖြစ်သဖြင့် လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများအားလုံး အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီထိရောက် ပီပြင်စွာဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့ ပြောကြားပါတယ်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုအခြေအနေကို ရှင်းလင်းပြောကြားပါတယ်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြတဲ့ အမျိုးသားအဆင့်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိ သူတို့က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 21 December 2022
အပြစ်ရှိသူကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်နှင့် အပြစ်မရှိသူကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန်လိုကြောင်း နစက ဥက္ကဌက ယနေ့ ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်သည့် မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ယင်းက တရားစီရင်ရေးကိစ္စမှာ အမှားအယွင်းမခံသည့်ကိစ္စဖြစ်သောကြောင့် ကျူးလွန်သည့်ပြစ်မှုနှင့် သင့်တော်သည့်ပြစ်ဒဏ်မျိုးကို မှန်မှန်ကန်ကန် ချမှတ်နိုင်ခြင်းမှာ တရားစီရင်ရေး၏ အဓိကလိုအပ်ချက် ဖြစ်သည့်အတွက် တရားသူကြီးများအနေဖြင့် ဥပဒေရေးရာတွင် နှံ့စပ်ကျွမ်းကျင်ပြီး စီရင်ထုံးများကို သိရှိနားလည်အောင် အစဉ်ကြိုးစားလေ့လာနေရန် လိုအပ်ကာ ပြစ်မှုကျူးလွန် သူကိုလည်း နောင်တွင် နောက်ထပ်ပြစ်မှု မကျူးလွန်စေရေး ဟန့်တားနိုင်သည့် ပြစ်ဒဏ်စီရင်ချမှတ်နိုင်ရေးအတွက် တရားသူကြီးများ၏ အတွေ့အကြုံနှင့် ဆင်ခြင်တုံတရားက တရားရေးမဏ္ဍိုင်အတွက် အလွန်အရေးကြီးကြောင်းလည်း အသိပေးခဲ့သေးသည်။
နစက အနေဖြင့် ခေတ်ကာလနှင့် မလျော်ညီသည့်ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် နိုင်ငံတော်၏ အာဏာကြီး (၃)ရပ်တွင် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျင့်သုံး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍဟူသည် အရေး ကြီးသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ကာ ပည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝလုံခြုံရေးအတွက်လည်း မရှိမဖြစ်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်းလည်း ပြောသည်။
လက်ရှိတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏အောက်တွင် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ဥပဒေအရ တည်ထောင်သည့် အခြားတရားရုံးများဟူ၍ တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပြီး မှုခင်းများကို မှန်မှန်ကန်ကန်နှင့် ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်နေကြကြောင်းလည်း ယင်းက ဆိုသည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင်ရှိတရားရုံးများတွင် နည်းပညာကို အသုံးပြု၍ ကွန်ပျူတာ၊ အင်တာနက်နှင့် ဆက်စပ်ပစ္စည်းများ၊ဉာဏ်ရည်တု (AI) နည်းပညာကိုပါ အသုံးပြုလာကြပြီဖြစ်ရာ မြန်မာနိုင်ငံရှိ တရားရုံးများ၌ ICT နည်းပညာများ တဖြည်းဖြည်းနှင့် စတင်အသုံးပြုလာပြီ ဖြစ်ပါကြောင်း၊ သက်သေစစ်ဆေးရာတွင် လည်း Video Conferencing စနစ်ကိုသုံးပြီး အဝေးရောက်နေသည့် သက်သေများအား စစ်ဆေးခြင်းများကိုလည်း လုပ်လာကြပြီဖြစ်ကြောင်း နစက ဥက္ကဌက ထည့်သွင်း ပြောကြားခဲ့သည်။
ယခုအခါ လိုအပ်သည့်တရားရုံး အဆောက်အဦအသစ်များ ဆောက်နိုင်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ ဝယ်ယူ နိုင်ရန်အတွက်လည်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊နစက အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်၊ ချင်းပြည်နယ်တရားလွှတ်တော်၊ မွန်ပြည်နယ်တရား လွှတ်တော်တို့ကို ဆောက်လုပ်ခဲ့ရာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကို လည်းကောင်း၊ ဒီဇင်ဘာလ ၂၀ ရက် ယနေ့တွင် မွန်ပြည်နယ်တရား လွှတ်တော်ကိုလည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 21 December 2022
Solanaceae glycoalkaloids (GA) လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေဟာ ကင်ဆာအကျိတ်တွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိကြောင်း တွေ့ရှိထားပါတယ်။
ဒီပစ္စည်းတွေဟာ ညရိပ်ပင်တွေကနေ သဘာဝအတိုင်းရရှိတာဖြစ်ပြီး တိုင်းရင်းဆေးတွေမှာ အသုံးပြုခဲ့တာကြာပါပြီ။
GA တွေက ကင်ဆာဆဲလ်ကြီးထွားခြင်းကို တားဆီးပေးကာ နောက်ဆုံးမှာ ဆဲလ်သေဆုံးသည်အထိဖြစ်လာကြောင်း ပိုလန်နိုင်ငံ အဒမ်မစ်ကီဝစ်ဇ်တက္ကသိုလ်က ပြောကြားခဲ့ပါတယ်။
GA ရဲ့ လုပ်ဆောင်ချက်တွေကို ထပ်မံလေ့လာသွားမှာဖြစ်ပြီး ကင်ဆာကုသနည်းများ ထုတ်လုပ်နိုင်ရန် သုတေသီများ မျှော်လင့်နေကြပါတယ်။
လက်ရှိမှာ ကင်ဆာအကျိတ်တွေကို ကုသတဲ့အဓိကနည်းလမ်းက ဓာတုကုထုံးဖြစ်ပြီး ဆဲလ်ကွဲပွားခြင်းကို တားဆီးပေးပါတယ်။
ဒီဆေးတွေက သိပ်ပြီးတိကျမှုမရှိဘဲနဲ့ ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကိုပါ ထိခိုက်စေပါတယ်။
လူနာအများအပြားကတော့ ဓာတ်ရောင်ခြည်ကုသနည်းကို အသုံးပြုနေကြပါတယ်။
GA တွေက ပမာဏအနည်းငယ်မျှနဲ့ပင် ကင်ဆာဆဲလ်တွေကို သက်ရောက်စေမှာဖြစ်တာကြောင့် အကျိတ်များကုသရန်အတွက် ဘေးအန္တရာယ်ကင်းတဲ့နည်းလမ်း ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ ကျန်းမာတဲ့ဆဲလ်တွေမှာ ဒီဒြပ်ပေါင်းတွေက အဆိပ်အာနိသင်ဖြစ်စေနိုင်တာကြောင့်လည်း GA ဆေးတွေကို ဘေးကင်းစွာအသုံးပြုနိုင်အောင် လေ့လာမှုတွေပြုလုပ်ရဦးမှာပါ။
GA တွေရဲ့သက်ရောက်မှုတွေကို သေချာလေ့လာထားကြပေမယ့် အတိအကျဖြစ်စဉ်တွေကိုတော့ နားမလည်သေးပါဘူး။
ကင်ဆာကို အန္တရာယ်ကင်းကင်းနဲ့ နည်းလမ်းရွေးချယ်ကုသနိုင်ပြီး ပိုမိုထိရောက်စေရန်အတွက် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 20 December 2022
အသင်းခေါင်းဆောင်မက်ဆီဦးဆောင်တဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲရ အာဂျင်တီးနား ဘောလုံးအသင်းကို သယ်ဆောင်လာတဲ့လေယာဉ်ဟာ အမိမြေရဲ့မြို့တော် ဗျုနိုအေးရိစ်ကို ဆိုက်ရောက်လာပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မနက် (၂)နာရီမှာ လေယာဉ်ဆိုက်ရောက်လာပေမယ့် ထောင်ပေါင်းများစွာသော ပရိဿတ်တွေက တစ်ခဲနက်ကြိုဆိုခဲ့ကြပါတယ်။
ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ လေယာဉ်ဆိုက်တာနှင့် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနှင့် နည်းပြ စကာလိုနီတို့ဦးဆောင်ပြီး လေယာဉ်ကဆင်းလာကြပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ tracksuit ကိုဝတ်ဆင်ထားပြီးလက်ထဲမှာလည်း သူကာလရှည်စောင့်စားခဲ့ရတဲ့ ကမ္ဘာ့ဖလားဆုဖလားကြီးကို ပွေ့ပိုက်ထားပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ အိမ်အပြန်လှုပ်ရှားမှုမှတ်တမ်း ဗွီဒီယိုကို အေအက်ဖ်ပီက ရိုက်ကူးတင် ဆက်ပေးထားတာဖြစ်ပါတယ်။
Source AFP
#Argentina_land_Buenos_Aires
#World_Cup_2022
#Lionel_Messi
#Local_News
Published_ 20 December 2022
ပြည်တွင်းနိုင်ငံတကာကျောင်း (International School)တွေမှာ တာဝန်ထမ်းဆောင်ကြတဲ့ နိုင်ငံခြားသားဆရာ၊ ဆရာမတွေအနေနဲ့ ပြည်တွင်းကျောင်းတွေမှာ ပညာလာသင်ပေးဖို့ ဗီဇာအခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံတကာကျောင်းများ အသင်းနာယကဦးနေအုပ်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1193 of 1747