Published 05 February 2022
အရင်က Facebook လို့ လူသိများခဲ့တဲ့ Meta ကုမ္ပဏီဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ကြာသပတေးနေ့ တစ်ရက်တည်းနဲ့ပင် စတော့ဈေးကွက် အကြီးမားဆုံးထိခိုက်ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။
စတော့ရှယ်ယာ ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးကွက်တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၂၃၀ ဘီလီယံ ထိုးကျသွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ကုမ္ပဏီရဲ့ဝင်ငွေ စိတ်ပျက်ဖွယ်နည်းပါးခဲ့ပြီးနောက် အခုလိုဈေးကွက်တန်ဖိုးတွေပါ ထိခိုက်လာတာဖြစ်ပါတယ်။
လူမှုကွန်ရက်အက်ပ်လီကေးရှင်းတွေကို အဓိကထားနေတဲ့လုပ်ငန်းအဖြစ်ကနေ metaverse လို့ခေါ်တဲ့ ဖြစ်တည်မှုပုံရိပ်ယောင်ကမ္ဘာကြီးကို ဖန်တီးဖို့ ပြောင်းလဲအာရုံစိုက်လာကြောင်း အမှုဆောင်အရာရှိချုပ် 'မာ့ခ်ဇူကာဘာ့ဂ်'က ဖော်ပြခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာ Meta ကုမ္ပဏီ ဒုက္ခအကျဉ်းအကြပ်ထဲရောက်နေရတဲ့ အကြောင်းအရင်း ၆ ခုက...
(၁) သုံးစွဲသူအရေအတွက် ဆက်လက်တိုးတက်မှုမရှိခြင်း
- ဖေ့စ်ဘွတ်ခ်သုံးစွဲတဲ့သူ အရေအတွက်တိုးများလာခြင်းက အဆုံးသတ်ကိုကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။
- Meta ကုမ္ပဏီရဲ့ အက်ပ်လီကေးရှင်းတွေဖြစ်တဲ့ Instagram, Messenger, WhatsApp တို့မှာ ဗုဒ္ဓဟူးနေ့အထိ အသုံးပြုသူအသစ်တွေ ရှိလာခဲ့ပေမယ့် အဓိကအက်ပ်လီကေးရှင်း ဖေ့စ်ဘွတ်ခ်မှာတော့ ပြီးခဲ့တဲ့လတွေမှာ အသုံးပြုသူ သန်းတဝက်လောက်အထိ လျော့နည်းလာခဲ့ပါတယ်။
- ဝင်တွေကြီးကြီးမားမားမရရှိသေးတဲ့ WhatsApp လို မက်ဆေ့ပို့ဆက်သွယ်တဲ့ဝန်ဆောင်မှုမျိုးမှာ ဝင်တွေရရှိအောင်ပြုလုပ်ဖို့နဲ့ အခြားအခွင့်အလမ်းတွေဆီကနေ ရရှိအောင်ပြုလုပ်ဖို့ အမှုဆောင်တွေက ထောက်ပြထားပါတယ်။
- Meta ရဲ့ အခြားအက်ပ်လီကေးရှင်းဖြစ်တဲ့ Instagram လိုဟာမျိုးက သုံးစွဲသူအမြင့်ဆုံးအနေအထား ရောက်ရှိနိုင်မလားဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက အကဲဖြတ်စောင့်ကြည့်သွားဖို့ ဖြစ်နိုင်ချေများပါတယ်။
(၂) Apple ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် ပြောင်းလဲပြင်ဆင်မှုများ
- ပြီးခဲ့တဲ့နွေဦးရာသီတုန်းက Apple က သူတို့ရဲ့ စမတ်ဖုန်းလုပ်ဆောင်ချက်စနစ်တွေမှာ App Tracking Transparency ဆိုတဲ့ စနစ်ကို စတင်ထည့်သွင်းလိုက်ပါတယ်။
- အဆိုပါစနစ်ဟာ ဖေ့စ်ဘွတ်ခ်လို အက်ပ်လီကေးရှင်းတွေက iPhone အသုံးပြုသူတွေရဲ့ အွန်လိုင်းပေါ်ကလုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ iPhone အသုံးပြုသူတွေ ခွင့်ပြုမှာလား ဆိုတာကို ရွေးချယ်လို့ရမှာဖြစ်ပါတယ်။
- အခုအခါ ဖေ့စ်ဘွတ်ခ်နဲ့အခြားအက်ပ်လီကေးရှင်းတွေက iPhone အသုံးပြုသူတွေရဲ့ လုပ်ဆောင်ပုံအချက်အလက်တွေကို စောင့်ကြည့်စစ်ဆေးခွင့်ရဖို့ အသုံးပြုသူတွေထံ ခွင့်ပြုချက်တောင်းရမှာဖြစ်ပြီး သုံးစွဲသူအများစုကတော့ ခွင့်မပြုခဲ့ကြပါဘူး။
- Meta ကုမ္ပဏီရဲ့ အဓိကငွေရပေါက်ဖြစ်နေတဲ့ ဖေ့စ်ဘွတ်ပေါ်မှ ကြော်ငြာတွေကို ကြည့်ရှုသူနည်းသွားမှာဖြစ်ပါတယ်။
- ပိုပြီးအထိနာရတဲ့အချက်က iPhone အသုံးပြုသူတွေက ဖုန်းထဲကပေါ်လာတဲ့ကြော်ငြာတွေကနေ ဝယ်ယူသုံးစွဲမှုမှာ Android ဖုန်းအသုံးပြုသူတွေထက် ပိုပြီးဝယ်ယူသုံးစွဲကြသူတွေဖြစ်ပါတယ်။
(၃) အွန်လိုင်းကြော်ငြာလုပ်ငန်းတွေမှာ Google ကယှဉ်ပြိုင်လာမှု
- Meta ကုမ္ပဏီဒုက္ခရောက်နေတဲ့အတွက် ပြိုင်ဘက်ကုမ္ပဏီတွေ အခွင့်သာဖို့ဖြစ်လာခဲ့ပါတယ်။
- Apple ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ပေါ်လစီ ပြောင်းလဲမှုက အသုံးပြုသူတွေရဲ့လုပ်ဆောင်ချက်အလိုက် ကြော်ငြာပြသခွင့်ရဖို့ အခွင့်အရေးနည်းလာတာကြောင့် ကြော်ငြာလုပ်ငန်းရှင်တွေက Google လို နေရာတွေမှာ ပြောင်းပြီးကြော်ငြာအတွက် သုံးစွဲလာကြပါတယ်။
- Meta နဲ့မတူတဲ့အချက်က Google က အသုံးပြုသူတွေရဲ့အချက်အလက်တွေအတွက် Apple ကို မှီခိုနေစရာမလိုပါဘူး။
(၄) TikTok ကိုယှဉ်ပြိုင်လာတဲ့ Reels ရဲ့ပြဿနာ
- တရုတ်နိုင်ငံထုတ် TikTok အက်ပ်လီကေးရှင်းမှာ သုံးစွဲသူ ၁ ဘီလီယံကျော်ရှိနေပြီး ဗီဒီယိုအတိုလေးတွေ ရိုက်ကူးအသုံးပြုလို့ရတာကြောင့် စွဲစွဲလမ်းလမ်းအသုံးပြုနေကြပါတယ်။
- TikTok နဲ့ယှဉ်ပြိုင်ဖို့အတွက် Meta က TikTok လို ဗီဒီယိုအတိုလေးတွေ ရိုက်ကူးလို့ရတဲ့ Instagram Reels ကို ဖန်တီးခဲ့ပါတယ်။
- Reels က Instagram သတင်းပို့စ်အသစ်တွေထက် ပိုမိုလူကြိုက်များလာခဲ့ကြောင့် မစ္စတာ'ဇူကာဘာ့ဂ်'က ဆိုပါတယ်။
- ပြဿနာက Reels က အသုံးပြုသူတွေပိုများလာပေမယ့် ဝင်ငွေရရှိမှုမှာတော့ Instagram က သတင်းပို့စ်တွေ Story တွေလောက် မရရှိတာပဲဖြစ်ပါတယ်။
(၅) Metaverse အစီအစဉ်မှာ အလွန်အကျွံရင်းနှီးမြှုပ်နှံထားခြင်း
- metaverse စနစ်က အင်တာနက်လောကရဲ့ နောက်တဆင့်ဖြစ်လာမယ်လို့ မစ္စတာ'ဇူကာဘာ့ဂ်'က ယုံကြည်ထားပါတယ်။
- ဖြစ်တည်မှုပုံရိပ်ယောင်တွေနဲ့ ကမ္ဘာ့အနှံ့ကလူတွေ ဆက်သွယ်လုပ်ကိုင်ကြလိမ့်မယ်လို့ ယူဆထားတာကြောင့် metaverse ကို အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
- ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁၀ ဘီလီယံသုံးစွဲခဲ့ပြီး အနာဂတ်မှာလည်း ဒီထက်ပိုမိုသုံးစွဲသွားဖို့ မျှော်မှန်းထားပါတယ်။
(၆) တရားမျှတစွာယှဉ်ပြိုင်ရေးနဲ့ပတ်သက်ပြီး စွပ်စွဲခံရခြင်းများ
- ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်၊ တိုင်းရှေ့နေချုပ်တွေက Meta ကုမ္ပဏီကို စီးပွားရေးပြိုင်ဘက်အပေါ် မတရားပြုခဲ့လားဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။
- အမေရိကန်ရှိ ဥပဒေထုတ်ပြန်သူများက ကွန်ဂရက်မှဆောင်ရွက်ချက်တွေနဲ့ ပူးပေါင်းကာ တရားမျှတစွာယှဉ်ပြိုင်ရေးဥပဒေကို အတည်ပြုနိုင်ရေး လုပ်ဆောင်နေကြပါတယ်။
- Meta က လက်ဝါးကြီးအုပ်ခြယ်လှယ်နေတဲ့ လူမှုကွန်ရက်မဟုတ်ကြောင်း၊ TikTok, Apple, Google နဲ့ အခြားပြိုင်ဘက်များစွာနဲ့ အပြိုင်အဆိုင်ဖြစ်နေကြောင်း မစ္စတာ'ဇူကာဘာ့ဂ်'က ဆိုပါတယ်။
Source: The Straits Times
Published 5 Feb 2022
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က အမျိုးသားအားကစားရုံကြီးမှာ ၂၄ ကြိမ်မြောက်အိုလံပစ်ဆောင်းရာသီအားကစားပွဲတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၄ရက် သောကြာနေ့က ကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီဖွင့်ပွဲအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင် ဒါဇင်များစွာနှင့်အတူ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌသောမတ်စ် ဘက်ချ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့လည်းတက်ရောက်ကြပါတယ်။
Source CCTV Plus
Published 4 February 2022
တရုတ်နှင့်ရုရှားဆက်ဆံရေးကို ပိုမိုသန်စွမ်းအားကောင်းအောင်ဆောင်ရွက်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းကို ရောက်ရှိနေတဲ့ ရုရှားသမ္မတ ပူတင်နှင့်တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်။
သောကြာနေ့ညမှာကျင်းပတဲ့ ဘေဂျင်း၂၀၂၂အိုလံပစ်ဆောင်းရာသီအားကစားပွဲတော်ဖွင့်ပွဲမတိုင်ခင် ရှီဟာ ပူတင်နှင့် တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။
၂၀၁၄ခုနှစ်တုန်းက ဆိုချီအိုလံပစ်ဆောင်းရာသီအားကစားပွဲကို ရုရှားတွင်ကျင်းပခဲ့စဉ်က သူတက်ရောက်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးဟာ နောင်ရှစ်နှစ်ကကြာရင် ဘေဂျင်းမှာ ထပ်ဆုံကြမယ်လို့ သဘောတူခဲ့ကြတာကို ရှီကျင့်ဖျင်က ပြန်ပြောင်းပြောဆိုပါတယ်။
Source CCTV Plus
Published 4 February 2022
ကိုလံဘီယာပို့ဆောင်ရေးရဲတွေဟာ ဖေဖော်ဝါရီ (၁)ရက်က ကိုလံဘီယာအနောက်မြောက်ပိုင်း လာပင်တာဒါအရပ်က လမ်းတစ်လမ်းပေါ်မှာ မောင်းနှင်နေတဲ့ လူနာတင်ယာဉ်တစ်စီးပေါ်ကနေ ကိုကင်း ၁၂၀ ကီလိုဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီလူနာတင်ယာဉ်ပေါ်ပါလာတဲ့ သူက သူ့ကိုယ်သူ ဆရာဝန်တစ်ဦးလို့ပြောပါတယ်။ သူက ကိုဗစ်လူနာကို သယ်ဆောင်လာတာလို့ ရဲအရာရှိတွေက မေးမြန်းတဲ့အခါ ပြောခဲ့တာပါ။
Source AFP
Published 4 February 2022
နက်ဖလစ် Netflix ရဲ့ နံပါတ်(၁)ထိပ်ဆုံးကပြေးနေတဲ့ စီးရီးအသစ် "All Of Us Are Dead “ကျွန်ုပ်တို့အားလုံးသေဆုံးခဲ့ပြီ”ကို အဲဒီစီးရီးထဲမှာပါတဲ့ သွေးဆာနေတဲ့ ဖုတ်ကောင်တွေရဲ့မြင်ကွင်းတွေကြောင့် တစ်ကမ္ဘာလုံးကပရိသတ်တွေက နှစ်ချိုက် နေကြပါတယ်။ ဒါပေမယ့် လူငယ်ပရိသတ်တော်တာ်များများအတွက်တော့ အဲဒီမြင်ကွင်းတွေဟာ တောင်ကိုးရီးယားရဲ့ နာကျင်ခံစားရတဲ့ သတိရစရာတွေထဲက တစ်ခုဖြစ်တဲ့ သိပ်မကြာသေးခင်က ဖယ်ရီသင်္ဘောနစ်မြုပ်ခဲ့တဲ့ ကြောက်ဖက်ဖွယ် အကောင်းဆုံးဘေးဆိုးကြီးကို ပြန်ဖော်ထုတ်သလိုဖြစ်နေပါတယ်။
ကိုရီးယားစကားပြော အဲဒီစီးရီးထဲက ဇာတ်ဝင်ခန်းတော်တော်များများဟာ ၂၀၁၄ခုနှစ်တုန်းက လူပေါင်း၃၀၄ဦးသေဆုံးခဲ့ရဲတဲ့ ဆီဝေါင်းဖယ်ရီသင်္ဘောနစ်မြုပ်မှုဘေးဒုက္ခဆိုးကြီးကို နှလုံးကြေကွဲစရာ ပြန်လည်သတိပေးနေတယ်လို့ တွစ်တာမှာ ရေးသားနေကြ ပါတယ်။ အဲဒီသေဆုံးသူ ၃၀၄ဦးထဲမှာ ကလေးငယ်၂၅၀ပါဝင်ပြီး သူတို့လေးတွေဟာ ဆိုးလ်မြို့ဆင်ခြေဖုံးက အထက်တန်း ကျောင်းတစ်ကျောင်းထဲက ကျောင်းသားကျောင်းသူတွေပါ။
အဲဒီစီးရီးရဲ့ အပိုင်းသုံးပိုင်းကြည့်ပြီးတဲ့အခါ ဖယ်ရီနစ်မြုပ်ခဲ့တဲ့ကြေကွဲစရာဖြစ်ရပ်ကိုပဲ သူတို့ပြေးမြင်နေမိကြပါတယ်လို့ တွစ်တာမှာ တစ်ဦးကပြန်လည်မျှဝေထားပါတယ်။
“ကလေးတွေက အားကိုးတစ်ကြီးရှိခဲ့တဲ့ လူကြီးတွေက ကလေးတွေကို ဘယ်လောက်များလျစ်လျူရှုခဲ့ကြသလဲ” လို့ တွစ်တာမှာ ငိုယိုနေတဲ့ အီမိုဂျီအရုပ်ကလေသုံးရုပ်နှင့်အတူ ရေးတင်ထားပါတယ်။
အမ်ဗွီ ဆီဝေါင်းဖယ်ရီသင်္ဘောဟာ အင်ချီယွန်ကနေ ဂျေဂျူကို အသွားမှာ ၂၀၁၄ခုနှစ် ဧပြီ၁၆ရက်က နစ်မြုပ်ခဲ့ ရတာဖြစ်ပါတယ်။
ခရီးသည်တွေကို သင်္ဘောထဲဆက်နေပေးကြဖို့ ပြောပြီးတဲ့နောက် သင်္ဘောမာလိန်မှူးအပါအဝင် သင်္ဘောအမှုထမ်း တော်တော် များများက သင်္ဘောကိုစွန့်ပြီးကိုယ်လွတ်ရုန်းခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးမှာ လူတွေ ဒေါသူပုန်ထခဲ့ကြရပါတယ်။
ကိုးရီးယားရဲ့ ရို့ကျိုးတဲ့ ယဉ်ကျေးမှုဓလေ့ကြောင့် ကျောင်းသူကျောင်းသား အနည်ငယ်ကသာ အဲဒီအမိန့် အပေါ် မေးခွန်းထုတ်ခဲ့တဲ့အတွက် ကလေးတွေရာနှင့်ချီသေဆုံးခဲ့ရတာပါ။
အဲဒီဖြစ်ရပ်နှင့်ဆင်တူစွာပဲ “ ကျွန်ုပ်တို့အားလုံးသေဆုံးခဲ့ပြီ” ဆိုတဲ့ စီးရီးမှာ ဖုတ်ကောင်ဗိုင်းရပ်စ်တွေ က ကျောင်းကို သိမ်းပိုက်လိုက်တဲ့အခါ အထက်တန်းကျောင်းသူကျောင်းသားတွေဟာ သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်ဖို့ ကျန်ရစ်ခဲ့ကြပါတယ်။ကလေးတွေက အကူအညီသွားတေင်းကြတဲ့အခါ သူတို့ရဲ့ဆရာတွေတော်တော်များများဟာ အသုံးမကျ၊ အတ္တကြီးမားနေကြတာကို တွေ့ကြရပါတယ်။
ပြကွက်တော်တော်များများမှာ အဝါရောင်ဖဲကြိုးကလေးတွေကို အသားပေးဖော်ပြထားပါတယ်။ အဲဒီအဝါရောင်ဖဲကြိုးကို ဆီဝေါင်းကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးရဲ့ သင်္ကေတအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။
နောက်ပြကွက်တစ်ခုမှာ ကျောင်းသူကျောင်းသားတွေက သူတို့ရဲ့မိဘတွေထံ ဗွီဒီယိုမက်ဆေ့ချ်ရုပ်သံသွင်းနေကြတာကိုတွေ့ရ ပါတယ်။ သင်္ဘောနစ်တဲ့အခါ နောက်ဆုံးနှုတ်ဆက်တဲ့ဗွီဒီယိုမက်ဆေ့ချ်တွေပို့ကြတာကို သတိရစရာဖြစ်ပါတယ်။
“ကျွန်ုပ်တို့အားလုံးသေဆုံးခဲ့ကြပြီ” ဆိုတဲ့ စီးရီးကို ပြီးခဲ့တဲ့သောကြာနေ့က နက်ဖလစ်မှာ စတင်ပြသခဲ့တာပါ။ အဲဒီကားဟာ အခုဆို ကမ္ဘာ့နိုင်ငံပေါင်း ၉၁နိုင်ငံမှာ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဇာတ်ကားများထဲမှာ ထိပ်ဆုံး၁၀ကားစာရင်းမှာ နံပါတ်(၁) ချိတ်ထားပါတယ်။
နစ်ဖလစ်ရဲ့အဆိုအရ ပထမ(၃)ရက်အတွင်းမှာပဲ နာရီပေါင်း ၁၂၄.၇၉သန်းအထိကြည့်ရှုသူများခဲ့တယ်လို့ဆိုပါတယ်။ အခုဆို နက်ဖလစ်ရဲ့ လူကြိုက်များဆုံးစီးရီးဖြစ်လာပါပြီ။
ဒီစီးရီးမတိုင်ခင် စကွစ်ဂိမ်း ဟာ အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ အဲဒါကြောင့် နက်ဖလစ်ဟာ ၂၀၂၂ခုနှစ်အတွင်း ကိုးရီးယား စကားပြောစီးရီးပေါင်း၂၅ခုအထိ ထုတ်လွှင့်ပြသဖို့ရှိနေပါတယ်။
Source Insider
#WorldNews
#WorldBusiness
Published- 4 Feb 2021
မာ့ခ်ဇူကာဘတ်ဟာ ကြာသပတေးနေ့တစ်ရက်တည်းမှာပဲ သူ့ရဲ့ Meta Platform က စတော့ဈေးတွေထိုးကျသွားလို့ သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေထဲက ဒေါ်လာ ၂၉ဘီလျံဆုံးရှုးမှုဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဘီလျံနာ ဂျက်ဖ်ဘီဇော့ဗ်ဟာ အမေဇုန် Amazon ရဲ့ ဝက်ဝက်ကွဲဝင်ငွေတွေကြောင့် ဒေါ်လာ ၂၀ဘီလျံ ပိုပြီးချမ်းသာကြွယ်ဝသွားပါတယ်။
ဇူကာဘတ်ရဲ့ Metaဟာ အမေရိကန်ကုမ္ပဏီတစ်ခုအနေနှင့် တစ်ရက်တည်းမှာပဲ ဈေးကွက်တန်ဖိုးအများဆုံးထိုးကျတဲ့ ကုမ္ပဏီဖြစ်ခဲ့ရပါတယ်။ အဲဒီရိုက်ခတ်မှုကြောင့် အမှုဆောင်အရာရှိချုပ် ဇူကာဘတ်ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှု တန်ဖိုးဟာ ၈၅ဘီလျံသို့ကျဆင်းသွားတယ်လို့ Forbes မဂ္ဂဇင်းအရသိရပါတယ်။
ဇူကာဘတ်ဟာ ယခင်ဖေ့စ်ဘုတ်လို့သိကြတဲ့ အဲဒီနည်းပညာကုမ္ပဏီရဲ့ ရှယ်ယာ ၁၂.၈ ရာခိုင်နှုန်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။အမေဇုန် Amazonကို တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်တဲ့ ဘီဇော့ဗ်ဟာ ကုမ္ပဏီရဲ့ရှယ်ယာ ၉.၉ ရာခိုင်နှုန်းပိုင်ဆိုင်တယ်လို့ ရီဖီနီတစ်ပ်ဒေတာ အရသိရပါတယ်။ Forbes အဆိုအရ သူဟာ ကမ္ဘာ့တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။
အမေဇုန်ဟာ ရီဗီယန်ဆိုတဲ့ လျှပ်စစ်ကားကုမ္ပဏီမှာရင်းနှီးမြှပ်နှံလိုက်တဲ့အတွက် ယင်းရဲ့ အမြတ်တွေတက်လာပါတယ်။ ပြီးတော့ အမေရိကန်က လပေးကြည့်ရှုသူတွေရဲ့ နှုန်းထားတွေကိုလည်းမြှင့်မယ်လို့ဆိုထားတဲ့အတွက် သူ့ရှယ်ယာတွေ ၁၅ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။ဒါဟာ ၂၀၀၉ အောက်တိုဘာကတည်းကဆိုရင် အကြီးမားဆုံး အမြတ်ထွက်ရှိမှုဖြစ်ပါတယ်။
ဘီဇော့ဗ်ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုဟာ လွန်ခဲ့တဲ့တစ်နှစ်ကထက်စာရင် ၂၀၂၁ခုနှစ်မှာ ၅၇ ရာခိုင်နှုန်း ပိုချမ်းသာလာပြီး စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ၁၇၇ဘီလျံအထိရှိလာပါတယ်။ ကပ်ဘေးအတွင်း လူတွေဟာ အွန်လိုင်းဈေးဝယ်တဲ့အပေါ် အကြီးအကျယ်မှီခိုနေရတာကြောင့် ဝင်ငွေတွေအမြင့်ဆုံးတိုးတက်ရရှိလာခြင်းဖြစ်ပါတယ်။
ဆူကာဘတ်ဟာ အခုဆိုရင် ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတွေထဲမှာ အဆင့် ၁၂နေရာရရှိနေပါတယ်။ သူဟာ အိန္ဒိယက ထိပ်သီးတွေဖြစ်တဲ့ မူကက်ခ်အမ်ဘာနီနှင့် ဂေါ်တန်အက်ဒါနီတိုရဲ့ နောက်မှာရောက်သွားပါတယ်။
Source Reuters
Page 854 of 857