#World_Disaster
Published 10 February 2023

 

တူရကီနဲ့ ဆီးရီးယားတို့မှာ မြေငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး ၃ ရက်အကြာမှာ ကယ်ဆယ်ရှာဖွေရေးအဖွဲ့များက အသက်ရှင်ကျန်သူများကို အပျက်အစီးများကြား ပိုက်စိပ်တိုက်ရှာဖွေနေကြပါတယ်။

 

အဆိုပါငလျင်ကြောင့် သေဆုံးသူ ၂၁,၀၀၀ ကျော်ရှိကာ လူပေါင်းရာထောင်ချီ ဒဏ်ရာရ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး ချမ်းအေးလှတဲ့အပူချိန်ကြောင့် ရုန်းကန်နေကြရပါတယ်။

 

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြပေမယ့် အသက်ရှင်သူတွေကို ထပ်မံရှာတွေ့နိုင်ချေ နည်းပါးနေပါပြီ။

 

ငလျင်လှုပ်ပြီး ၇၂ နာရီအတွင်း အသက်ရှင်ကျန်ရစ်သူ ၉၀ ရာခိုင်နှုန်းလောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ယူဆရကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။

 

ငလျင်က လူတွေကိုသေစေတာမဟုတ်ဘဲ အဆောက်အအုံတွေပြိုကျလို့ သေရတာဖြစ်ကြောင်း လန်ဒန်တက္ကသိုလ်ကောလိပ် သဘာဝဘေးအန္တရာယ်ပရော်ဖက်ဆာ'အိုင်လန်ကယ်လ်မန်း'က ပြောကြားခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။

 

အရေးကြီးက အပျက်အစီးတွေကြားရှိနေတဲ့ လူတွေထံ အကူအညီရောက်ဖို့ဖြစ်ကြောင်း၊ သူတို့သွေးထွက်မလွန်ခင် ကယ်နိုင်ဖို့လိုကြောင်း ပြောပြသွားပါတယ်။

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး 'အန်တိုနီယိုဂူတာရက်စ်'က ငလျင်ဖြစ်ခဲ့တဲ့နေရာတွေသို့ အကူအညီများပိုမိုဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ပါတယ်။

 

ကုလအနေနဲ့ နယ်စပ်တစ်ခုမကဖြတ်သန်းတဲ့နေရာမှာ သွားလာခွင့်ပြုပေးဖို့ ကုလလုံခြုံရေးကောင်စီထံမှ ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။

 

ကုလမဟုတ်တဲ့ အဖွဲ့တွေက အခြားနေရာတွေကဖြတ်ပြီး အကူအညီပေးနေပြီဖြစ်ကြောင်း၊ ရသမျှနေရာတွေကနေဖြတ်ပြီး အကူအညီတွေပေးနိုင်ရင် အလွန်ကျေနပ်ရမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Source: WION
#Yangon_Media_Group